တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
349

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ

ကျပ် ၃၀၀၀ ကျော်ဖြစ်သွားသည့် ဒေါ်လာ

ယခုသီတင်းပတ်တွင် ဒေါ်လာဈေးခုန်တက်သွားပြီး ပြင်ပဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၃၀၀၀ ကျော်အထိဖြစ်သွားသည်။

စစ်ကောင်စီက ဩဂုတ်လ ၅ရက်တွင် တစ်ဒေါ်လာကို ၂၁၀၀ ကျပ်အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ဒေါ်လာဈေး ဆက်တိုက်တက်လာခဲ့ပြီး ဩဂုတ်လ ၂၇ ရက် ပြင်ပပေါက်ဈေးမှာ ကျပ် ၃၂၀၀ အထက်တွင် ရှိနေသည်။ သို့သော် ဈေးကွက်ထဲတွင် ရောင်းသူနည်းသဖြင့် ဝယ်ရခက်နေသည့် အခြေအနေဖြစ်နေသည်။

စစ်ကောင်စီက ဩဂုတ်လ ၁၉ရက်တွင် ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို အပြောင်းအလဲလုပ်ခဲ့သော်လည်း ဒေါ်လာကို ထိန်းချုပ်နိုင်ခြင်း မရှိသည့်အပြင် ပို၍ပင် ဈေးတက်လာခဲ့သည်။

ဒေါ်လာနှင့်ဆက်စပ်နေသည့် ရွှေဈေးမှာလည်း ၂၉ သိန်းကျော်ဖြစ်လာပြီး ဒီဇယ်ဈေးကလည်း သုံးထောင်ကျော်နေပြီဖြစ်သည်။

ကုလအထူးကိုယ်စားလှယ်ကို ဖယ်ရှားပေးပါ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စနိုဟေဇာလင်းကို ဖယ်ရှားပေးရန် အရပ်ဖက်အဖွဲ့ ၈၆၄ဖွဲ့က ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံ ဩဂုတ်လ ၂၂ရက်တွင် စာရေးသားပေးပို့ တောင်းဆိုလိုက်သည်။

မစ္စနိုဟေဇာလင်းသည် ပြီးခဲ့သည့်သီတင်းပတ်တွင် မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သူဖြစ်သည်။ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာသည့် ပထမခရီးစဉ်သည် ထိရောက်မှု မရှိသည့် အပြင် စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်နေသည်ဟု ဆိုသည်။ 

မြန်မာနိုင်ငံတွင် ဆိုးသထက်ဆိုးလာသည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းစာနာမှု အကျပ်အတည်းကို အထူးကိုယ်စားလှယ်မထားဘဲ အတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက်ဖို့ တောင်းဆိုထားကြသည်။ အတိတ်က သင်ခန်းစာအရလည်း အထူးကိုယ်စားလှယ်ထားခြင်းမှာ အလုပ်မဖြစ်ဟု ထောက်ပြကြသည်။

နမူနာပြအရေးယူခံရသည့် ကျောက်မျက်လုပ်ငန်းရှင်

မန္တလေးမြို့က ကျောက်မျက်လုပ်ငန်းရှင် ဦးကျော်သူရကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပြီး ၎င်း၏ပိုင်ဆိုင်သည့် လုပ်ငန်း၊ နေအိမ်၊ ကျောက်စိမ်းများအပါအဝင် တန်ဖိုး ၁၂ ဘီလျံနီးပါးကိုလည်း နိုင်ငံပိုင်အဖြစ်သိမ်းယူလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာသိမ်းမှု ဆန့်ကျင် လှုပ်ရှားသူများကို ငွေကြေး ကျပ်သိန်းတစ်သောင်းကျော် လှူဒါန်းသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်သည်။

ဖားကန့်ဒေသက ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်သည့် မြန်မာသူရ ကျောက်မျက်လုပ်ငန်းကုမ္ပဏီပိုင်ရှင် ဦးကျော်သူရကို ဩဂုတ်လ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဩဂုတ်လ ၂၁ ရက်က ထုတ်ပြန်သည်။ ပိုင်ဆိုင်မှု ချိတ်ပိတ်သိမ်းဆည်းခံရသည့် ယင်းဖြစ်စဉ်မှာ အာဏာသိမ်းပြီးနောက် တန်ဖိုးအများဆုံး ပမာဏဖြစ်သည်။

အလားတူ ထောက်ပံ့နေသည့် ကျောက်မျက်လုပ်ငန်းရှင်များ ရှိနေသဖြင့် ဆက်လက်ဖော်ထုတ်အရေးယူမည်ဟုလည်း စစ်ကောင်စီက ဆိုသည်။ ယင်းကြောင့် ကျောက်မျက်လောကအသိုင်းအဝိုင်းကို လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားပြီး NUG နှင့် တော်လှန်ရေးအင်အားစုများကို မထောက်ပံ့ရဲအောင် ခြိမ်းခြောက်ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိသည်။

အလုပ်သမားသမဂ္ဂများ ပျောက်ကွယ်တော့မည်

မြန်မာနိုင်ငံတွင် အလုပ်သမားသမဂ္ဂများနှင့် အရပ်ဖက်အဖွဲ့အစည်းများ စစ်အာဏာသိမ်းမှုအောက်တွင် ပျောက်ကွယ်တော့မည့်အရေးနှင့် ရင်ဆိုင်နေရကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO) က ဩဂုတ်လ ၂၄ ရက်က ထုတ်သည့် အစီရင်ခံစာတွင် ဖော်ပြသည်။

ရုံး၊ နေအိမ်အဆောက်အအုံများကို ဝင်ရောက်စီးနင်းခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်း၊ နှိပ်စက်ခြင်း၊ ဖုန်းဖြင့် ခေါ်ဆို စောင့်ကြည့် ခြိမ်းခြောက်ခြင်းစသည်တို့သည် ယင်းအဖွဲ့များ၏ လုပ်ဆောင်နိုင်စွမ်းကို သိသိသာသာ ကန့်သတ် လိုက်ခြင်း ဖြစ်ကြောင်း ILO က ဆိုသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင် အလုပ်သမားသမဂ္ဂများနှင့် အရပ်ဖက်အဖွဲ့အစည်းများက အလုပ်သမားအခွင့်အရေး ကာကွယ်မှုကို တိုးမြှင့်နိုင်ခဲ့သော်လည်း လက်ရှိတွင် ခြိမ်းခြောက်ခံနေရသည်ပြီဟု ဆိုသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အလုပ်အကိုင် ၁ဒသမ ၁သန်း ဆုံးရှုံးသွားကြောင်းလည်း ဩဂုတ်လ ၁ ရက်တွင် ILO က ထုတ်ပြန်ထားသည်။

လူမှားပစ်သတ်ခံရသည့် ဇနီးမောင်နှံ

မန္တလေးတွင် ဇနီးမောင်နှံနှစ်ဦးကို စီအိုင်ဒီရဲမှူးနှင့် မှားယွင်းပစ်ခတ်သတ်ဖြတ်ခဲ့မှုအတွက် မန္တလေးမြို့က မြို့ပြပြောက် ကျားအဖွဲ့တစ်ခုဖြစ်သည့် Tiger Force Mandalay က စာထုတ်ကာ မိသားစုဝင်များကို တောင်းပန်သည်။

ပစ်ခတ်ခံရပြီး တစ်ရက်အကြာ ဩဂုတ်လ ၂၄ ရက်တွင် တောင်းပန်ခြင်းဖြစ်ပြီး ယင်းသို့ မှားယွင်းပစ်ခတ်ခဲ့မှုအတွက် တစ်ချိန်မှာ ပြစ်ဒဏ်ခံယူသွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စီအိုင်ဒီရဲမှူး စိုးကိုကိုအား ပစ်ခတ်ရှင်းလင်းရန် လုပ်ဆောင်ရာတွင် သတင်းပေးသူက ပေးပို့သည့် ဆိုင်ကယ်နံပတ်၊ လူပုံစံ၊ အိမ်အဝင်အထွက် အားလုံးကိုက်ညီနေသဖြင့် မှားယွင်းပစ်ခတ်မိခြင်းဖြစ်သည်ဟု ဆိုသည်။

မှားယွင်းပစ်ခတ်ခံရသည့် အသက် ၃၈နှစ်အရွယ် ဟိုတယ်မန်နေဂျာ ဒေါ်နှင်းဝေဝေလှိုင်နှင့် ခင်ပွန်းဖြစ်သူ အသက် ၄၃နှစ်အရွယ် ဦးစည်သူကိုကိုတို့ ဇနီးမောင်နှံတွင် အသက် ၉နှစ်အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။

ခင်ပွန်းအိမ်လိုက်နေသဖြင့် အဖမ်းခံရသည့် ဗြိတိန်သံအမတ်ဟောင်း

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဗစ်ကီဘိုးမန်းနှင့် ခင်ပွန်းဖြစ်သူ ပန်းချီဆရာ ကိုထိန်လင်းတို့ကို စစ်ကောင်စီက ဩဂုတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့ရှိနေအိမ်တွင် လာရောက်ဖမ်းဆီးသွားသည်။

ဗစ်ကီဘိုးမန်းသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ဗီဇာသက်တမ်းကျန်သေးသော်လည်း ခွင့်ပြုထားသည့် စမ်းချောင်း မြို့နယ်က နေအိမ်တွင်မဟုတ်ဘဲ ရှမ်းပြည်နယ် ကလောမြို့က ခင်ပွန်းသည်အိမ်တွင် လိုက်နေခဲ့သည်ဟု ဆိုသည်။

ယင်းသို့ ပြောင်းရွှေ့နေထိုင်သည်ကို လျှောက်ထားရန် ပျက်ကွက်သဖြင့် ဗစ်ကီဘိုးမန်းကို လဝကအက်ဥပဒေ ပုဒ်မ ၁၃ (၁) ၊ နေထိုင်ရန် အားပေးအားမြှောက်ပြုသည်ဟုဆိုကာ ကိုထိန်လင်းကို လဝကအက်ဥပဒေ ပုဒ်မ ၁၃ (င) ဖြင့်တို့ဖြင့် စစ်ကောင်စီ အမှုဖွင့်ဖမ်းဆီးခြင်းဖြစ်သည်။

ဗစ်ကီဘိုးမန်းမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအဖြစ် ၂၀၀၂ မှ ၂၀၀၆ အထိတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ တွင် မြန်မာ့စီးပွားရေးကဏ္ဍတာဝန်ယူမှုရှိရေးအထောက်အကူပြုဌာန (Myanmar Center for Responsible Business (MCRB)) ၏ ဒါရိုက်တာဖြစ်သည်။ ပန်းချီထိန်လင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။

မြန်မာကုမ္ပဏီသုံးခုကို ဗြိတိန်အရေးယူ

စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် မြန်မာနိုင်ငံက ကုမ္ပဏီသုံးခုကို ဗြိတိန်အစိုးရက ဩဂုတ်လ ၂၅ ရက်မှာ ဒဏ်ခတ်အရေးယူလိုက်သည်။

ရိုဟင်ဂျာများကို ကျူးလွန်သည့် မြန်မာစစ်တပ်၏ လက်နက်နှင့် ဝင်ငွေရလမ်းကို ကန့်သတ်ပိတ်ပင်ရန် ကြိုးပမ်းမှု အဖြစ် အရေးယူခြင်းဖြစ်သည်ဟု ရိုဟင်ဂျာများ ထွက်ပြေးရသည့် ငါးနှစ်ပြည့်နေ့တွင် ထုတ်ပြန်သည်။

အရေးယူခံရရာတွင် Star Sapphire Group of Companies ၊ International Gateways Group of Companies Limited (IGG) နဲ့ Sky One ဆောက်လုပ်ရေးကုမ္ပဏီတို့ ပါဝင်သည်။

အမေရိကန်အစိုးရကလည်း စစ်ကောင်စီကို စီးပွားရေးအရ၊ သံတမန်ရေးအရ ဖိအားပေးမှုတိုးမြှင့်သွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့သည့် ခြံအမှတ် ၅၄ အမွေဆိုင်အမှု

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ အမွေဆိုင်အမှုတွင် ဦးအောင်ဆန်းဦးကို စစ်ကောင်စီတရားရုံး အနိုင်ပေးလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ဆန်းဦးတို့ အမွေဆိုင်အမှုတွင် ဦးအောင်ဆန်းဦး၏ အထူးအယူခံ လျှောက်ထား တောင်းဆိုမှုအတိုင်း စစ်ကောင်စီ၏ ပြည်ထောင်စုတရားလွှတ်တော်က ဩဂုတ်လ ၂၂ ရက်တွင် အမိန့်ချပေးလိုက်ခြင်း ဖြစ်သည်။

ဦးအောင်ဆန်းဦးက ယင်းခြံတစ်ခုလုံးကို လေလံတင်ရောင်းချပြီး တစ်ယောက်ထက်ဝက်စီ ခွဲယူရန် တောင်းဆိုထားခြင်း ဖြစ်သည်။ ခြံအမှတ် ၅၄ သည် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲတွင် သမိုင်းဝင်နေရာဖြစ်ပြီး သမ္မတ အိုဘားမား အပါအဝင် အထင်ကရ ခေါင်းဆောင်များ လာရောက်ဖူးသည့်နေရာလည်းဖြစ်သည်။

ကျော်သူအိမ် ချိတ်ပိတ်ခံရ

နိုင်ငံကျော်သရုပ်ဆောင်လည်းဖြစ် ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌလည်းဖြစ်သူ ဦးကျော်သူတို့ဇနီးမောင်နှံ ပိုင်ဆိုင်သည့် ရန်ကုန် မရမ်းကုန်းမြို့နယ်ကနေအိမ်ကို စစ်ကောင်စီက ဩဂုတ်လ ၂၃ရက်တွင် ချိတ်ပိတ်လိုက်သည်။

ဦးကျောင်သူနှင့် ဇနီး ဒေါ်ရွှေဇီးကွက်တို့ကို စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေ ၅၀၅ (က) ဖြင့် တရားစွဲထားပြီး ဖမ်းဝရမ်းထုတ်ထားခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဩဂုတ်လ ၂၅ ရက်နောက်ဆုံးထားပြီး တရားရုံးတွင် လာရောက်ဖြေရှင်းရန် ဆင့်ခေါ်ထားသော်လည်း မလာသဖြင့် နေအိမ်ကို ချိတ်ပိတ်သိမ်းဆည်းခြင်း ဖြစ်သည်။

ရခိုင်တောင်ပိုင်းသို့ ကူးလာသည့်စစ်မီး

ပုံစာ – မောင်တောမြို့နယ် မြောက်ပိုင်းက ဒေသခံများ ဩဂုတ်လ ၂၇ ရက်က ထွက်ပြေးတိမ်းရှောင်ကြစဉ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲပြင်းထန်နေရာမှ ဩဂုတ်လ ၂၅ ရက်နေ့တွင် ရခိုင်တောင်ပိုင်းတွင်ပါ တိုက်ပွဲဖြစ်လာသည်။

ရခိုင်တောင်ပိုင်း တောင်ကုတ်မြို့နယ် ချောင်းသုံခွရွာအနီးတွင် AA တပ်စခန်းရှိရာသို့ စစ်ကောင်စီတပ်က လာရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က အကျအဆုံးများကာ ဆုတ်ခွာသွားရသည်ဟု ဒေသအခြေစိုက် သတင်းဌာန များတွင် ဖော်ပြကြသော်လည်း AA ဘက်က တစ်စုံတရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

ရခိုင်မြောက်ပိုင်း မောင်တောမြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း ရှိသည်။ ဩဂုတ်လ ၂၇ ရက်နံနက်က စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်စထိမှန်ကာ မင်းကြီးရွာက အသက် ၇ဝအရွယ် အဖွားတစ်ဦး သေဆုံးခဲ့သည်။

မောင်တောမြောက်ပိုင်းတွင် AA တိုက်ခိုက်မှုကြောင့် နယ်ခြားစောင့်ရဲစခန်း ၈ခုထက်မနည်း ဆုတ်ခွာသွားရပြီး စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံများနှင့် ပညာရေးဝန်ထမ်းများ ဘေးလွတ်ရာ ထွက်ပြေးနေကြရကြောင်းလည်း ဒေသတွင်းသတင်းဌာနများက ဖော်ပြသည်။

ပလက်ဝမြို့နယ်တွင်လည်း တိုက်ပွဲ ပြင်းထန်လာကာ စစ်ကောင်စီတပ် စခန်းအချို့ ဆုတ်ခွာရပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်မှုလည်း မြင့်တက်လာနေသည်။