ကော့သောင်းနယ်စပ်တွင် ဘတ်-ကျပ် တိုက်ရိုက်ငွေပေးချေမှုစတင်

0
356

ကော့သောင်း-ရနောင်း နယ်စပ်ကုန်သွယ်မှုအတွက် ထိုင်းနိုင်ငံငွေကြေးဘတ်ငွေနှင့် မြန်မာကျပ်ငွေတို့ တိုက်ရိုက် ငွေပေး‌ချေနိုင်သည့် ဝန်ဆောင်မှုကို ဩဂုတ်လ တတိယအပတ်ကစပြီး စတင်နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယင်းသို့ ပေးချေရန် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမူနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပေးသည့် ကုမ္ပဏီမှတ်ပုံတင် အထောက်အထားများဖြင့် ဘဏ်အကောင့်ဖွင့်ရမည်ဖြစ်သည်။

“အခုလောလောဆယ်မှာတော့ နယ်စပ်ကုန်သွယ်ရေးအတွက်ပဲ ရသေးတယ်။ personal အကောင့်တွေတော့ ဖွင့်လို့မရ‌သေးဘူး” ဟု ထားဝယ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ဘတ်၊ ကျပ်ဝန်ဆောင်မှုကို မြန်မာ့စီးပွားရေးဘဏ်ကလည်း ဝန်ဆောင်မှုပေးနေပြီး ပုဂ္ဂလိကဘဏ်အနေဖြင့် A Bank ခေါ် ဧရာဝတီတောင်သူလယ်သမားဖွံ့ဖြိုးရေးဘဏ်ကလည်း ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ဆိုသည်။

ကော့သောင်းနှင့် မြိတ်မြို့တွင် A Bank က ဘဏ်ခွဲနှစ်‌ခုလာရောက် ဖွင့်လှစ်ထားသည်။

နယ်စပ်ကုန်သွယ်ရေး (သွင်းကုန်၊ ပို့ကုန်) အတွက် ဘတ်-ကျပ် တိုက်ရိုက်ငွေပေးချေခြင်းကို ယခုနှစ် မတ်လကတည်းက ဗဟိုဘဏ်ကခွင့်ပြုပေးထားသော်လည်း ကော့သောင်းနယ်စပ်တွင်မှု ယခုလအတွင်းမှ ‌အကောင်အထည်ဖော်လာနိုင်ခြင်းဖြစ်သည်။

စီးပွားရေးလုပ်ငန်းရှင်အချို့ကမူ ဘတ်ကျပ်ဝန်ဆောင်မှုသည် ယေဘုယျအားဖြင့် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း စောင့်ကြည့်ရမည့်အနေအထားတွင်သာ ရှိသေးကြောင်း ပြောဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များ အဓိကစောင့်ကြည့်သည်မှာ ဈေးကွက်ပေါက် ငွေလဲနှုန်းနှင့် ဘဏ်ကသတ်မှတ်သည့် ငွေလဲနှုန်းမည်မျှကွာဟနေသည်ကို စောင့်ကြည့်နေခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်းငန်းရှင်တစ်ဦးက ဆိုသည်။

“သူတို့ (ပုဂ္ဂလိကဘဏ်) ဘက်က ပြောတာကတော့ သတ်မှတ်ငွေလဲနှုန်းနဲ့ ဈေးကွက်မှာပေါက်နေတဲ့ ငွေလဲနှုန်းကို အရမ်းကြီးကွာဟာတာမျိုး မဖြစ်‌အောင် အတတ်နိုင်ဆုံးညှိနှိုင်းပေးမယ်လို့တော့ ပြောတယ်။ တခြားစီးပွားရေးသမားတွေတော့ မသိဘူး။ ကျွန်တော်တို့ကတော့ စောင့်ကြည့်နေတုန်းပဲ” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် တနင်္သာရီတိုင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ကော့သောင်းနယ်စပ်တစ်ခုတွင်သာ တရားဝင်ကုန်စည်ကူးသန်းခွင့်ရှိနေသဖြင့် အခက်အခဲ‌ရှိနေကြောင်းလည်း ပြောဆိုကြသည်။

ဘတ်ကျပ် တိုက်ရိုက်ငွေပေးချေခြင်းကို နှစ်နိုင်ငံကုန်သွယ်မှုကို တိုးမြှင့်နိုင်ရန်၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုလွယ်ကူစေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

ဘတ်၊ ကျပ် ငွေပေးချေမှုကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် မြန်မာ၊ ထိုင်း နှစ်နိုင်ငံ ဗဟိုဘဏ်တာဝန်ရှိသူများ နှစ်ဖက်သဘောတူ လက်မှတ်ထိုးထားခြင်းဖြစ်သည်။