ပေါင်မြို့မရဲစခန်း တိုက်ခိုက်ခံရ

0
2081

မွန်ပြည်နယ်၊ ပေါင်မြို့  မြို့မရဲစခန်း တိုက်ခိုက်ခံရကြောင်း မြို့ခံအချို့တို့၏ ပြောပြချက်အရ သိရသည်။

ပေါင်မြို့ ရဲစခန်းကို စက်တင်ဘာ ၃ ရက်နေ့ ညနေ ၆ နာရီ‌အချိန်ခန့်က  အမည်မသိလက်နက်ကိုင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 ”ညနေ ၆ နာရီကျော်ကျော်လောက်မှာ ဗုံးပေါက်သံ အကျယ်ကြီး ကြားရတယ်။  ပြီးတော့မှ သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ ၁၀ ချက်လောက်ရှိမယ် ပစ်နေတာ” ဟု  မြို့ခံတစ်ဦးက ပြောသည်။

ပေါင်မြို့မရဲစခန်းကို လောင်ချာဗုံးဟုယူဆရသည့် လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် ရဲစခန်းဘက်က   လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။

အဆိုပါ ရဲစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထိခိုက်သေဆုံးမှု အခြေအနေကို မသိရှိရသေးပေ။

မြို့မရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က လုံခြုံရေး တင်းကျပ်ထားသည့်အပြင် ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေသည်။

ယင်းသို့ပင် ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကလည်း ခေါဇာမြို့ရဲစခန်းကို ဒေသတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ယင်းပြင် မွန်ပြည်နယ်အတွင်းရှိ ရေးမြို့မရဲစခန်း၊ သံဖြူဇရပ်မြို့မရဲစခန်း၊ ဘီးလင်းမြို့မရဲစခန်း အစရှိသည့် ရဲစခန်းတိုကို ဒေသတော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။