ပုဂေါဇွန်းရွာသားနှစ်ဦး တစ်ညတည်းတွင် ပစ်သတ်ခံရ

0
311

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာသားနှစ်ဦး ဩဂုတ်လ ၂၇ရက်ညက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

သေဆုံးသူမှာ အသက် ၃၀ကျော်အရွယ် ‌ဦးစောမင်းထွေးဆိုသူနှင့် အသက် ၄၀ကျော်အရွယ် ဦးရဲမြင့်ဦးဆိုသူတို့ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းနေ့ည ၈ နာရီဝန်းကျင်က လက်နက်ကိုင်လူတစ်စုသည် ကျေးရွာသို့လာရောက်ကာ ဦးစောမင်းထွေးကို ပစ်သတ် သွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဦးရဲမြင့်ဦးကို ထပ်မံပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“စောမင်းထွေးကတော့ ဦးခေါင်းမှာ လေးချက်၊ နောက်ရဲမြင့်ဦးမှာက လည်ပင်းတစ်ချက်၊ ရင်ဖက်တစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

ဦးစောမင်းထွေးဆိုသူမှာ ရှမ်းဆိုဒ် (ဆောက်လုပ်ရေး) တွင် အလုပ်လုပ်နေသူဖြစ်ပြီး ကိုရဲမြင့်ဦးကတော့ တောခုတ် ကြုံရာကျပန်း လုပ်သူဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။

သေဆုံးချိန်တွင် ဦးစောမင်းထွေးတွင် ဇနီးနှင့် ၄ နှစ်အရွယ်သမီးတစ်ဦး ကျန်ခဲ့ပြီး ဦးရဲမြင့်ဦးဆိုသူမှာ လူပျိုကြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

အထက်ပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းများမှာ ၎င်းတို့၏ နေအိမ်အသီးသီးတွင် ရှိနေကြောင်း ဒေသခံအချို့ ယနေ့ (ဩဂုတ် ၂၈) နံနက်ပိုင်းက ပြောသည်။

ဩဂုတ်လ ၂၄ ရက်မှ ၂၇ ရက်နေ့အထိ ရေဖြူမြို့နယ်တွင် လေးရက်အတွင်း အမျိုးသားငါးဦးအထိ ပစ်သတ်ခံရသည်။

ဩဂုတ်လ ၂၄ ရက်က ရလိုင်ရွာတွင် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သည့် အနိုင်သားဆိုသူနှင့် ရငဲရွာသား ဦးသိန်းဇော် တို့ပစ်သတ်ခံရပြီး ဩဂုတ်လ ၂၅ ရက်နေ့တွင် ဧကနိရွာသား ကိုနော်ဘွာဆိုသူ ပစ်သတ်ခံရသည်။

အထက်ပါ သေဆုံးသူငါးဦးစလုံးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းယင်းကြောင့် ပစ်သတ်သွားသည်ဆို သည်ကို အတည် မပြုနိုင်သေးပေ။