တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
356

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

သြဂုတ်လ ၂၇ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ

အီရတ်မှာ အစိုးရအိမ်တော်ဝင်စီး၊ ၁၅ ယောက်သေဆုံး

သြဇာကြီးမားတဲ့ အီရတ် ရှီးယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦး ရာထူးမှနှုတ်ထွက်ပြီးနောက် ဆန္ဒပြသူတွေက ဘဂ္ဂဒတ်မြို့တော်ရှိ အစိုးရိအိမ်တော်ကို စီးနင်းတိုက်ခိုက်ရာ လူ ၁၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရှီးယိုက် (Shiite) ဘာသာရေးခေါင်းဆောင် မွတ်တာဒါအယ်ဆာဒါ (Muqtada al-Sadr) က နိုင်ငံရေးမှနှုတ်ထွက်တယ်လို့ ကြေညာပြီး ပါတီရုံးတွေပိတ်သိမ်းဖို့ ညွှန်ကြားပြီးနောက် ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက ဘဂ္ဂဒတ်မြို့တော်ရှိ အစိုးရအိမ်တော်ကို စီးနင်းခဲ့ရာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံး၊ သေနတ်နဲ့ပစ်ခတ်ကာ ဖြိုခွင်းတာကြောင့် ဆန္ဒပြသူအများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

အီရတ်အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာ ညမထွက်ရအမိန့်ကို ကြေညာခဲ့ပြီး အိမ်စောင့်အစိုးရ ဝန်ကြီးချုပ်က အစိုးရအဖွဲ့ အစည်းအဝေးတွေကို ရပ်ဆိုင်းခဲ့ပါတယ်။

Ref: DW

————————————–

အမေရိကန်စစ်သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားကနေ ဖြတ်သန်းမောင်းနှင်

အမေရိကန်စစ်သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းမောင်းနှင်နေတယ်လို့ အမေရိ ကန်ရေတပ်က ကြေညာလိုက်ပါတယ်။

ဒီလအစောပိုင်းမှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး ထိုင်ဝမ်နဲ့ တရုတ်ကြား တင်းမာမှုတွေ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ရေကြောင်းမောင်းနှင်မှုဖြစ်ပါတယ်။

ခရုဇာပဲ့ထိန်းဒုံးတွေတပ်ဆင်ထားတဲ့ USS Antietam နဲ့ USS Chancellorsville တို့က အပြည်ပြည်ဆိုင် ရာ ရေပိုင်နက်အတွင်း လွတ်လပ်သောရေကြောင်းမောင်းနှင်မှုကို သရုပ်ပြသနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

စစ်သင်္ဘောနှစ်စင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အမြင့်ဆုံးအဆင့် တပ်လှုန့်ထားတာ ဘယ်လိုရန် စမှုမျိုးကိုမဆို ဖြိုခွင်းဖို့အသင့်ဖြစ်နေပြီလို့တရုတ်စစ်တပ်က ဩဂုတ်လ ၂၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

Ref: BBC

————————————–

ထိုင်းဝန်ကြီးချုပ် ပရာယွတ် ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူ

ကာကွယ်ရေးဝန်ကြီးအဖြစ် ဆက်လက်တာဝန်ယူမယ်လို့ ရာထူးကနေရပ်ဆိုင်းခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက လူမှုကွန်ရက်မှာ ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ပရာယွတ်ရဲ့ ရာထူးသက်တမ်းကို သုံးသပ်နေစဉ် ဝန်ကြီးချုပ် ရဲ့ တာဝန်တွေကိုဆိုင်းငံ့ဖို့ ညွှန်ကြားပြီးတဲ့နောက် ပြည်သူလူထုသို့ပြောကြားတဲ့ မိန့်ခွန်းတစ်ခုအတွင်း သူက ပြော ကြားခဲ့တာပါ။

ဒုတိယဝန်ကြီးချုပ် ပရာဝစ်ဝန်ဆုဝန်က ထိုင်းနိုင်ငံရဲ့ ယာယီဝန်ကြီးချုပ်အဖြစ် လက်ရှိ တာဝန်ထမ်းဆောင်နေပါတယ်။

၂၀၁၄ ခုနှစ် အာဏာသိမ်းမှုပြီးနောက် အာဏာရရှိလာခဲ့တဲ့ ပရာယွတ်ရဲ့ ဝန်ကြီးချုပ်သက်တမ်းကျော်လွန်မှုကို သုံးသပ်ဖို့ အတိုက်အခံပါတီရဲ့ အသနားခံတင်ပြမှုကို ခုံရုံးက လက်ခံခဲ့ပြီး ရာထူးကနေ ဆိုင်းငံ့ခဲ့ပါတယ်။

Ref: REUTERS

————————————–

ပါကစ္စတန်မှာ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် ၆၂ မိုင်ကျယ်တဲ့ ကုန်းတွင်းရေအိုင်ကြီး ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံမှာ စံချိန်တင် ရေကြီးရေလျှံမှုကြောင့် အိန္ဒုမြစ် ရေလျှံပြီး ဆင်းဒ်ပြည်နယ်မှာ ကီလိုမီတာ ၁၀၀ ကျယ်ဝန်းတဲ့ ကုန်းတွင်းရေအိုင်ကြီးဖြစ်ပေါ်လာတာကို ဂြိုဟ်တုဓာတ်ပုံသစ်တွေက ဖော်ပြနေပါတယ်။

ဇွန်လနောက်ပိုင်း ပါကစ္စတန်နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံခဲ့လို့ လူ ၁၁၆၂ ဦး သေဆုံးခဲ့ပြီး ရေဘေးသင့်သူ ၃၃ သန်းအထိ ရှိခဲ့ပါတယ်။

ဆင်းဒ်နဲ့ ဘာလိုချီစတန်ပြည်နယ် ၂ ခုလုံးမှာ ပျမ်းမျှမိုးရေချိန်ရဲ့ ၅၀၀ ရာခိုင်နှုန်းအထိ မိုးပိုမိုရွာသွန်းခဲ့ပြီး ရွာလုံးကျွတ် ရေဖုံးလွှမ်းခဲ့သလို အဆောက်အအုံတွေ ပျက်စီးတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာတွေ ကြုံခဲ့ရပါတယ်။

Ref: CNN

————————————–

လာမယ့်အော်စကာဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ကမ်းလှမ်းချက်ကို ခရစ်ရော့ခ် ငြင်းဆို

ဟာသသရုပ်ဆောင် ခရစ်ရော့ခ် (Chris Rock) ဟာ ၂၀၂၃ ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။

အခုနှစ်ဆုပေးပွဲမှာ မင်းသား ဝီလ်စမစ် (Will Smith) ရဲ့ပါးရိုက်တာကို ခံခဲ့ရပြီးနောက် (၅) လအကြာမှာ ဒီကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ဆုပေးပွဲကို ပြန်သွားတာက မှုခင်းဖြစ်ပွားတဲ့နေရာကို ပြန်သွားသလိုမျိုးဖြစ်လိမ့်မယ်လို့ Stand-up comedy Show ပွဲကြည့်ပရိသတ်တွေကို ခရစ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သူက အမေရိကန်ဘောလုံးသမားဟောင်း အိုဂျေ ဆင်ပ်ဆန်ရဲ့ဇနီးဖြစ်သူ နီကိုးလ်ဘရောင်းဆင်မ်ဆန် (Nicole Brown Simpson) အသတ်ခံရပြီး သေဆုံးခဲ့တဲ့အဖြစ်အပျက်ကို ရည်ညွှန်းပြီးတော့ ပြောခဲ့တာပါ။

Ref: Arizona Republic

————————————–

ဆိုဗီယက်ခေါင်းဆောင်ဟောင်း ဂေါ်ဘာချက်ဗ် ကွယ်လွန်

စစ်အေးကာလကို ငြိမ်းချမ်းစွာ အဆုံးသတ်စေခဲ့တဲ့ ဆိုဗီယက်ခေါင်းဆောင်ဟောင်း မီခေးလ်ဂေါ်ဘာချက်ဗ် (Mikhail Gorbachev) ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

၁၉၈၅ ခုနှစ်မှာ အာဏာရခဲ့တဲ့ ဂေါ်ဘာချက်ဗ်ဟာ ဆိုဗီယက်ပြည်ထောင်စုကို ကမ္ဘာကြီးနဲ့ ထိတွေ့စေခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ခဲ့သူပါ။

ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲသွားတာကို မတားဆီးနိုင်ခဲ့ဘဲ မျက်မှောက်ခေတ် ရုရှားနိုင်ငံ ဖြစ်ပေါ်လာခဲ့တာပါ။

ဂေါ်ဘာချက်ဗ်က သမိုင်းကြောင်းကို ပြောင်းလဲစေခဲ့သူဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဆိုပါတယ်။

ဂေါ်ဘာချက်ဗ်ဟာ စစ်အေးကာလတင်းမာမှုတွေ ရှိနေတဲ့ကြားကတောင် ကွဲပြားခြားနားတဲ့ အနာဂတ်ကို စိတ်ကူးပုံဖော်နိုင်စွမ်းရှိတဲ့ ရှားရှားပါးပါး နိုင်ငံရေးသမား၊ နိုင်ငံ့ခေါင်းဆောင်တစ်ယောက် ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဂုဏ်ပြုခဲ့ပါတယ်။

Ref: BBC

————————————–

VMAs ဆုပေးပွဲမှာ Best K-pop ဆု ရရှိခဲ့တဲ့ Lisa

နာမည်ကြီးကေပေါ့ပ်အဖွဲ့ BLACKPINK ရဲ့ အဖွဲ့ဝင် လီဆာ (Lisa) ဟာ ၂၀၂၂ ခုနှစ်ရဲ့ MTV Video Music Awards (VMAs) မှာ Best K-pop ဆုကြီးကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဒီဆုပေးပွဲကို နယူးဂျာစီပြည်နယ်က Prudential Center မှာ ဩဂုတ်လ ၂၈ ရက်နေ့က ကျင်းပပြုလုပ်သွားခဲ့တာပါ။

လီဆာကတော့ သူ့ရဲ့တစ်ကိုယ်တော်သီချင်း LALISA နဲ့ “Best K-pop” ဆုကို ရရှိသွားခဲ့တာပါ။

လီဆာက ကေပေါ့ပ်သမိုင်းတစ်လျှောက်မှာ အဲဒီဆုကို ရရှိတဲ့ ပထမဆုံး တစ်ကိုယ်တော်အဆိုရှင် ဖြစ်လာခဲ့ပါတယ်။

အဖွဲ့ဝင်လီဆာ ဆုကြီးမသိမ်းပိုက်ခင် BLACKPINK အဖွဲ့ကလည်း “Best Metaverse Performance” ဆုကို ဆွတ်ခူးခဲ့ပါသေးတယ်။

Ref: allkpop

————————————–

 ရုရှားနိုင်ငံသားတွေ ခရီးသွားလာခွင့် စည်းမျဉ်းတွေကို အီးယူ တင်းကျပ်

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးတွေကနေ မော်စကိုနဲ့ ၎င်းတို့ကြားရှိ ပြည်ဝင်ခွင့် ဗီဇာကို အဆင်‌ပြေပြေရရှိဖို့ သဘောတူညီချက်ကို ဩဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့မှာ ရပ်ဆိုင်းခဲ့ပါတယ်။

ဒါဟာ ရုရှားနိုင်ငံသားတွေ ဥရောပသို့ ခရီးသွားနိုင်မဲ့ ရှမ်ဂမ်ဗီဇာ (Toughens Visa) ရယူခွင့်ကို ခက်ခဲအောင် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ယူကရိန်းနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေက တောင်းဆိုထားတဲ့ ရုရှားနိုင်ငံသားတွေကို အီးယူ ဗီဇာပိတ်ပင်ဖို့ ဥရောပသမဂ္ဂက သဘောတူညီခဲ့ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ပိုလန်နဲ့ ဖင်လန်နိုင်ငံတို့က ရုရှားနိုင်ငံသားတွေရဲ့ ပြည်ဝင်ခွင့်ဗီဇာ အပေါ် ဘယ်လို တစ်ဖက်သတ်စီမံချက်တွေ ပြုလုပ်သွားမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြေကြားထားတာ မရှိသေးပေ။

Ref: BBC

————————————–

ဘင်္ဂလားဒေ့ရှ်က ဗီယက်နမ်နဲ့ အိန္ဒိယတို့မှ ဆန်တင်သွင်းမယ်

အရန်ဆန်တွေ ပြန်လည်ဖြည့်တင်းဖို့နဲ့ ပြည်တွင်းဈေးနှုန်းတွေ တည်ငြိမ်စေဖို့ ကြိုးပမ်းနေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဗီယက်နမ်နဲ့ အိန္ဒိယတို့ကနေ စုစုပေါင်းဆန်တန်ချိန် ၃၃၀,၀၀၀ ကိုတင်သွင်းမယ်လို့ ကြေညာခဲ့ပါတယ်။

ဆန်တင်သွင်းဖို့ သဘောတူညီချက်ကို အပြီးသတ်နေပြီဖြစ်တယ်လို့ အာဏာပိုင်တွေကနေ ဩဂုတ်လ ၂၉ ရက်နေ့မှာ ပြောကြားခဲ့တာပါ။

အိန္ဒိယပုဂ္ဂလိကကုမ္ပဏီတစ်ခုကနေ ပြုတ်ဆန်တန်ချိန်ပေါင်း တစ်သိန်းနဲ့ ဗီယက်နမ်ကနေ ပြုတ်ဆန်တန်ချိန် နှစ်သိန်း အပါအဝင် ဆန်ချောတန်ချိန်သုံးသောင်းတို့ကိုပါ ဝယ်ယူမှာ ဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ဆိုပါတယ်။

ပုဂ္ဂလိကသွင်းကုန်မြှင့်တင်သည့်အနေနဲ့ ဆန်တင်သွင်းမှုအတွက်အခွန်ကို ၂၅ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းသို့လျှော့ချပေးခဲ့ပါတယ်။

ကမ္ဘာ့တတိယအကြီးဆုံး ဆန်ထုတ်လုပ်တဲ့ ဘင်္ဂလားဒေ့ရှ်တွင် နှစ်စဉ်တန်ချိန် ၃၅ သန်းခန့် ရှိနေပေမဲ့ ရေကြီးခြင်းနနဲ့ မိုးခေါင်ခြင်းတို့လို သဘာဝဘေးအန္တရာယ်တွေကနေ ဖြစ်ပေါ်လေ့ရှိတဲ့ ပြတ်လပ်မှုတွေကို အစားထိုးဖို့ တင်သွင်းမှုလိုအပ်နေတာဖြစ်ပါတယ်။

Ref: The Fanincial Express

————————————–

တရုတ်နိုင်ငံ ချန်ဒူးမြို့ကို အသွားအလာကန့်သတ်

တရုတ်အစိုးရရဲ့ အငြင်းပွားဖွယ် ဇီးရိုးကိုဗစ်မူဝါဒကို ဆက်ပြီးကျင့်သုံးနေတာကြောင့် လူဦးရေ ၂၁ သန်းကျော်နေထိုင်တဲ့ ချန်ဒူးမြို့ကို အသွားအလာကန့်သတ်လိုက်ပါတယ်။

မြို့နေပြည်သူ ၂၁သန်းဟာ အိမ်ထဲမှာသာ နေရမှာဖြစ်ပြီး စျေးဝယ်ဖို့ တစ်အိမ်ထောင်မှာ တစ်ယောက်ပဲ့ အပြင်ထွက်ခွင့် ပြုမှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့မှာ ချန်ဒူးမြို့နေ ကိုဗစ်ကူးစက်သူ ၁၅၇ ဦးတွေ့ရပြီးတဲ့နောက် ဒေသခံတွေကို ကိုဗစ်စတင် စစ်ဆေးပေးမယ်လို့ ကြေညာထားကာ ဘယ်တော့ ပြန်ရုတ်သိမ်းမလဲဆိုတာတော့ ပြောကြားထားတာ မရှိသေးပေ။

Ref: BBC