မဲဆောက်သဘာဝတရားရိပ်သာတွင် မြန်မာစစ်တပ်သူလျှိုများ ဖမ်းမိဟုဆို၊ မဟုတ်မှန်ဟု ရိပ်သာငြင်း

0
417
Photo: Matichon Online

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် မဲဆောက်ရှိ သဘာဝတရားရိပ်သာတွင် ဩဂုတ်လ ၂၉ ရက်နေ့လယ်ပိုင်းက ဖမ်းဆီးရမိ‌သော အထောက်အထားမဲ့ မြန်မာနိုင်ငံသားများတွင် စစ်ကောင်စီ၏ ထောက်လှမ်းရေး(သူလျှို)များ ပါဝင်နေကြောင်း ထိုင်းသတင်းဌာန Matichon Online တွင် ဖော်ပြထားသည်။

မဲဆောက်ဒေသ မယ်ပသဘာဝတရားရိပ်သာ ၃ ထပ်တိုက်အဆောက်အဦတွင် မြန်မာလူမျိုးများနေထိုင်ကြောင်း ဒေသခံများ၏ သတင်းပေးချက်အရ မဲဆောက်အုပ်ချုပ်ရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့များမှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

အဆောက်အအုံအတွင်း ဘုန်းကြီး၊ သီလရှင်အပါအဝင် မြန်မာနိုင်ငံသား ၃၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းအာဏာပိုင်များမှ နိုင်ငံအတွင်း နေထိုင်ခွင့် လဝက အထောက်အထား တစ်စုံတစ်ရာ မေးမြန်းရာ မရှိသဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်းဆိုသည်။

ဖမ်းဆီးခံရသူများအနက်အချို့မှာ မြန်မာစစ်ကောင်စီမှ စေလွှတ်လိုက်သော စစ်တပ်ထောက်လှမ်းရေးများ ပါဝင်နေကြောင်း ယင်းထိုင်းသတင်းတွင် ဖော်ပြထားသည်။

မဲဆောက်ခရိုင်အတွင်းရှိ စစ်ကောင်စီကို တော်လှန်နေသူများ၏ လှုပ်ရှားဆောင်ရွက်မှုများကို ထောက်လှမ်းစစ်ဆေးရန်ဖြစ်ပြီး တစ်ချို့မှာ ဘန်ကောက်သို့သွား၍ စစ်ကောင်စီကို ဆန့်ကျင်သော လှုပ်ရှားမှုများကို စုံစမ်းရန် အစီအစဉ်ရှိကြောင်း ယင်းသတင်းက ခိုင်ခိုင်မာမာဖော်ပြထားသည်။

ထိုင်းသတင်းဌာန၏ အဆိုပါရေးသားချက်ကို မဲဆောက်၊ မယ်ပ သဘာဝတရားရိပ်သာခွဲ (TCTF) မှ တာဝန်ရှိသူက ငြင်းဆိုထားပြီး အဖမ်းခံရသူများမှာ အထောက်အထား လက်မှတ်မရှိ၍ ဖမ်းဆီးခံရခြင်းသာဖြစ်ကြောင်း ဆိုထားသည်။

“နိုင်ငံရေးနဲ့ စွပ်စွဲတာမျိုးက ကျွန်တော်တို့ နိုင်ငံရေးလုပ်နေတာမဟုတ်ဘူး၊ ကြားထဲကနေ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီပေးနေတာ၊ ကိုယ့်သတင်းဌာန နာမည်ကြီးဖို့အတွက်နဲ့ သူများကို ချောက်ချတာမျိုးမရေးသင့်ဘူး၊ သေချာစုံစမ်းပြီးမှ ရေးစေချင်တယ်” ဟု မဲဆောက်၊ မယ်ပ သဘာဝတရားရိပ်သာခွဲ (TCTF) မှ တာဝန်ခံ ကိုအောင်သူလင်းက Dawei Watch ကိုပြောဆိုသည်။

အဖမ်းခံရသူများတွင် အစိုးရဓမ္မာစရိယအောင် ဦးဇင်းများအပါအဝင် စာပေလေ့လာနေသော ဦးဇင်း၊ သီလရှင်နှင့် အသက်ကြီးပိုင်း ပုဂ္ဂိုလ်များ၊ ငါးလုပ်ငန်းမှ အလုပ်သမားများ ပါဝင်နေကြောင်း ယင်းရိပ်သာ၏ အဆိုအရသိရသည်။

“ပထမတော့ ထိုင်းဘက်က သင်္ကန်းချွတ်မယ်။ ပြီးရင် မြန်မာပြည်ပြန်ပို့မယ်ပြောလို့ ကျွန်တော်တို့က မချွတ်ဖို့ပြောထားတယ်၊ ဓမ္မာစရိယအောင်ထားတဲ့ဦးဇင်းတွေ ပါနေတာဆိုတော့၊ မြန်မာပြည်ပို့တာက သူတို့မပို့လည်း ကျွန်တော်တို့ ပြန်ပို့ပီး passport လုပ်ပေးဖို့ စီစဉ်ထားတယ်” ဟု ၎င်းကဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများကို တာခ့်ခရိုင် လဝကစခန်းများသို့ ပို့ဆောင်ထားပြီး ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဖော်ပြထားသည်။

အဆိုပါအဆောက်အအုံကို ယခင်က မြန်မာအလုပ်သမားများ ထိန်းသိမ်းရေးနေရာအဖြစ် အသုံးပြုခဲ့သော်လည်း ထိန်းသိမ်းခံရသော မြန်မာအလုပ်သမားများမရှိတော့သဖြင့် ခရိုင်အတွင်း မူဝါဒပြောင်းကာ ဘုန်းကြီး၊ သီလရှင်အပါအဝင် မြန်မာလူမျိုးများကို နေထိုင်ခွင့်ပြုခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြထားသည်။