ထားဝယ်ထောင်တွင် ပြစ်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိဟုဆို

0
293

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား (အမျိုးသား) ၂၀၁ ဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဩဂုတ် ၂၇) ထုတ်ပြန်သည်။

ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့်စာရင်းဖြစ်ကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။

တနင်္သာရီတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်အပါအဝင် ပြစ်ဒဏ်ကျခံရသည့် နိုင်ငံရေး အကျဉ်းသား ၂၀၁ ဦးခန့်ကို စစ်ကောင်စီက အနိမ့်ဆုံး ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသည့် နိုင်ငံရေးအမှု အချုပ်သား ၁၀၀ ခန့်ရှိမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။

နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီး အချုပ်သား ၃၀ ဦးခန့်ရှိမည်ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။

“အမျိုးသမီး (အမိန့်ချခံထားရတဲ့) အကျကတော့ ကျွန်တော်တို့ အခုရက်ပိုင်းထဲမှာပဲ စာရင်းထုတ်ပြန်ပေးဖို့ရှိပါတယ်” ဟု တာဝန်ရှိသူက ဆိုသည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူနှင့် လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း ၂၀၀ နီးပါးခန့် ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စစ်အာဏာသိမ်းကာလတွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် ထားဝယ်၌ ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်ထောင်ဝန်းကျင် ရှိနိုင်သည်ဟု ၎င်းက ပြောသည်။

ထိုအထဲတွင် လက်ရှိ ပြစ်ဒဏ်ချခံထားသည့် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူများ၊ လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လည် လွတ်မြောက်လာသူများ၊ လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်လာသူများအပြင် ရဲစခန်း၊ အချုပ်၊ စစ်ကြောရေး ရောက်ပြီးမှ ပြန်လည်လွတ်မြောက်သွားသူတို့လည်း ပါဝင်သည်ဟု တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။