တနင်္သာရီတိုင်းတွင် နောက်နှစ်ရက်အထိ နေရာကွက်၍ မိုးကြီးနေဦးမည်

0
2236

တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နောက်နှစ်ရက်ခန့်အထိ (စက်တင်ဘာ ၇ ရက်အထိ) နေရာကွက်၍ မိုးကြီးနေဦးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ မွန်းလွဲပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားနည်းနေကြောင်း ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁ ရက်မှ ၁၀ ရက်နေ့အတွင်း တနင်္သာရီတိုင်းတွင် မိုးရွာရက် ၇ ရက်မှ ၉ ရက်ခန့်ရှိမည်ဖြစ်ပြီး ရွာသွန်းမြဲထက် မိုးထစ်ချုန်းရွာနိုင်သည်ဟုလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာ ၅ ရက်နေ့အထိ တနင်္သာရီတိုင်းအတွင်း နေရာကွက်ကျား မိုးထစ်ချုန်းရွာနေသည်မှာ ၅ ရက် ရှိပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နောက် ၂ ရက်ခန့်အထိ မိုးပိုနေမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့်မှ အားကောင်း နေသဖြင့် ယင်းနှင့်ဆက်စပ်နေသည့် တနင်္သာရီတိုင်းတွင် မိုးရက်ဆက်ရွာလာခြင်းဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ပြောဆိုသည်။

ကော့သောင်း၊ မြိတ်၊ ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်းစသည့် မြို့နယ်များတွင် ယခု နှစ်ရက်ဆက်တိုက် မိုးရွာနေပြီး ယနေ့ (စက်တင်ဘာ ၅) လည်း မိုးသည်းထန်စွာရွာနေကြောင်း ဒေသခံအချို့က ဆိုသည်။

“မနေ့က နည်းနည်းပဲရွာတယ်။ ဒီနေ့တော့ မိုးကြီးတယ်။ အခုစဲသွားပြီ” ဟု ကော့သောင်းမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

သရက်ချောင်းမြို့နယ် အောက်ပိုင်းတွင် စက်တင်ဘာ ၁ ရက်၊ ၂ ရက်၊ ၄ ရက်၊ ၅ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။

မနက်ဖြန်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းဒေသကြီး အပါအဝင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ရွာရန် ရာနှုန်းအပြည့်ဖြင့် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းအပြင် မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှေက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်သည်ဟုလည်း ဖော်ပြသည်။

မိုးသက်လေပြင်းကျစဉ် ရေပြင်၊ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်းလည်း ထုတ်ပြန်သည်။

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်း မြို့နယ်အချို့တွင် အမြင့်ဆုံးအပူချိန်များ စံချိန်ချိုးခဲ့သည်အထိ နေ့အပူချိန်များ မြင့်တက်ခဲ့ကြောင်း သိရသည်။