ပုလောတွင် ဒလန်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

0
264

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သင်္ကန်းတောကျေးရွာတွင် ဒလန်ဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။

စက်တင်ဘာလ ၃ ရက်ညက သင်္ကန်းတောရွာရှိ နာရေးအိမ်တွင် ဖဲကစားရန် ရောက်ရှိနေသည့် အသက် ၃၀ အရွယ် ကိုဘိုဘိုကို အမည်မသိ သေနတ်သမားများကလာရောက် ပစ်သတ်သွားသည်ဟု ဒေသခံများကပြောသည်။

ယင်းအလောင်းကို ယနေ့နံနက် ၈ နာရီအထိ လာရောက်သယ်ယူသူ မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“သူကစစ်တပ် သတင်းပေး ဒလန်လုပ်တယ်။သူ့ကြောင့်လည်း ပြည်သူတစ်ဦး အသတ်ခံရဖူးတယ်”ဟု မင်းထိန်ရွာနေ အမျိုးသား ကဆိုသည်။

မင်းထိန်ရွာနှင့် သင်္ကန်းတောရွာသည် ရွာခြင်းစပ်ကျေးရွာဖြစ်သည်။

အသတ်ခံရသူသည် ကဒဲကျေးရွာသားဖြစ်ပြီး သင်္ကန်းတောရွာတွင် လာရောက်တိမ်းရှောင်နေသူဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

“သူများသွားမရဲတဲ့နေရာသူသွားတယ်။ စစ်တပ်လာရင်လည်း နည်းပေးလမ်းပြ လုပ်တယ်”ဟု ကဒဲရွာသား အမျိုးသားကပြောသည်။

ဒေသခံများကို မေးမြန်းမှုအရ ဒလန်ဟုပြောဆိုကြကြောင်း သိရှိရသော်လည်း Dawei Watch အနေဖြင့် သီးခြားအချက်အလက်များ မရရှိသေးသလို ၎င်းကိုမည်သည့်အဖွဲ့ ပစ်သတ်ခဲ့သည်ကိုလည်း သိရှိခြင်းမရှိသေးပေ။

ပုလောတွင် စစ်ကောင်စီတပ်သတင်းပေး ဒလန်များအား ပုလောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ မကြာခဏလာရောက်ရှင်းလင်း လေ့ရှိကြောင်း ဒေသခံများ ထံမှသိရသည်။