ထိုင်းတွင် လျှပ်စစ်စက်ရုံက လုပ်သား ၁၆ဝကို နစ်နာကြေးပေးပြီး အလုပ်ထုတ်

0
585
Photo: ข่าวสารชลบุรี-ระยอง
Photo: ข่าวสารชลบุรี-ระยอง

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော စက်ရုံတစ်ရုံသည် လုပ်ငန်းအရှုံးပေါ်သဖြင့် အလုပ်သမားဦးရေ လျှော့ချသည့်အနေဖြင့် အလုပ်သမား ၁၆၀ ဦးကို နစ်နာကြေးပေးကာ အလုပ်ထုတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြထားသည်။

ချွန်ဘူရီခရိုင် ခလောတမ်းရူဒေသ အမတစက်မှုဇုံရှိ လျှပ်စစ်ပစ္စည်းထုတ်လုပ်သော SIAM ORIENT ELECTRIC CO., LTD. စက်ရုံက အလုပ်သမား ၁၆၀ ဦးကို ဩဂုတ်လ ၁၉ ရက်နေ့က အလုပ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်သမားများ အလုပ်ထုတ်ခံရသော သတင်းအရ ထိုင်းအလုပ်သမားဝန်ကြီး၏ ညွှန်ကြားမှုဖြင့် အလုပ်သမား ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် အလုပ်သမား အခွင့်ရေးအပြည့်အဝရရှိစေရန် သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။

စက်ရုံတွင် အလုပ်သမား ၂၉၀ ဦးရှိသည့်အနက် စက်ရုံနှင့် စာချုပ်ချုပ်ထားသော အလုပ်သမား ၁၂၀ ဦးနှင့် ပုတ်ပြတ် အလုပ်သမား ၄၀ ဦးတို့ အထုတ်ခံခဲ့ရပြီး စက်ရုံပိတ်သိမ်းခြင်း မဟုတ်ဘဲ အလုပ်သမား လျှော့ချခြင်းသာဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အလုပ်အထုတ်ခံခဲ့ရသော ပုတ်ပြတ်လက်ခစား အလုပ်သမား ၄၀ ဦးအတွက် တစ်ဦးလျှင် လျော်ကြေး ဘတ် ၅ သောင်းနှုန်းဖြင့် ဘတ် ၂ သန်းကို စက်ရုံက လျော်ကြေးပေးအပ်ထားပြီးပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စက်ရုံနှင့် တိုက်ရိုက်စာချုပ် ချုပ်ထားသော အလုပ်သမားများအတွက် လာမည့် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဥပဒေအရ လျော်ကြေးငွေ ဘတ် ၁၅ သန်းခန့် ပေးအပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အလုပ်ထုတ်ခံရသော အလုပ်သမားများမှာ မည်သည့်နိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်ကို သတင်းများတွင် ဖော်ပြထားခြင်း မရှိပေ။

“အလုပ်ထုတ်ခံရသူတွေအထဲမှာ ကျွန်တော်တို့ မြန်မာတွေ အနည်းနဲ့ အများပါမယ် ထင်တယ်။ ဒါကြောင့် အဆက်အသွယ်ရဖို့ ကြိုးစားနေပါတယ်” ဟု ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) မှ အလုပ်သမားတာဝန်ခံ ကိုဇော်က ပြောသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိရုံးကို ဆက်သွယ်မေးမြန်းရာ အထက်ပါ ကိစ္စနှင့်ပတ်သက်၍ ဆက်သွယ်လာခြင်း မရှိကြောင်း ပြောဆိုသည်။

ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာနမှ တာဝန်ရှိသူများ စက်ရုံသို့ သွားရောက်ကာ အလုပ်လက်မဲ့ အာမခံ ခံစားခွင့်၊ အလုပ်အကိုင်ရှာဖွေမှု၊ လိုအပ်ပါက သက်မွေးပညာသင်ကြားမှု၊ လူမှုဖူလုံရေး အကျိုးခံစားခွင့် စသော အလုပ်သမားဥပဒေများကို သွားရောက်ဆွေးနွေးပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အလုပ်ရှင်မှ မှန်ကန်စွာ ဥပဒေအရလုပ်ဆောင်ရန်နှင့် အလုပ်ထုတ်ခံရသော အလုပ်သမားများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရန်အတွက် အဆိုပါဌာနက ဝန်ထမ်းများကို စေလွှတ်စောင့်ကြည့်သွားမည်ဟု ဖော်ပြထားသည်။

အကယ်၍ အလုပ်သမားမျာအနေဖြင့် မေးမြန်းမှု အကြံရယူလိုပါက ချွန်ဘူရီခရိုင် အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီးဌာန ဖုန်းနံပါတ် 038-323-665 နှင့် Hot Line 1506 မှ 3 ကိုနှိပ်၍လည်းကောင်း 1546 သို့လည်းကောင်း ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားသည်။

Ref: ข่าวสารชลบุรี-ระยอง, Siamrath Online, The Reporter