ကျိုက်ထိုတွင် လက်နက်ကြီးပစ်ခတ်ခံရမှုကြောင့် တိမ်းရှောင်နေရသူ နှစ်သောင်းကျော်ထိရှိလာ

0
698

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမှုကြောင့် စိုးရိမ်ထိတ်လန့်ကာ ထွက်ပြေး တိမ်းရှောင်နေရသူ ဒေသခံနှစ်သောင်းကျော်အထိ ရှိလာကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ထားသည်။  

ဩဂုတ်လ ၁၉ ရက်အထိ ထွက်ပြေးတိမ်းရှောင်လာသူ ၂၂၂၀၀ ကျော်အထိ ရှိလာကြောင်း KNU က ထုတ်ပြန်ထားသည်။

“မြို့ပေါ်ကို ရှောင်သွားကြတာရှိသလို တချို့ကလည်း အနီးအနားက ရွာတွေ တောတောင်တွေမှာပဲ ခိုလှုံနေကြတယ်။ တိုက်ပွဲက ဆက်ရှိနေတော့ ဘယ်သူမှလည်း မပြန်ရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့ တို့အကြား ဧပြီလနောက်ပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။ ယင်းနောက် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ရမှုလည်း မြင့်တက်လာခြင်းဖြစ်သည်။

ထိုသို့ တိုက်ပွဲများဖြစ်ပွားတိုင်း စစ်ကောင်စီတပ်တို့က ကျေးရွာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း KNU က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ လက်ပံပင်ရွာအနီးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၃ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု KNU ဘက်က ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က အနီးနားရှိ မဲရုံးလေး၊ လက်ပံပင်၊ ကျောက်ပုံ အစရှိသည့် ကျေးရွာတွေထဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့တာကြောင့် ရွာသားများ ဘေးလွတ်ရာ ထပ်မံထွက်ပြေးတိမ်းရှောင် နေရသည်ဟုလည်း KNU က ထုတ်ပြန်ထားသည်။

ယင်းပစ်ခတ်မှုကြောင့် ဒေသခံထောင်နှင့်ချီ ထွက်ပြေးကြရကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။

ထွက်ပြေးတိမ်ရှောင်နေကြရသူများတွင် အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးများလိုအပ်နေကြောင်း အကူအညီပေးနေသူတို့ထံမှ သိရသည်။

“အဓိက သူတို့ (စစ်ရှောင်သူ) အစားအသောက် မလုံလောက်မှုတွေနဲ့ ကြုံတွေ့နေရတယ်။ ပြီးရင် ဆေးဝါးတွေ လိုအပ် တယ် မိုးတွင်းလည်းဖြစ်နေတော့ ပိုပြီးခက်ခဲတယ်” ဟု အကူအညီပေးနေသူတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလကလည်း ဘီးလင်းမြို့နယ် KNU နယ်မြေရှိ ကျေးရွာများမှာလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျေးရွာ ၉ ရွာက ဒေသခံသောင်းချီထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။