ထိုင်းဝန်ကြီးချုပ်ကို တာဝန်မှ ဆိုင်းငံ့

0
587

ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကို ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ယနေ့ (ဩဂုတ် ၂၄) နေ့လယ်ပိုင်းတွင် မဲခွဲဆုံးဖြတ်၍ တာဝန်မှ ဆိုင်းငံ့လိုက်သည်။

ဝန်ကြီးချုပ် ပရာယွတ် အစိုးရလက်ထက်၌ ပြဋ္ဌာန်းထားသည့် ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဝန်ကြီးချုပ်သက်တမ်းကို အများဆုံး ၈ နှစ်ထက်ကျော်လွန်၍ တာဝန်ထမ်းဆောင်ခွင့် မရှိဟု ဖော်ပြထားသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီး ဝန်ကြီးချုပ်တာဝန်ယူခြင်းဖြစ်သဖြင့် ယမန်နေ့ ညအချိန်တွင် တာဝန်ထမ်းဆောင်မှု ၈နှစ် သက်တမ်းပြည့်ပြီဖြစ်ရာ ရာထူးမှ ရပ်ဆိုင်းပေးရန် အတိုက်အခံ လွှတ်တော်အမတ်များက တောင်းဆိုစာကို လွှတ်တော်ပါလီမာန်မှ တရားရုံးသို့ ပေးပို့လျှောက်ထားခဲ့သည်။

ယင်းလျှောက်ထားမှုကို အခြေခံဥပဒေတရားရုံးမှ ခုံရုံးတရားသူကြီး ကိုးဦးပါဝင်သည့်အဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၅ မဲ၊ ကန့်ကွက်မဲ ၄ မဲဖြင့် မဲပေးဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

နောက်ထပ် ဆုံးဖြတ်ချက်အမိန့် မချမခြင်း ဝန်ကြီးချုပ်အဖြစ်မှ ဆိုင်းငံ့ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အမှုနှင့်သက်ဆိုင်သည့် အကျိုးအကြောင်းဆီလျော်သော တောင်းဆိုမှု၊ အချက်အလက်များနှင့် ယူဆချက်အားလုံးကို ခုံရုံးမှ ထည့်သွင်းစဉ်းစားဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha သည် ထိုင်းနိုင်ငံ၏ အာဏာကို ၂၀၁၄ ခုနှစ်တွင် သိမ်းခဲ့ပြီးနောက် ၂၀၁၉ အထွေထွေရွေးကောက်ပွဲပြီးနောက် ဝန်ကြီးချုပ်ရာထူးကို ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။

ဝန်ကြီးချုပ်တာဝန်ကို လက်ရှိ ဒုတိယဝန်ကြီးချုပ် Prawit Wongsuwan က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း ဆောင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ပရာယွတ်ချန်အိုရှာသည် ဝန်ကြီးချုပ်ရာထူးအပြင် ကာကွယ်ရေးဝန်ကြီးအဖြစ်ပါ ပူးတွဲတာဝန်ယူထားသူဖြစ်သဖြင့် ကာကွယ်ရေးဝန်ကြီးအဖြစ် အစိုးရအဖွဲ့တွင် ရှိနေနိုင်သေးကြောင်း ဖော်ပြသည်။

Prayut Chan-o-cha ကို ထောက်ခံသူများကမူ သူ၏ ဝန်ကြီးချုပ်သက်တမ်းသည် ၂၀၁၇ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပြဋ္ဌာန်းသည့်အချိန် သို့မဟုတ် ၂၀၁၉ အထွေထွေရွေးကောက်ပွဲပြီးသည့် အချိန်မှသာ စတင်ခြင်းဖြစ်သည်ဟု တုံ့ပြန်ပြောဆိုခဲ့ကြသည်။

တရားရုံးအနေဖြင့် ယင်းအဆိုကို လက်ခံလိုက်ပြီး ပရာယွတ် ချန်အိုချာသည် ၂၀၂၃ ခုနှစ် မတ်လတွင် ပြုလုပ်ရန် စီစဉ်ထားသည့် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရသွားပါက ဝန်ကြီးချုပ်အဖြစ် ၂၀၂၅ ခုနှစ် သို့မဟုတ် ၂၀၂၇ ခုနှစ်အထိ ဆက်လက်တာဝန်ယူနိုင်မည်ဖြစ်သည်။