ဘတ်ဈေးခုန်တက်၊ ရွှေလည်းတက်၊ အကျမရှိတဲ့စျေးကွက်

0
940

တနင်္သာရီတိုင်းသားများအတွက် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေး အပြောင်းအလဲက နေ့စဉ်လူမှုဘဝအပေါ် သက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။

နိုင်ငံရေးမတည်ငြိမ်သည့် လက်ရှိကာလတွင် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲမြန်နေသည်။

ယင်းကြောင့် အလှုပ်အခတ်များနေသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးတို့ကို Dawei Watch က စုစည်းသုံးသပ်ထားပါသည်။

ရုတ်ခြည်းတက်သွားသည့် ဘတ်ဈေး

ပြီးခဲ့သည့် အပတ်က အကျဘက်ကိုရောက်နေသည့် ထိုင်းဘတ်ဈေးနှုန်းမှာ ယခုအပတ်တွင် ရုတ်ချည်းမြင့်တက် သွားသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းတစ်ဘတ်လျှင် မြန်မာငွေကျပ် ၈၀အောက် ကျဆင်းခဲ့သည့် ဘတ်ဈေးမှာ ယခုအပတ်တွင် ၈၀ ကျပ်အပေါ်ကို ရုတ်ချည်းမြင့်တက်သွားသည်။

အမေရိကန်ဒေါ်လာ လဲလှယ်ဈေးနှုန်းမြင့်တက်ခြင်းကလည်း ဘတ်ဈေးတက်စေသည့် အကြောင်းအရင်းဖြစ်စေသည်။

ယခုအပတ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၂၀၀ ကျပ် ဝန်းကျင်အထိ မြင့်တက်သွားသည်။

ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တနင်္သာရီတိုင်းအတွက် ထိုင်းဘတ်ငွေဈေးနှုန်း အတက်အကျမှာ သက်ရောက်မှု များလှသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်နေသည့် တောင်ပိုင်းသားများ နေရပ်ကို ငွေပြန်လွှဲခြင်း၊ နယ်စပ်တွင် ကုန်စည်ရောင်း၊ ဝယ်ဖောက်ကားခြင်း စသည်တို့မှာ ဘတ်ငွေ အတက်အကျပေါ်မူတည်ပြီး သက်ရောက်မှုများစွာ ရှိသည်။

ဩဂုတ်လ ၂၂ ရက်နေ့က ထိုင်းတစ်ဘတ်လျှင် ၈၁ ကျပ် ဈေးပေါက်နေရာမှ ဩဂုတ်လ ၂၅ ရက်နေ့တွင် ၈၅ကျပ် ဖြစ်လာခဲ့သည်။

ထိုင်း-မြန်မာငွေလဲလှယ်လုပ်ငန်းရှင်အချို့၏ ခန့်မှန်းချက်အရ ထိုင်းဘတ်ငွေဈေးမှာ ဆက်လက်မြင့်တက် နိုင်သည်ဟု ဆိုသည်။

“သေချာရေရာတာ ဘာတစ်ခုမှမရှိလို့ မှန်းရခက်တယ်။ အခုက ရုတ်တရက်တက်သွားတာ” ဟု ထားဝယ်ဒေသရှိ ငွေလွှဲလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင်မူ ထိုင်းဘတ်ငွေဈေးမှာ ၈၈ ကျပ်ဝန်းကျင်အထိမြင့်တက်သွားသည်။

 ထိုကြောင့် ထိုင်းဘတ်ငွေ ၁၁၄၀ လဲလျှင် မြန်မာငွေကျပ်တစ်သိန်းရမည်ဖြစ်သည်။

တက်နေသည့် ရွှေဈေး

အမေရိကန်ဒေါ်လာတန်ဖိုးနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာ ဒေါ်လာနည်းတူ လိုက်တက်နေသည်။

ပြီးခဲ့သည့်အပတ် စနေနေ့က အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၇ သိန်းဈေးပေါက်ခဲ့ပြီး ယခုအပတ်တွင် အတက်ဘက်သို့ ဦးတည်လာသည်။

ဩဂုတ်လ ၂၂ ရက်နေ့ က တစ်ကျပ်သားလျှင် ၂၆ သိန်းခွဲဝန်းကျင်အထိ ဈေးရှိခဲ့သည်။

ဩဂုတ်လ ၂၄ရက်နေ့တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနှစ်သိန်းနှစ်သောင်း (၂,၇၂၀,၀၀၀) ကျပ်ဖြစ်လာသည်။

ထို့နောက်ပိုင်းတွင် ဆက်တိုက်နီးပါးဈေးတက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းအထက်သို့ ရောက်လာသည်။

စစ်ကောင်စီက ရွှေဈေးနှုန်းထိန်းညှိရေး ရွှေလုပ်ငန်းရှင်များကို ဖိအားပေးရန်ဩဂုတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်သို့ ခေါ်ထားကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြထားသည်။

ထိုနေ့တွင်ပင် ထားဝယ်ဈေးကွင်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းသုံးသောင်းကျပ် ဝန်းကျင်ဈေးပေါက်နေသည်။

ကမ္ဘာရွှေစျေး ကျဆင်းနေသော်လည်း ပြည်တွင်းရွှေစျေး တက်နေခြင်းမှာ ထူးခြားလှပြီး ပြည်တွင်းရွှေစျေးမှာ ဖြစ်သင့်သည်ထက် ပိုမြင့်နေသည့် အခြေအနေဖြစ်နေသည်။

ယင်းကြောင့် ရွှေစျေးမှာ ယခုထက်ပိုမိုတက်သွားရန် ခက်ခဲကြောင်း ခန့်မှန်းသုံးသပ်မှုများလည်း ရှိနေသည်။

စက်သုံးဆီဈေး

စစ်ကောင်စီ၏ အမေရိကန် ဒေါ်လာမူဝါဒ အသစ်ပြဋ္ဌာန်းချက်ကြောင့် တောက်လျှောက်အတက်ကြမ်းခဲ့သည့် စက်သုံးဆီဈေးမှာ ယခုအပတ်တွင်လည်း တည်ငြိမ်နေသည်။

ယခုအပတ် တနင်္လာနေ့ (ဩဂုတ်လ ၂၃ ရက်နေ့) က 92ဓာတ်ဆီ တစ်လီတာလျှင် ၂၅၀၀ နီးပါး ပေါက်ဈေးရှိခဲ့သည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် တစ်လီတာလျှင် ၂၅၆၅ ကျပ် ပေါက်ဈေးရှိခဲ့ပြီး တစ်ပတ်လုံး ဈေးတည်ငြိမ်နေသည်။

ထိုဈေးနှုန်းမှာ ထားဝယ်မြို့မှ လိုင်စင်ရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများ၏ ဈေးနှုန်းဖြစ်ပြီး စစ်ကောင်စီက ရောင်းချရန် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းလည်းဖြစ်သည်။

ပြင်ပ လိုင်စင်မဲ့ ဆီဆိုင်ငယ်များတွင်မူ တစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

ယခင်အပတ်က ဈေးကွက်အတွင်း စက်သုံးဆီပြတ်လပ်ခဲ့ပြီး အလုအယက်ဝယ်ယူခဲ့ရ‌သည်။

လက်ရှိတွင်မူ စက်သုံးဆီကို လိုသလောက်ဝယ်ယူ၍ ရသည့် အခြေအနေဖြစ်နေကြောင်း ထားဝယ်မြို့ခံတစ်ဦးက ဆိုသည်။

ရုရှားမှ မှာယူထားသည့် ဆီများ နောက်လဆန်းအတွင်း ရောက်လာဖွယ်ရှိခြင်းကြောင့် ဆီစျေးကျနိုင်ကြောင်း သုံးသပ်သူများလည်းရှိနေသည်။

ယခုအပတ်သည် ဒေါ်လာဈေးနှုန်းမြင့်တက်နေခြင်း အကျိုးဆက်ကြောင့် ရွှေနှင့် ဘတ်ဈေးနှုန်း ခုန်တက်သွားသော်လည်း လာမည့်အပတ်တွင်မူ အနည်းငယ်ပြန်ကျဖွယ်ရှိကြောင်း သုံးသပ်ကြသည်။