အတက်၊အကျကြမ်းသည့် ဘတ်၊ရွှေနှင့် စက်သုံးဆီ သုံးသပ်ချက်

0
2873

တနင်္သာရီတိုင်းသားများအတွက် အရေးပါလှသည့် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်များမှာ ယခုအပတ်တွင် အတက်အကျကြမ်းကြမ်းဖြင့် အပြောင်းအလဲများခဲ့သည်။

တောင်ပိုင်းသားများ နေ့စဉ်လူမှုဘဝအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးတို့ကို Dawei Watch က စုစည်း သုံးသပ်ဖော်ပြပါသည်။

အကျပြပြီး ပြန်တက်သည့်ဘတ်‌ဈေး

ဩဂုတ်လ လကုန်ပိုင်းမှစပြီး နေ့စဉ်ဆက်တိုက် အတက်ကြမ်းခဲ့သည့် ထိုင်းဘတ်ဈေးမှာ စက်တင်ဘာလ ၁ ရက်နေ့မှစပြီး အနည်းငယ်ပြန်ကျခဲ့သော်လည်း ယနေ့တွင်မူ အတက်ဘက် ဦးတည်လာပြန်သည်။

ဩဂုတ်လ တတိယပတ်က ထိုင်းတစ်ဘတ် မြန်မာကျပ် ၈၀၊ ၈၉၊ ၉၉ စသဖြင့် တစ်နေ့ထက်တစ်နေ့ မြင့်တက်လာခဲ့ပြီး ဩဂုတ်လကုန်ပိုင်းတွင်မူ ကျပ် ၁၀၀ ကျော်အထိ မြင့်တက်သွားခဲ့သည်။

တောက်လျှောက်တက်လာသည့် ဘတ်ဈေးမှာ စက်တင်ဘာလ ၁ ရက်နေ့တွင်မူ ကျပ် ၉၀ ဝန်းကျင်သို့ ပြန်ကျလာခဲ့သည်။

စက်တင်ဘာလ ၃ ရက်‌နေ့တွင်မူ အတက်ဘက်သို့ ဦးတည်လာပြီး နေ့လယ် ၁၂ နာရီအချိန်ပေါက်ဈေးမှာ ၉၅ ဒသမ ၅ ကျပ်ဖြစ်နေကြောင်း ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

ထိုင်း-မြန်မာငွေလဲလှယ်လုပ်ငန်းရှင်အချို့၏ ခန့်မှန်းချက်အရ ထိုင်းဘတ်ငွေဈေးမှာ ခန့်မှန်း၍ မရသည့် အခင်းအကျင်းဖြစ်နေသည်ဟု ဆိုသည်။

 “ဘတ်ဈေးကတော့ မနက်မှာ ဈေးတစ်မျိုး၊ နေ့လယ်ဆို ဈေးတစ်မျိုးနဲ့ မှန်းလို့တောင်မရတော့ဘူး”ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

တစ်ရက်အတွင်းမှာပင် ဘတ်ဈေးနှုန်းဈေးပြောင်းလဲမှု အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံသားများက ကျပ်ငွေအပေါ် ယုံကြည်မှုလျော့ကျနေပြီး ငွေပိုငွေလျှံများကို ငွေကြေးပိုတည်ငြိမ်သည့် ဘတ်ငွေသို့ပြောင်းလဲ သိမ်းဆည်းခြင်းကလည်း ဈေးကွက်အပေါ် သက်ရောက်မှု ကြီးလှသည်။

လာမည့်အပတ်တွင်လည်း ဘတ်ဈေးနှုန်းမှာ အတက်အကျကြမ်းနေဦးမည် ဖြစ်သည်။ ဈေးကွက်ကျွမ်းကျင်သူအချို့၏ သုံးသပ်ချက်အရ ဘတ်အဝယ်များနေမှုကြောင့် ဘတ်ဈေးမာနေဦးမည်ဖြစ်ကြောင်း သိရသည်။

။။။။။။။။။

ငါးသိန်းလောက်ပြန်ကျသည့် ရွှေ

ကမ္ဘာ့ရွှေပေါက်ဈေးထက် မြင့်နေသည့် ပြည်တွင်းရွှေဈေးမှာ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အဆမတန်မြင့်တက်သွားသည်။

ဩဂုတ်လ တတိယအပတ်က ကျပ်၂၈ သိန်းကျော်ပေါက်ဈေး‌ရှိသည့် ရွှေဈေးမှာ ဩဂုတ်လ ၂၉ရက် တွင် ၂၉ သိန်းကျပ် ယင်းမှတစ်ဆင့် ဩဂုတ်လ ၃၁ရက်နေ့တွင် ၃၅ သိန်းဝန်းကျင်အထိ တက်သွားသည်။

မကြုံစဖူးမြင့်တက်‌နေသည့် ရွှေဈေးနှုန်းကြောင့် ထားဝယ်မြို့‌‌ရှိ ရွှေဆိုင်များက အရောင်းရပ်လိုက်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဆိုင်တွေက အရောင်းရပ်ပြီး ဝယ်တာလောက်ပဲ လုပ်တော့တယ်” ဟု ယင်း ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

သို့ရာတွင် ပေါက်ဈေးအတိုင်း ပြန်ဝယ်ခြင်းမဟုတ်ဘဲ အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် သုံးဆယ်နှစ်သိန်းခွဲ ဝန်းကျင်ဖြင့် ဝယ်နေကြခြင်းဖြစ်သည်။

ဆက်တိုက်မြင့်တက်ခဲ့သည့် ရွှေဈေးမှာ စက်တင်ဘာလ ၁ ရက်နေ့တွင်မူ ပြန်ကျလာခဲ့ပြီး ထားဝယ်ဈေးကွက်တွင် ကျပ်သိန်းသုံးဆယ်စွန်းစွန်း (၃၀၅၀၀၀၀ ကျပ်) အထိ ပြန်ကျသွားသည်။

ယင်းနောက် စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းတွင်လည်း ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့် ထားဝယ်ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေကြသည်။ နေ့လယ်ပိုင်းတွင်မူ ကျပ် ၃၁ သိန်းဖြစ်သွားကြောင်း ဆိုသည်။

ရွှေဈေးအတက်အကျ မြန်ဆန်နေသဖြင့် အခေါက်ရွှေကို ပေါက်ဈေးထက် ကျပ်တစ်သိန်းခန့်ခွာကာ ပြန်ဝယ်နေကြောင်း ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင်ပိုင်တစ်ဦးက ဆိုသည်။

။။။။။။။။။

ဈေးကျသော်လည်း ဝယ်မရသည့် စက်သုံးဆီ

စစ်ကောင်စီကထုတ်ပြန်သည့် စက်သုံးဆီ ရည်ညွှန်းဈေးနူန်း ကျဆင်းလာသော်လည်း ထားဝယ်တွင်မူ လိုသလောက် ဝယ်မရဘဲ ပြင်ပဈေးကွက်တွင်သာ ဈေးမြင့်ပေးဝယ်နေရသည်။

ယခုရက်ပိုင်း၌ ထားဝယ်မြို့တွင် စက်သုံးဆီ လိုသလောက် ဝယ်ယူမရတော့သည့် ပြဿနာ တကျော့ပြန် ဖြစ်ပွားလာနေသည်။

ယနေ့ စက်တင်ဘာလ ၃ ရက် စစ်ကောင်စီထုတ်ပြန်သည့် ဈေးမှာ တစ်လီတာ ၂၄၆၅ ကျပ်သာရှိသော်လည်း ရည်ညွှန်းဈေးဖြင့်ရောင်းချသည့် စက်သုံးဆီဆိုင်ကြီးများတွင် လိုသလောက်ဝယ်မရပေ။

ဆိုင်ကယ်တစ်စီးလျှင် ၃၀၀၀ ကျပ်၊ ကားတစ်စီး ၁၀၀၀၀ ကျပ်ဖြင့်သာ ရောင်း‌ချပေးနေကြောင်း ဒေသခံများကပြောသည်။

“ဒီနေ့ ဆီဆိုင်ကြီးတွေမှာ လူတွေအများကြီး တန်းစီပြီးဝယ်နေရပြန်ပြီ” ဟု မြို့ခံတစ်ဦးက ပြောသည်။

မြို့ပေါ်တွင် ပန့်ဖြင့်ရောင်းသည့်ဆိုင်များတွင် တစ်လီတာ ၃၅၀၀ ကျော်‌ရှိနေပြီး နယ်ဘက်တွင်မူ ကျပ် ၄၀၀၀ ကျော်အထိဖြစ်နေသည်။

ထားဝယ်တွင် ဩဂုတ်လအစေားပိုင်ကလည်း ထားဝယ်မြို့တွင် စက်သုံးဆီ ပြတ်တောက်ခဲ့သဖြင့် အလုအယက်ဝယ်ယူခဲ့ကြရသည်။

“အခုလည်း လိုသလောက် ဝယ်မရ‌တော့ စက်သုံးဆီပြတ်မယ့် အခြေအနေရှိတယ်။ ပြတ်စတောင်ပြုနေပြီ” ဟု ထားဝယ်မြို့ခံ စက်သုံးဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ရည်ညွှန်းဈေးမှာမူ မြေပြင်‌ဈေးနှုန်းနှင့် ကွာဟနေ‌‌ပြီး အကျဘက်ကို ဦးတည်နေသည်။

စစ်ကောင်စီ၏ စက်သုံးဆီဈေးနှုန်းမှာ ယခုအပတ် တနင်္လာနေ့ (ဩဂုတ်လ ၂၉ ရက်နေ့) က 92ဓာတ်ဆီ တစ်လီတာလျှင် ၂၆၄၀‌ ကျပ် ဝန်းကျင်ပေါက်ဈေးရှိခဲ့သည်။

စက်တင်ဘာလ ၁ ရက်နေ့တွင်မူ အကျဘက်ဦးတည်လာပြီး တစ်လီတာလျှင် ၂၄၄၀ ကျပ်ဖြစ်လာသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင်မူ 92ဓာတ်ဆီတစ်လီတာလျှင် ၂၄၆၅ ကျပ် ဈေးပေါက်နေသည်။ မြေပြင်တွင်မူ ၄၀၀၀ ကျပ်အထိဈေးမြင့်တက်လျက်ရှိသည်။

စက်သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်းနှစ်ရာ ရောင်းချပေးမည်ဆိုသည့် ဗဟိုဘဏ်ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးနောက် ယင်းသို့ ဈေးအနည်းငယ် ပြန်ကျလာခြင်းဖြစ်သည်။

ရုရှားမှ မှာယူထားသော ဆီများရောက်မည်ဆိုသည့် သတင်းကြောင့်လည်း ဆီဈေးကျလာခြင်းဖြစ်ပြီး ရုရှားဆီ လက်တွေ့ရောက်လာပါက ဆီဈေးထပ်ကျပြီး ဈေးကွက်တွင် ဆီပိုလျှံလာဖွယ်ရှိနေသည်။

သို့သော် လက်ရှိအချိန်အထိ ရုရှားဆီများရောက်လာခြင်း မရှိသေးပေ။

စစ်ကောင်စီက ပြည်တွင်းရွှေဈေးနှင့် ဒေါ်လာဈေး ကျဆင်းလာစေရန် မူဝါဒအသစ်များ ချမှတ်လုပ်ဆောင်နေပြီး ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေသည်။

ယင်းကြောင့် လာမည့်ရက်ပိုင်းအတွင်းတွင် ရွှေနှင့် ဘတ်ဈေးနှုန်းမှာ အတက်အကျကြမ်း နေဦးမည်ဖြစ်ကြောင်း လေ့လာသူများက ခန့်မှန်းကြသည်။

စက်သုံးဆီမှာမူ ရုရှားဆီများ အမှန်တစ်ကယ်ရောက်လာပါက ဈေးထပ်ကျဖွယ်ရှိနေသည်။