သရက်ချောင်းတွင် နေအိမ်သုံးဆောင် ဓားပြတိုက်ခံရ

0
488

ထားဝယ်ခရိုင် သရက်ချောင်းမြို့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်တစ်ဆောင်နှင့် လဘကျေးရွာ အုပ်စု ကျွဲဇပ်ကျေးရွာရှိ နေအိမ်နှစ်ဆောင်တို့တွင် ဓားပြတိုက်မှု ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဓားပြတိုက်ခံရသည့်နေအိမ် သုံးဆောင်လုံးမှာ ထားဝယ်-မြိတ်ကားလမ်းဘေးရှိ နေအိမ်များဖြစ်သည်။

ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့ပေါ်ရပ်ကွက် ကျောက်မြောင်းရပ်ကွက်ရှိ ဈေးဆိုင် ရောင်းနေသည့် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနေအိမ်တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး ဓားပြတိုက်သည့်လူတစ်စုမှာ အိမ်စီးကား အမည်းရောင်ဖြင့် အိမ်ထဲဝင်လာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

ယောက်ျားဝတ် လက်စွပ်တစ်ကွင်း၊ ပိုက်ဆံအိတ်တစ်လုံးနှင့် ဖုန်းဘေလ်ကတ်များပါသွားသည်ဟုသာ ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။

“ခက်တာက အဲဒီအိမ်က ဘယ်သူ့ကိုမှလည်း မပြောဘူး။ အုပ်ချုပ်ရေးမှူးကိုလည်း မပြောဘူး။ ရဲလည်း မသိဘူး။ လာတိုက်တဲ့လူက ဘယ်နှစ်ယောက်လဲဆိုတာကို မေးစားလို့လည်း မရဘူးဆိုတော့ တိကျဘာမှ မသိရဘူး။ အိမ်နီးနားချင်းတွေ ပြောစားတာလောက်ပဲ ကြားရတာမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။

သရက်ချောင်းမြို့နယ် လဘကျေးရွာအုပ်စု ကျွဲဇပ်ကျေးရွာရှိ (ငါးဆရာ) ဦးသန်းထိုက်ဦး၏ အိမ်ကို ဩဂုတ်လ ၁၉ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဆိုင်ကယ်ဖြင့်လာသည့် သေနတ်သမားနှစ်ဦးက အနုကြမ်းစီးကာ ဓားပြဝင်တိုက်ခဲ့ကြောင်း ကျွဲဇပ်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဓားပြဝင်တိုက်ခံရချိန် နေအိမ်တွင် ဦးသန်းထိုက်ဦးမရှိဘဲ ၎င်း၏ အမျိုးသမီးနှင့် ကလေးသာရှိပြီး ငွေကျပ် ၂၅ သိန်းကျပ်နှင့် ငါးမူးသား လက်စွပ်တစ်ကွင်း၊ ဖုန်း ၄ လုံးပါသွားကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

နောက်တစ်နေ့ ဩဂုတ်လ ၂၀ နံနက် ၈ နာရီခွဲခန့်တွင်လည်း ယင်းရွာက နောက်ထပ်နေအိမ်တစ်အိမ်ကို ဆိုင်ကယ်စီး သေနတ်သမားတစ်ဦး ဓားပြတိုက်သွားကြောင်း ၎င်းက ပြောသည်။

“လူကို ရိုက်နှက်ထုထောင်းတာတော့ မရှိဘူး။ သေနတ်က တစ်လက် ဘာသေနတ်လဲတော့ မသိဘူး။ ပြောစားရင် ပစ်သတ်မယ်ဆိုပြီးပြောတော့ ဖုံးပြီးထားထားတယ်။ ကျွန်တော်တွေးကြည့်တာတော့ ရွာခံလူမပါဘဲတော့ မရဘူး။ ဓာတ်သိ ကြောင်းသိရှိမယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

ယင်းအိမ်တွင်မူ မည်သည့် ပစ္စည်းမှ ပါမသွားကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းကာလတွင် ခိုးဆိုးလုယက်မှုနှင့် အပြန်အလှန်သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည့်အပြင် ထားဝယ်ခရိုင် အတွင်း ဓားပြတိုက်ခံရသည့် ဖြစ်စဉ်များလည်း မကြာခဏဖြစ်ပေါ်နေသည်။