တနင်္သာရီအမြန်ရေယာဉ် ရပ်နားလိုက်သည့်အတွက် ကုန်တင်လှေငယ်များ အသုံးပြုနေရ

0
370

တနင်္သာရီမြို့နယ် ကျေးရွာများသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်ရပ်နားလိုက်သည့် အတွက် ကုန်တင်လှေငယ်များ အသုံးပြုနေရကြောင်း ဒေသခံများ ထံမှသိရသည်။

တနင်္သာရီမြို့နယ်ရှိ ပဝ၊ သရဖုံ၊ လယ်သစ် စသည့်ကျေးရွာအုပ်စုသို့  ၂ ရက်တစ်ကြိမ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်သည် လက်ရှိအချိန်တွင် စက်သုံးဆီဈေး မြင့်တက်မှုကြောင့် ရပ်နားလိုက်ပြီဖြစ်သည်။

ယင်းကြောင့် ကုန်စည်သယ်ဆောင်ရေးအတွက် ကုန်တင်လှေငယ်များဖြင့် အစားထိုး အသုံးပြုနေရသည်ဟု ဒေသခံများကပြောသည်။

“ပဲ့ချိတ်ငယ်တွေနဲ့ စျေးဆိုင်ကုန်တွေ လာတင်နေကြတာပေါ့ ခရီးသည်တွေက လိုက်လာတာသိပ်မရှိကြဘူး”ဟု မြိတ်မြို့ အမြန်ယာဉ်လှေဆိပ်တွင် ဆိုင်ကယ် ကယ်ရီမောင်းသူ အမျိုးသား ကပြောသည်။

ပဝ၊သရဖုံ၊လယ်သစ် စသည့်ကျေးရွာအုပ်စုများသည် တနင်္သာရီမြစ်မကြီးမှ ခွဲထွက်လာသည့် မြစ်လက်တက် တစ်ဖက်တစ်ချက်တွင် ရွာတည်ထားသည်။

ယင်းကျေးရွာများတွင် ကားတစ်ချို့ရှိသော်လည်း မိုးရာသီလမ်းခရီးဆိုးရွားသည့်အတွက် ကုန်းလမ်းထက် ရေလမ်းကို သာ အားထားနေရသည်ဟု ဒေသခံများ ကပြောပြသည်။

“အမြန်ယာဉ်ရှိတုန်းကတော့ မြို့ကနေသိမ်းခါ(ရိက္ခာ)မှာစားလို့အဆင်ပြေတယ်၊ခုတော့ ပစ္စည်းမှာရသိပ်အဆင်မပြေဘူး”ဟု လယ်သစ်ရွာနေထိုင်သည့် အမျိုးသမီး ကပြောသည်။

ပဝကျေးရွာတွင် ကုန်တင်လှေရှိသော်လည်း လယ်သစ်ရွာတွင် ကုန်တင်လှေမရှိ။

သို့သော် ရာသီဥတုပေါ်မူတည်ကာ ၃ ရက်တစ်ကြိမ်ခန့် ပြေးဆွဲပေးနေသည့် ခရီးသည်တင် ကားတစ်စီးရှိနေသေးသည့်အတွက် ရိက္ခာပြဿနာ ကြီးကြီးမားမား မရှိသေးကြောင်း လယ်သစ်ဒေသခံများ ကပြောသည်။

“ငရုတ်သီး၊ ကြက်သွန်၊ စားဆီတွေ ပြတ်လတ်တဲ့အခါရှိတယ်။ အဓိက ကတော့ အင်္ဂလိပ်ဆေးလုံးဝဝယ်လို့ မရတာအဆိုးဆုံးပဲ”ဟု လယ်သစ်အရှေ့ကမ်းနေ အိမ်ထောင်ရှင်မကပြောသည်။

လယ်သစ်နှင့်ပဝကျေးရွာဒေသခံအများစုသည် လယ်နှင့်ဥယျာဉ်ခြံ လုပ်ကိုင်ကြပြီး ယခုနှစ်ဖော်ဖော်ဝါရီမှ စတင်ကာ ဒေသတွင်း တိုက်ပွဲများမကြာခဏ ဖြစ်ပွါးနေခြင်းကြောင့် ဒေသခံတစ်ချို့မှာ ပုံမှန်အလုပ်လုပ်နိုင်သည့် အခြေအနေ မရှိသေးကြောင်း ၎င်းတို့ထံမှသိရသည်။