ဘတ်ဈေးအတက် တောင်ပိုင်းဂယက်

0
447

ထိုင်းနိုင်ငံနှင့် နီးကပ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံထုတ် ပစ္စည်းအသုံးများကြသည်။ ထားဝယ်-ထီးခီးကားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြသည်။

ယခုနှစ်ဧပြီလခန့်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ် ထီးခီးလမ်းကို ပိတ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။

လမ်းပွင့်နေစဉ်အချိန်ကဆိုလျှင် ထိုင်းနိုင်ငံမှ စားသုံးဆီ၊ အချိုမှုန့်၊ အသားမှုန့်၊ ပဲငံပြာရည်မှသည် စားသောက်ကုန်၊ လူသုံးကုန်များကို ဝယ်ယူသုံးစွဲကြသည်။

ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ပစ္စည်းများတွင် အုန်းသီး၊ သရက်သီး၊ ကြက်မောက်သီး၊ စပျစ်သီး၊ သရက်သီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ မလကာသီးများအပြင် ငရုတ်သီး၊ သံပုရာသီး၊ ကန်စွန်းရွက်မှအစ ထားဝယ်ဈေးကွက်တွင် ရှိသည်။

တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း သုံးခုရှိပြီး ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သည့် တိုင်းသူတိုင်းသား များစွာလည်းရှိသည်။

ယင်းကြောင့် တနင်္သာရီတိုင်းရှိ ဒေသများတွင် ထိုင်းနိုင်ငံမှထုတ်လုပ်သည့် လူသုံးကုန်နှင့် စားသောက်ကုန်များကို သုံးစွဲမှုများသလို နယ်စပ်ဒေသတွင် ထိုင်းဘတ်ငွေကိုလည်း အဓိထားသုံးစွဲကြသည်။

ယခုအခါ ဒေါ်လာဈေးနှင့် ဘတ်ဈေးအဆမတန် ထိုးတက်နေပြီး ကျပ်ငွေ တန်ဖိုးကျဆင်းနေမှုအပြင် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲကြောင့် ထိုင်းပစ္စည်းများ အဆမတန်ဈေးမြင့်မားလာနေသည်။

ယင်းကြောင့် တနင်္သာရီတိုင်းသားများမှာ ယခင်ကလို ထိုင်းနိုင်ငံထုတ်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်မှု မရှိတော့ဘဲ အခက်အခဲများ ကြုံနေရမှုကို သိရှိနိုင်စေရန် ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။

“တခုခုဝယ်ဖို့ဆို ဘုရားတနေရတယ်”

သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာမှ အသက် ၃၅ နှစ်ဝန်းကျင်ရှိ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦး

DW ။ အမတို့ အိမ်မှာနဲ့ ရွာမှာ လျှမ်းစာ (ထိုင်းပစ္စည်း) ဝယ်သုံးသူများလား။

ဖြေ ။ အရင်တုန်းကဆို လူတွေ အနည်းနဲ့အများကတော့ လျှမ်းစာ (ထိုင်းစာ) ပဲ ဝယ်သုံး တတ်တယ်လေ။ အခုချိန်မှာတော့ လျှမ်းစာ မပြောနဲ့ ဗမာစာကိုတောင် အနိုင်နိုင်ဖြစ်နေကြကို။

DW ။ ထိုင်းစာမှာဆို ဘယ်လိုဟာတွေ သုံးကြတာများလဲ။ ဆီ၊ မားမား၊ နို့ကတ်၊ အအေး၊ ငါးသေတ္တာ၊ ကန်စွန်းရွက်၊ သံပုရာသီးကအစ ထိုင်းကနေ တင်သွင်းကြတာရှိတယ်။ အဲဒီလိုဟာတွေ ဝယ်သုံးဖြစ်လား။

ဖြေ ။ အဲဒီလို သုံးကြတာရှိတယ်။ ကျွန်မတို့နားမှာလည်း ဝယ်သုံးကြတယ်။ လျှမ်းပြည်က ပြန်လာသူတွေဆိုတော့ လျှမ်းစာပဲ စားချင်တယ်။ ကောင်းတာတွေပဲ သုံးချင်တယ်ပေါ့။ အဲဒီလိုမျိုး၊ ဟိုး နှစ်ရက် သုံးရက်ခန့်က ငါးသေတ္တာ ၆၅၀ တန်ကို အခု ၁၅၀၀ ဖြစ်နေပြီဆို ပြောနေတဲ့ အသံကြားတယ်။ ကျွန်မတို့မှာတော့ အဲဒီလိုတော့ မဝယ်စားရဘူး။ အိမ်က ယောက်ျားက ထိုင်းကနေ စားစရာသောက်စရာ ပစ္စည်းတွေပါ နှစ်လကြာ တစ်ခါ သုံးလကြာ တစ်ခါ ပို့ပေးနေတာဆိုတော့၊ မုန့်တွေဘာတွေဆိုလည်း ကလေးတွေအတွက် ပို့ပေးနေတယ်ဆိုတော့၊ ငါးခြောက်တွေ ငါးဆားထိုး (ငါးဆားနယ်) တွေကအစ ဝယ်မစားရဘူး။ အိမ်ကလူတွေ ပေးနေတာဆိုတော့၊ အရင်တုန်းကနဲ့အခုက မတူတော့ဘူ။၊ မနှစ်က ပဲနို့တစ်ဗူးကိုမှ ၂၅၀ ပဲ၊ အခုက ၅၀၀ ဖြစ်သွားပြီတဲ့။ ပဲနို့ ပုလင်းနဲ့ ဘူးဆိုလည်း အရင်က တပုလင်းကို ၇၀၀ ကနေ အခု ၁၂၀၀ တဲ့။ အခုက ဘတ် ၁၀၀၀ ကို မြန်မာငွေ တစ်သိန်းလေ။ ကျွန်မလင် (အမျိုးသား) က ၅ ရက်ခြားတစ်ခါ လှေဝင်နေတာကိုး။ အဲဒီတော့ ဘတ် ၁၀၀၀ ကို တစ်သိန်းဖြစ်နေတယ်။ အိမ်ကို ငွေလွှဲလိုက်ဦးဆိုပြောလို့ သူလွှဲလာပေးတာ၊ (စက်တင်ဘာ ၁ ရက်နေ့က)  ဘတ် ၁၀၀၀ ပေးလိုက်တာကို လွှဲခပါအပြီး အိမ်ကို မြန်မာငွေ ၁၁၈၀၀၀ ရောက်လာတယ်။

DW ။ အခု ဘတ်ဈေးတက်နေတော့ ဘယ်လို ရိုက်ခတ်မှုတွေဖြစ်လာလဲ။ ဘယ်လို အခက်အခဲတွေဖြစ်လာလဲ။

ဖြေ ။ တခုခုဝယ်ဖို့ဆို ဘုရားတနေရတယ်။ ကျွန်မမှာတော့ အဆင်ပြေနေသေးတယ်ဆို ပြောရမယ်။ အဝေးကနေပြီး သားသမီးတွေရှိတာမျိုး၊ လင်တွေသားတွေရှိတာမျိုး တစ်လကို ပိုက်ဆံ ၅ သိန်းပေးတယ်ထားဦး မလောက်ဘူး။ တစ်လကို ၅ သိန်းနဲ့ စားလို့မလောက်ဘူး။ ဘာလို့လဲဆိုတော့ အခု A1 တစ်အိတ်ကို လွန်ခဲ့တဲ့ နှစ်လ သုံးလခန့်က (ဧပြီ-မေ လခန့်က) ၁၃၅၀၀ ကို အခု ၂၉၀၀၀ ဖြစ်သွားပြီတဲ့၊ အဆပြန်တွေပဲ လိုက်တက်တယ်သူ့ဟာက ၊ တစ်ဆ နှစ်ဆ အဲလိုမျိုး အဆပြန်တွေချည်းလိုက်တက်တယ်။ လုံးဝ နေလို့ အဆင်မပြေဘူး။ ဟိုကတော့ မှန်တယ်လေ၊ တစ်လကို ပိုက်ဆံ ၅ သိန်းဆို ၅ သိန်း၊ ၆ သိန်းဆို ၆ သိန်း ပေးလိုက်တာပဲ။ ဒီမှာက ပိုက်ဆံ ၁ သိန်းကိုင်ပြီး လမ်းထွက်သွားကြည့် မလောက်ဘူး။ ၂ သိန်းလောက်ပါမှ ကိုယ်လိုချင်တာလေးတွေ ရလာတယ်။ ပိုက်ဆံ ၁ သိန်းနဲ့ ဘာမှ လုပ်မရဘူး။ စက်သုံးဆီ ဆိုင်ကယ်ထဲ တစ်ဂါလံလောက်ထည့်ရင်ပဲ တစ်သောင်းကျော်နေပြီလေ။ ရော်ဘာတောခုတ်ဖို့ မပြီးနိုင်လို့ ကျွန်မမှာ ၁၆၅၀၀ ပေးပြီးဝယ်လာရတယ်။ စားဖို့ ဆီတစ်ဗူး (၂ လီတာကျော်) ကိုလည်း တစ်သောင်းကျော်ပဲ။ နိုင်ငံခြားကလူက ပေးလိုက်တာတော့ မှန်တာပဲ။ ဒီမှာ မြန်မာငွေက လုံးဝ တန်ဖိုးမရှိဖြစ်သွားပြီ။

DW ။ တစ်နေ့စာအတွက်ဆို ပိုက်ဆံ ဘယ်လောက်လိုလဲ။

ဖြေ ။ တစ်နေ့စာအတွက် ပိုက်ဆံ တစ်သောင်းမရှိရင် မရဘူး၊ ပြီးတော့ အခုကာလက အခြေအနေမကောင်းတဲ့ ကာလမို့ အလုပ်လုပ်စားလို့ မရတဲ့ ကာလလေ။ ပိုက်ဆံက နိုင်ငံခြားက ပို့ပေးသမားရှိတယ်ဆိုပေမယ့် သူပေးလိုက်တာ ကိုယ်ကစား အဲဒါနဲ့ပဲ တစ်လ တစ်လကို မနည်းလုပ်နေရတယ်။ ကျွန်မမှာဆို လတိုင်း တစ်လကို ကျပ်‌ခြောက်သိန်းရတယ်။ ဆိုင်ကယ်နဲ့သွားလာရင်လည်း ဆိုင်ကယ်ပြင်ခက လိုသေးတယ်။ ကျွန်မမှာက နည်းနည်းတော်သေးတယ်။ ငါးတွေ အသားတွေဆိုလည်း ကျွန်မမှာ မဝယ်စားရဘူး။ တောမှာနေတယ်ဆိုတော့ ချည်ပေါင်ရွက်ဟင်းနဲ့ ငါးခြောက်ဖုတ်လေးနဲ့ အဆင်ပြေသလို စားလိုက်ရတာပေါ့နော်။ လင်က ပေးလိုက်တဲ့ ငါးခြောက်တွေ ငါးဆားထိုးတွေကို ပုံးနဲ့ ထည့်သိပ်ပြီး စားတယ်။ ကျွန်မထက် အဆင်မပြေတဲ့လူတွေရှိတယ်။ လင်တစ်ယောက်ပဲ နိုင်ငံခြားမှာ လုပ်စားသူရှိပြီး အိမ်မှာကျ သားသမီး နှစ်ယောက်သုံးယောက် နဲ့ အမေအိုတစ်ယောက်နေတယ်ဆိုရင် ပိုက်ဆံဆို ပိုက်ဆံတစ်မျိုးတည်း လွှဲပေးတဲ့သူတွေဆို ပိုပြီး အဆင်မပြေဘဲဖြစ်တယ်။ ပို့လိုက်တဲ့ငွေထဲကပဲ စားဖို့ရော၊ မုန့်ဖိုးရော၊ ကျန်းမာရေးဖြစ်လာ ဆေးဖိုးဝါးခရော ဒီထဲကပဲ အားလုံးဆိုတော့ မခံနိုင်ဘူး။

ကျွန်မတို့ရွာတွေမှာက တစ်လစာ ဝယ်ထားတယ်။ တစ်ခါတလေ ငါးသည် အသားသည်လာရင်တော့ ဝယ်စားဖြစ်တယ်။ နိုင်ငံခြားမှာ တစ်ယောက်ပဲ လုပ်စားသမားရှိတယ်ဆိုရင် သူပေးလိုက်တဲ့ ပိုက်ဆံ ဒီမှာ အားလုံးကုန်သွားတယ်။ လျှမ်းပြည်ကတော့ ဘတ် ၁၀၀၀ ကို မြန်မာငွေ ၁ သိန်းပေးလိုက်တာမှန်တယ်။ ဒါပေမဲ့ ကိုယ့် ဗမာပိုက်ဆံက လုံးဝကို တန်ဖိုးမရှိတာကြောင့် ငွေကြေးတန်ဖိုး အရမ်းကိုကျနေတော့ အဲဒီ ၁ သိန်းနဲ့ ဈေးသွားဝယ်ရင် ဘာမှကို မရဘူး။ ကျွန်မတို့ရွာကမှာကလည်း တစ်ဆိုင်ပဲရှိတယ်ဆိုတော့ သူများဆိုင်တွေမှာထက် ပိုပြီးဈေးကြီးတယ်။

အရင်တုန်းက ဆိုင်ကယ်နဲ့လာရောင်းတဲ့ ဈေးအသည်မှာလေ ငါးတစ်ကောင် ကိုင်လိုက်ရင် ၁၅၀၀-၂၀၀၀ ပဲမလား၊ အခုက ၆၀၀၀ တဲ့၊ ပလာတူးငါးကိုတောင် ၂ ကောင်ကို ၁၀၀၀- ၁၅၀၀ ပေးရတယ်။ ရပ်ထဲရွာထဲမှာ အနည်းနဲ့ အများက ညည်းနေကြတဲ့ လူတွေချည်းပဲ။ ဘာလို့လဲဆိုတော့ အဆင်ပြေနေတဲ့လူတွေလည်း မရှိဘဲကိုး။ အခု အိမ်မှာလုပ်ငန်းရှိလည်း လုပ်စားလို့မရဘူးလေ။ (နယ်မြေ မအေးချမ်းတာကြောင့် တောအလုပ် တောင်အလုပ်တွေ လုပ်စားမရတာကိုဆိုလိုသည်။) နိုင်ငံခြားက ပို့မှ စားရဖို့လေ။ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူ မရှိတဲ့သူတွေဆို ဘယ်လိုစားမလဲ။ အိမ်မှာလည်း လုပ်ငန်းရှိပေမယ့် လုပ်စားမရဘူးလေ။ ကိုယ်တွေမှာ လုပ်ငန်းရှိပေမယ့် လုပ်မစားရပေမယ့်လည်း နိုင်ငံခြားမှာ သွားလုပ်စားနေတဲ့ ယောက်ျားရှိနေလို့ တော်သေးတယ်။ နိုင်ငံခြားမှာလည်း လုပ်စားသူမရှိဘူး။ အိမ်မှာလည်း လုပ်ငန်းရှိရက်နဲ့ လုပ်စားမရတဲ့သူတွေက ကိုယ့်ထက်တောင် ဒုက္ခဖြစ်သေးတယ်။

သူတို့တွေမှာ အကြွေးနဲ့ ၁၀၀ တန်ကို ၂၀၀ ပေးပြီးလည်း ဝယ်စားရတာပဲ။ ၂၀၀ တန်ကို ၄၀၀ ပေးပြီးလည်း ဝယ်စားရတာပဲ။

DW ။ နိုင်ငံခြားမှာ လုပ်စားသူရှိတဲ့လူတွေအတွက် ဘတ်ဈေးတက်လာတာ ကောင်းတယ်လို့ ပြောလို့ရမလား။

ဖြေ ။ ကောင်းတယ်လို့ ပြောလို့မရဘူး။ ဘာလို့လဲဆိုတော့ ဘတ် ၁၀၀၀ ကို မြန်မာငွေ တစ်သိန်းရတယ်ထားဦး။ မြန်မာငွေ တစ်သိန်းက မြန်မာပြည်မှာ တန်ဖိုးမရှိဘူးလေ။ အဲဒီတော့ ကောင်းတယ်လို့ပြောလို့မရဘူး။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ပိုက်ဆံ ၅၀၀၀ ရှိရင် တနေ့စားလို့လောက်တယ်။ အခုက ပိုက်ဆံ ၁၀၀၀၀ နဲ့ တနေ့စားလို့ မလောက်ဘဲဖြစ်လာတယ်။

အရင်တုန်းက လွန်လာတဲ့ တစ်နှစ်လောက်ခန့်က ထိုင်းနိုင်ငံက သွင်းလာတဲ့ စားသုံးဆီ တလီတာဘူးဟာ ၃၀၀၀ ပဲ အခုက တလီတာကို ၆၇၀၀ ဖြစ်နေပြီ။ မျက်စိမားမား (မျက်လုံးတံဆိပ် ခေါက်ဆွဲထုပ်) တစ်ထုပ်ကို အရင်က ၃၀၀ ကျပ်၊ အခုက ၆၅၀ ကျပ်ထိဖြစ်နေတယ် ပြောတယ်။

ကျွန်မတို့ရွာတွေမှာ လျှမ်းစာပဲကြိုက်ကြတယ်။ မြန်မာစာ ပစ္စည်းတစ်ခုက ၁၂၀၀ လျှမ်းစာက ၁၅၀၀ ဆိုရင် နေပါစေ ပိုက်ဆံ ၃၀၀ ပိုချင်ပိုပစေ လျှမ်းစာပဲပေးဆိုပြီး ကျွန်မတို့နားက အဲလိုမျိုးပဲ ဝယ်ကြတယ်။ လျှမ်းစာဖြစ်ရင် ရပြီ။ အခုဆို ထိုင်းပစ္စည်းဈေး မေးချလို့တောင် မရဲဘူး။

အခုနားက ကျွန်မသူငယ်ချင်း ပိုက်ဆံ တစ်သိန်းနဲ့ ညောင်ဇင်ကိုထွက်ပြီးဈေးသွားဝယ်တာ ဆန်အိတ်တစ်အိတ်ပဲ ရတယ်တဲ့၊ ပိုက်ဆံ တစ်သိန်းယူသွားတာ ဘာမှမယ်မယ်ရရ မရဘူးတဲ့။ လိုချင်တာ ရဖို့ဆိုရင် နောက်ထပ် တစ်သိန်းလောက် ထပ်ယူသွားမှရဖို့တဲ့။ မျက်စိမားမား ၅ ထုတ်နဲ့ အအေးတစ်ကတ်ဝယ်ဖို့ ပိုက်ဆံမလောက်တော့လို့ ဆိုင်ကလည်း ဝယ်နေကြဆိုင်ဆိုတော့ အကြွေးယူလာဖို့ နောက်တစ်ပတ်လာရင် ပေးမယ်လို့ပြောတာ ဆိုင်ရှင်က နင့်ကိုတော့ ဒီဈေးနဲ့ပေးလိုက်တာပဲ။ ငါတို့က နောက်တစ်ပတ်ပြန်ဝယ်ရင် ဒီထက်ဈေးကြီးတော့မယ်ဆို ပြောတယ်တဲ့။ အဲဒီလိုနဲ့ အားနာပြီး မယူလာဖြစ်တော့ဘူးတဲ့။

“ရတဲ့မြန်မာငွေကို ဘတ်နဲ့လဲပြီး ပြန်သုံးရတာ”

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်နယ်စပ်မှ အသက် ၄၀ ကျော်ရှိ အစိုးရဝန်ထမ်းတစ်ဦး

DW ။ မောတောင်မှာ နေတာကြာပြီလား။ ဘာတွေလုပ်ကိုင်စားသောက်ပါသလဲ။

ဖြေ ။ နေတာတော့ ငါးနှစ်ကျော်ကျော်ပဲသေး။ အလုပ်က ဝန်ထမ်းအလုပ်ပါ။

DW ။ ဝန်ထမ်းဆိုတော့ လစာက မြန်မာကျပ်‌ငွေနဲ့ ရတာထင်တယ်။ ခုအချိန်က ဘတ်ဈေးတွေ တအားတက်များနေတာဆိုတော့ ဘာအခက်အခဲတွေကြုံရပါသလဲ။

ဖြေ ။ မြန်မာငွေနဲ့ ရတဲ့သူတွေဆိုတော့ ဘတ်ဈေးတက်တော့ ဘာမှမကျန်တော့ဘူး။ ရတဲ့မြန်မာငွေကို ဘတ်နဲ့လဲပြီး ပြန်သုံးရတာ။ ဒီမှာက ဘတ်ပဲအသုံးများတယ်။ မြန်မာငွေနဲ့ပေးရင် ဘတ်ဈေးနဲ့တွက်ပြီးယူတာ။ ဘတ်ဈေးတွေတက်လာလေလေ ချွေတာပြီးသုံးရလေလေပဲ။

DW ။ ကုန်ဈေးနှုန်းတွေတက်နေတာကရော ဘယ်လို အခက်အခဲတွေ ကြုံရပါလဲ။

‌ဖြေ ။ ထိုင်းဘက်ကလာတဲ့ အစားအသောက်ရော၊ မြန်မာဘက်ကတွေ‌ရော အကုန်ဈေးတက်တာချည်းပဲ။ ငွေတစ်သိန်းမှာ ဘတ်တစ်ထောင်ကျော် တစ်ထောင်နှစ်ရာလောက်ပဲ ရတာဆိုတော့ ရတာလေးနဲ့ပဲ ဒီလိုပဲ လောက်ငအောင် ဝယ်ခြမ်းစားသောက်နေရတာပါ။ ကြွေးတင်တာမျိုးတော့ မရှိသေးဘူး။ နေစရာလည်းရှိနေတော့ သိပ်တော့ မပူရဘူးပေါ့။

DW ။ ဘတ်ဈေးတွေ ဆက်တိုက်လိုလို တက်နေတဲ့အပေါ်မှာရော ဘာလိုမြင်ပါသလဲ။

ဖြေ ။ ဒီလိုမျိုး ဘတ်ဈေးတက်တာက တစ်ခါမှမကြုံဖူးဘူး။ ဘတ်ဈေးတွေ တအားတက်တော့ မြန်မာငွေနဲ့ ရတဲ့သူတွေ ထဲက တချို့တလေ ဒုက္ခရောက်ကြတာပေါ့။ ငွေလဲဈေးက ဒီဈေးအတိုင်း အမြဲငြိမ်နေမယ်မထင်ဘူး။ ကျဦးမှာလို့ ထင်တယ်။ ကျတဲ့အချိန်တော့ ရှိလာမှာပါ။