မြိတ် ကန်ကြီးနယ်မြေက ရာအိမ်မှူးတစ်ဦး ထပ်မံပစ်သတ်ခံရ

0
740
Myeik

မြိတ်မြို့ ကန်ကြီးနယ်မြေ ရာအိမ်မှူး ဦးသန်းဦး ယနေ့ ညနေပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ (ဩဂုတ် ၂၃) ညနေ ၃ နာရီဝန်းကျင်က မြိတ်မြို့၊ ကလွှင်ကျေးရွာအုပ်စု၊ NFD အိမ်ယာစီမံကိန်းနှင့် ကမ်းသာယာကျေးရွာအနီးလမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အနီးကပ် ပစ်သတ်ခံထားရတဲ့အနေအထားပဲ။ ထိတာကနဖူးမှာထိတာ။ မင်္ဂါထဲမှာ သေနေတယ်” ဟု ငွေပုလဲရပ်ကွက်နေ အမျိုးသား ကပြောသည်။

ပစ်သတ်ခံရသူသည် ဦးသန်းဦးသည် အိန္ဒိယထုတ်သုံးဘီးဆိုင်ကယ် (မင်္ဂါ) မောင်းသူဖြစ်ပြီး ရေပုန်းရပ်ကွက်တွင် နေထိုင်ကြောင်း ရပ်ကွက်သားများက ပြောသည်။

“သူကရပ်ကွက်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ပေါင်းပြီး ဆောင့်ကြွားကြွားနေနေတာ။ အခုရင်ခွဲရုံကို သယ်လာပြီလို့ ကြားတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းပစ်သတ်ခံရမှုနှင့် ပတ်သက်ပြီး အသတ်ခံရသည့် အကြောင်းအရင်းနှင့် မည်သည့်အဖွဲ့ကပြုလုပ်သည်ကို အတည်မပြုနိုင်သေးပေ။

ပြီးခဲ့သည့် ဩဂုတ် ၁၇ ရက်ကလည်း ရေပုန်းရပ်ကွက် ရာအိမ်မှူး ဦးအောင်သန်း သေနတ်ဖြင့် ပစ်သတ်ခံရသေးပြီး ဩဂုတ်လ ၁၆ ရက်နေ့တွင် ပျူစောထီးခေါ် ပြည်သူ့စစ်များ စီးလာသည့်ကား မြိတ်လေယာဉ်ကွင်းအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရခဲ့သည်။

မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့် စစ်ကောင်စီသတင်းပေး ဒလန်များအား ဩဂုတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး နုတ်ထွက်ရန် မြိတ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတိပေးချက် ထုတ်ပြန်ထားသည်။

မလိုက်နာလျှင် သုတ်သင်ရှင်းလင်းသွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။