လယ်သစ်ရွာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ရွာလုံးကျွတ်ထွက်ပြေးနေရ

0
522
LaeThit

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၄) တိုက်ပွဲပြန်ဖြစ်ပြီး ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် စက်တင်ဘာလ ၃ ရက်နေ့က လယ်သစ်ကျေးရွာ အနောက်ကမ်းသို့ စစ်ကြောင်း ထိုးလာပြီးနောက် ယနေ့ နံနက် ၁၁နာရီဝန်းကျင်ကစပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လယ်သစ်အရှေ့ကမ်းသို့ ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

“အခုထိလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ။ ရွာသားအားလုံးက မနေ့ကတည်းက တောထဲဝင်ပြေးကုန်ကြပြီ” ဟု လယ်သစ်အရှေ့ကမ်းနေ ဒေသခံအမျိုးသမီးတစ်ဦးက ယနေ့ မွန်းလွဲ ၃ နာရီက ပြောဆိုသည်။

လယ်သစ်အရှေ့ကမ်းရှိ ဒေသကာကွယ်ရေးမဟာမိတ်တပ်များဘက်ကလည်း ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံများက ဆိုသည်။

တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများကြားနေရပြီး အထိအခိုက် ရှိမရှိဆိုသည်ကိုမူ မသိရသေးကြောင်း လယ်သစ် ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

လယ်သစ်အရှေ့ကမ်းကျေးရွာ ဒေသခံများသည် ယခင်လများက တိုက်ပွဲများကြောင့် နေအိမ်စွန့်ခွာကာ တောတောင် များအတွင်း တိမ်းရှောင်နေထိုင်ခဲ့ကြရပြီး ရွာတွင် ပြန်လည်နေထိုင်နေသည်မှာ သီတင်းနှစ်ပတ်ခန့်သာ ရှိသေးသည်။

လက်ရှိတွင် တိုက်ပွဲပြန်ဖြစ်သဖြင့် ပြန်လည်ထွက်ပြေးကြရပြန်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

လယ်သစ်ကျေးရွာသည် တနင်္သာရီမြစ်လက်တက်တစ်ခုပေါ်ရွာ တည်ရှိပြီး အိမ်ခြေတစ်ထောင်ဝန်းကျင်ရှိကာ အများစု သည် ဥယျာဉ်ခြံမြေနှင့် လယ်ယာလုပ်ကိုင်စားသောက်ကြသည်။