ရောင်းလေရှုံးလေ… ကဲ… ဘာဆက်လုပ်မလဲ

0
79

ယနေ့အရင်းသည့် နောက်နေ့အရှုံး၊ ရောင်းရလေရှုံးလေဟု ဈေးသည်များ နောက်ပြောင်ပြောဆို ရလောက်အောင်ပင် ကုန်ဈေးနှုန်း မတည်ငြိမ်မှုဒဏ်ကို ဈေးသည်များ ခံစားနေကြရသည်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုနှင့်အတူ ဈေးနှုန်းများ အဆက်မပြတ်မြင့်တက်မှုကြောင့် ယနေ့ရောင်းလိုက်သည့် ကုန်မှာ နောက်နေ့တွင် ဈေးထပ်တက်သွား၍ ရောင်းရငွေဖြင့် ယင်းကုန်စည်ကို ပြန်ဝယ်မရတော့ပေ။

ယင်းကုန်စည်ကို ပြန်ဝယ်နိုင်ရန် အိတ်ထဲမှ အရင်းထပ်စိုက်ထုတ်ကြရပြန်သည်။

နောက်နေ့တွင်လည်း အလားတူပင် ထပ်ထပ်စိုက်နေကြရသဖြင့် ဈေးရောင်းရင်း ရှိတာကုန်ပြီး အရင်းပင်ရှာမရတော့သည့် အခြေအနေကို ဆိုက်လာကြသည်။

ယင်းအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်ပါသည်။

“လှုပ်လေမြုပ်လေဖြစ်နေတဲ့အလုပ်ကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး”

ထားဝယ်ဒေသခံ မုန့်ပို့လုပ်ငန်း လုပ်ကိုင်သူတစ်ဦး

DW ။ အစ်မရဲ့ အလုပ်အကိုင်အကြောင်း‌ အရင်ဆုံး မိတ်ဆက်ပေးပါ။

ဖြေ ။ ကျွန်မတို့က ထားဝယ်ခရိုင်ထဲ ကလေးစားတဲ့မုန့်တွေကို ထားဝယ်မှာဖောက်သည်ယူဝယ်ပြီးတော့ နယ်တွေလိုက်ပို့ပေးတယ်။ ဒီအလုပ်ကို အိမ်ထောင်ကျပြီးကာစတည်းက လုပ်လာတာ အခုဆို လေးငါးနှစ်လောက်ရှိပြီပေါ့။ အမျိုးသားကတော့ ကားမောင်း ပစ္စည်းအတင်အချလုပ်ပေးတာပေါ့နော်။

DW ။ အခုရော အလုပ်အကိုင် အဆင်ပြေလား။ ဘယ်လို အခက်အခဲတွေရှိလဲ။

ဖြေ ။ အာဏာသိမ်းပြီးက အလုပ်အကိုင်က သိပ်အဆင်မပြေတော့ဘူး။ ဒါအားလုံးသိတယ်။ ခရီးသွားရ လာရတာလည်း ခက်ခဲလာတယ်။ အစစ်အဆေး များလာတယ်။ စစ်ဆေးတာလောက်ပဲဆိုရင်တော့ မပြောပါဘူး။ ရစ်တာတွေ ‌ပိုက်ဆံပေးရတာတွေရှိလာတယ်။ ရှင်းရှင်းပြောရရင် လာဘ်ထိုးရတာပေါ့ရှင်။ အဲဒီတော့ ကျွန်မတို့မှာ ငွေကုန်ကြေးကျပိုများလာတယ်။ အမြတ်နည်းလာတယ်ပေါ့။

DW ။ အခုနောက်ပိုင်း စက်သုံးဆီဈေးကြီးတာတွေ၊ ကုန်ဈေးနှုန်းကြီးလာတာတွေ ဖြစ်လာတာတွေကရော အစ်မတို့လုပ်ငန်းကို ထိခိုက်မှုတွေရှိလား။

ဖြေ ။ အရမ်းကိုထိခိုက်တာပေါ့။ အခုနားက ပြောတဲ့နှစ်ခုလုံး ထိခိုက်မှုရှိတယ်။ ဘယ်လိုထိခိုက်တာလဲဆိုတော့ ကုန်ဈေးနှုန်းက တစ်နေ့နဲ့တစ်နေ့ မတူတော့ဘူး။ အခုဆိုပိုဆိုးလာတယ်။ ဒီနေ့ကဈေးတစ်မျိုး နောက်နေ့က ဈေးတစ်မျိုးဖြစ်နေတယ်။ ကျွန်မတို့မှာ လုပ်ရကိုင်ရအရမ်းခက်တယ်။ မိတ်ပျက်မှာလည်းကြောက်တော့ တကယ်လုပ်ရခက်တယ်။ ဘယ်လိုလဲဆိုတော့ ကျွန်မက ဒီနေ့ ပစ္စည်းတစ်ခုကို တစ်ထောင်နဲ့ ဝယ်လာတယ်ထား။ အမြတ် နှစ်ရာယူပြီး ၁၂၀၀ နဲ့ သွားပို့တယ်။ အဲဒီတော့ ကျွန်မအတွက် ၂၀၀ ကျန်တာပေါ့‌နော်။ ဒါပေမဲ့ နောက်နေ့ အဲဒီပစ္စည်းပဲ ပြန်သွားဝယ်တော့ ၁၂၀၀ ဖြစ်နေပြီ။ အခုနားက မြတ်တဲ့ ၂၀၀ က ဒီနေ့အတွက် အရင်းဖြစ်သွားပြီ။ ကြားထဲမှာ စက်သုံးဆီဖိုးတွေ၊ ကားပြင်စရိတ်တွေ ဘာတွေ ဘာမှ ထည့်မတွက်သေးဘူးနော်။ ထည့်တွက်ရင်ရှုံးနေပြီ။ တချို့ကပြောကြတယ် စီးပွားရေးသမားတွေက ကုန်ဈေးနှုန်းကြီးအောင် ဆွဲတင်နေကြတာတဲ့။ ကျွန်မတို့ဆွဲတင်နေတာ မဟုတ်ဘူး။ ခေတ်ကကို ဆွဲတင်နေတာ။

DW ။ အစ်မပြောတဲ့အထဲမှာ စက်သုံးဆီကိစ္စလည်းပါတယ်။ အဲဒီအကြောင်းဆက်ပြောပြပါဦး။

ဖြေ ။ စက်သုံးဆီကိစ္စကတော့ လူတိုင်းသိနေတဲ့ကိစ္စဆိုတော့ ထွေထွေထူးထူးတော့မရှိဘူး။ တစ်ခုတော့ရှိတာပေါ့။ စက်သုံးဆီတွေ ဈေးကြီးလာတော့ အရင်က ၂၀၀ ပဲ အမြတ်တင်ပြီးရောင်းနေရတဲ့ ပစ္စည်းတစ်ခု စက်သုံးဆီဖိုးပါ ထပ်ပေါင်းပြီး ‌၂၅၀၊ ၃၀၀ အဲဒီလိုတော့ (အမြတ်) တင်ပြီးရောင်းရတော့မှာပေါ့။

အဲဒီတော့ တချို့က မေးကြတယ်။ ရှင်တို့တွေက ဘာပဲဖြစ်ဖြစ် အရှုံးဆိုတာမရှိဘူးတဲ့။ သူများဈေးတက်ရင် ဈေးတက်လိုက်တာပဲတဲ့။ ကျွန်မပြောချင်တာက ဈေးတက်လိုက်တော့ အရင်က ကျွန်မမှာ ဖောက်သည် ဆယ်ယောက်ရှိတယ်ဆိုရင် အခု ငါးယောက်ပဲကျန်တယ်။ သူတို့မဝယ်နိုင်တော့ဘူးလေ။ လူတွေမဝယ်စားနိုင်တော့ဘူးလေ။ ကျွန်မ‌ ငွေရင်းနှီးထားရတယ်။ ကားရင်းနှီးထားရတယ်။ လူရင်းနှီးထားရတယ်။ ပြောရဦးမယ် လူရင်းနှီးထားရတယ်ပြောလို့ ကျွန်မပြောရင် တချို့က မကြိုက်ကြဘူး။ အခုလမ်းမှာသွားနေတယ်။ နည်းနည်းလေး ည ၇ နာရီလောက်ဖြစ်သွားတာနဲ့ ဂိတ်တွေက စစ်တယ်။ တချို့ဆို ပေးမဖြတ်ဘူး။ လမ်းခရီးက အေးတဲ့နေ့ရှိတယ်။ မအေးတဲ့နေ့ရှိတယ်။ ဒီကြားထဲမှာ ကျွန်မတို့က ဒီပိုက်ဆံတစ်ပဲခြောက်ပြားအတွက် အသက်နဲ့ရင်းပြီး လုပ်နေရတယ်။ အဲဒာကြောင့် လူရင်းထားရတယ်လို့ပြောတာ။

DW ။ ဒီတော့ အစ်မတို့ ဘာဆက်လုပ်မှာလဲ။

ဖြေ ။ ကျွန်မတော့ တပတ်တန်သည် နှစ်ပတ်တန်သည် စောင့်ကြည့်တဲ့အနေနဲ့ ဆက်လုပ်မယ်။ ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင်တော့ အဆင်မပြေဘူးလေ။ လှုပ်လေမြုပ်လေဖြစ်နေတဲ့အလုပ်ကို ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ အဲဒီအစား ထိုင်စားနေတာပိုကောင်းတာပေါ့။ အလုပ်ပြန် ပိုက်ဆံတွက်ရင်း သွေတိုးတက်နေမယ့်အစား စားလိုက်၊ အိပ်လိုက်ပဲ လုပ်တော့မယ် (ရယ်လျက်)။

DW ။ ကုန်ဈေးနှုန်းတွေက တစ်နေ့နဲ့တစ်နေ့ မတူဘဲ ဖြစ်နေတာက ဘာကြောင့်လို့ထင်လဲ။

ဖြေ ။ ကျွန်မလည်း ကျွန်မဝယ်နေတဲ့ဆိုင်တွေကို မေးကြည့်တယ်။ သူတို့ပြောတာကတော့ ဘတ်ဈေးကြောင့်လို့ ပြောတယ်။ ကျွန်မတို့က တစ်နေ့ဝယ် တစ်နေ့ရောင်းဆိုတော့ ကြာရင်တစ်ပတ်ပဲလေ။ သူတို့ထိုင်း (နိုင်ငံ) ကနေ တိုက်ရိုက်ယူရောင်းတဲ့ သူတွေကကျတော့ နှစ်ပတ်၊ သုံးပတ်ကြာရင်တစ်ခါ ပစ္စည်းသွင်းငွေချေ လုပ်နေရတာလေ။ ဘတ်ဈေးကိုသူတို့က တချိန်လုံးစောင့်ကြည့်နေရတယ်။ ဒီနေ့ဘတ်ဈေးတက်သွားရင် ပစ္စည်းဈေးလည်း တက်သွားတာပဲ။ အဲဒီလိုမစောင့်ကြည့်လို့လည်းမရဘူး။ မဟုတ်ရင် မွဲသွားမှာပေါ့။ ရောင်းတုန်းက အကျဈေးနဲ့ ဝယ်တော့ အတက်ဈေးဆိုရင် သူတို့မှာ အရမ်းရှုံးမှာလေ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ကျွန်မဆီက ဖောက်သည်ယူနေကျ တချို့ လေးငါးဆိုင်လောက်ကတော့ သူတို့မယူတော့ဘူးဆိုတာတွေ ရှိတယ်။ ကုန်ဈေးနှုန်းက ကျဖို့ကို မမြင်ဘူး။ ထပ်တက်ဖို့ပဲရှိတာဆိုတော့ ကျန်တဲ့ဖောက်သည်တွေလည်း မသေချာဘူးပေါ့နော်။ ဝယ်တဲ့သူရှိမှ ရောင်းတဲ့သူဆိုတာရှိတာလေ။ အားလုံးကိုယ်စီ ကိုယ်စီ အဆင်ပြေဖို့အတွက်ဆိုရင် တစ်နေ့တစ်မျိုးဖြစ်နေတဲ့ ကုန်ဈေးနူန်းတွေ ပြန်ကျမှာပဲ အဆင်ပြေမှာပါ။ ကျွန်မလည်း နေ့တိုင်းကုန်ဈေးနှုန်းပြန်ကျဖို့ပဲ ဆုတောင်းတယ်။

DW ။ ကျေးဇူးတင်ပါတယ်

“အကြွေးတွေတင်ပြီး ဆိုင်လည်းခဏရပ်မယ်ဆိုပြီး ရပ်လိုက်ရတယ်”

ထားဝယ်မြို့နယ်မှ ဆေးဆိုင်ပိုင်ရှင်တစ်ဦး

D W။ အလုပ်အကိုင်လေး အရင်ဆုံး မိတ်ဆက်ပေးပါဦး။

ဖြေ ။ ဆေးဆိုင်ဖွင့်ထားပါတယ်။ ဆေးဆိုင်ဆိုပေမယ့် ဆိုင်အကြီးကြီးလို့တော့မထင်စေချင်ဘူး။ ရွာမှာဖွင့်ထားတဲ့ဆိုင်ဆိုတော့ ဆေးဝါးလည်း နည်းနည်းပဲရှိတယ်။ နည်းနည်းပါးပါးပဲရောင်းတဲ့ဆိုင်ပါ။ ဟိုလိုအကြီးကြီးမဟုတ်ဘူး။

DW ။ ဆိုင်ဖွင့်တာ ဘယ်လောက်ကြာပြီလဲ။ အရောင်းအဝယ် အဆင်ပြေလား။

ဖြေ ။ ဆိုင်ဖွင့်တာကတော့ ၆ လလောက်ပဲ ရှိသေးတယ်။ အလုပ်လည်း မယ်မယ်ရရ မရှိတာနဲ့။ ပြီးတော့ ဒီဖက်မှာက မြို့ကိုတက်ပြီး ဆေးသွားဝယ်ရတာ လှမ်းလည်းလှမ်းတယ်။ လမ်းခရီးလည်း လုံခြုံမှုမရှိဘူးဆိုတော့ ဒီမှာ ဆေးဆိုင်လေးတစ်ဆိုင်တော့ ရှိရင်ပိုအဆင်ပြေမယ်။ ကျန်မာရေးအတွက် အထောက်အကူတစ်ခုတော့ဖြစ်မယ်ဆိုပြီး ဖွင့်ဖြစ်တာပါ။

 DW ။ ဆိုင်အသစ်ဆိုတော့ အရောင်းအဝယ် ဘယ်လိုရှိလဲ။

ဖြေ ။ ဆိုင်အသစ်ဆိုပေမယ့် ကျွန်မက ဒီကလူတွေနဲ့ သိပြီးသား ရင်းနှီးပြီးသားဆိုတော့ အဆင်ပြေပါတယ်။ အရောင်းအဝယ်အဆင်ပြေလားဆိုတော့ စစဖွင့်ဖွင့်ချင်းမှာတော့ ဆေးဝယ်တဲ့သူတွေကလည်းများတော့ အားပေးကြတော့ တော်တော်လေး ရောင်းကောင်းတယ်လို့ပြောရမယ်။ ကိုယ်ကလည်း ရောင်းမှရောင်းရပါ့မလား ကိုယ့်ရှိတာလေးထုခွဲ ရင်းထားရတာဆိုတော့ စိတ်ပူတာတော့ရှိတာပေါ့နော်။ ဒါပေမဲ့ ပထမ ဆိုင်ဖွင့်ဖွင့်ချင်းမှာပဲ အားပေးတဲ့သူတွေရှိတော့ ဖွင့်ပြီး နှစ်ပတ်လောက်အကြာမှာကိုပဲ ဆေးထပ်မှာရတာ။ ‌ပိုက်ဆံတွေ စာရင်းလုပ်တော့ လေးသိန်းခွဲလောက် အမြတ်ကျန်‌တယ်။ အယ် အဲဒီလောက်ဆို မဆိုးဘူးပေါ့နော်။ ကိုယ့်ဘာသာ ကြိတ်ပျော်နေတာ။ နောက်မှအကြွေးတင်မယ်မသိဘဲနဲ့ ပျော်နေတာ။

DW ။ အကြွးတင်လာရတဲ့အကြောင်းနဲ့ ဆိုင်ခဏပိတ်ထားရတဲ့အကြောင်း နည်းနည်းထပ်ရှင်းပြပေးပါလား။

ဖြေ ။ အကြွေးတွေတင်လာရတဲ့ အဓိကအကြောင်းကတော့ ‌ဒေါ်လာ၊ ထိုင်းဘတ်ငွေဈေးတွေ တက်သွားပြီးတော့ မြန်မာငွေ‌တန်ဖိုးကျလာလို့ ဖြစ်တာပေါ့နော်။ မြန်မာငွေဈေးကျလာတာ ပထမတော့ မသိသာဘူး သိလား။ ရောင်းပေးရောင်းပေးနေတာပေါ့။ ကိုယ်ရောင်းနေတာကလည်း အမြတ်တင်ပြီး ရောင်းနေတာဆိုတော့ မြတ်နေတယ်ပဲ ထင်တာပေါ့နော်။ ငွေဈေးအတက်အကျ‌တွေ စဖြစ်လာတော့ ကိုယ်လည်းသတိမထားမိဘူး။ ရောင်းနေတာပဲ။ အခုမှ စလုပ်တဲ့သူဆိုတော့ အဲဒီငွေဈေးတက်တာကျတာတွေ ကိုယ်နဲ့မဆိုင်ဘူးပဲထင်နေတုန်းပဲ။ ရောင်းလို့ကုန်လို့ဆိုင်မှာ ဆေးပြတ်လို့ ပစ္စည်းမှာတော့မှ သိတာ။ ဆေးပြတ်တော့ လချုပ်စာရင်းတွေလုပ်၊ ငွေစာရင်းတွေလုပ်တော့ ကိုယ့်အတွက်အမြတ်လေးဘာလေး ရှိသေးတယ်။

ကုန်နေတဲ့ဆေးစာရင်းတွေလုပ်ပြီးတော့ ပိုက်ဆံရှင်းတော့မှ ဈေးတွေတက်သွားလို့တဲ့ ကိုယ့်အမြတ်ငွေထဲကအပြင် မိဘဆီက ဆယ်သိန်း (ကျပ်) ခဏလောက်လှည့်ပါဆိုပြီး ထည့်ဝယ်လိုက်ရတယ်။ အဲဒါပထမတစ်ခါ။ နောက်တစ်ခါ ဆေးပြတ်လို့ စာရင်းလုပ်တော့ အရင်းကြီးတော့ အမြတ်ကြီးတယ်ဆိုသလိုပေါ့။ အရင်ကထက် ပိုမြတ်တယ်။ ဒါပေမဲ့ ဒေါ်လာဈေးတက်လို့တဲ့ ကိုယ်မှာတဲ့ဆေးကဈေးနှစ်ဆ သုံးဆလောက်တက်နေပြီ။ အဲတာနဲ့ အကြွေးတွေတင်ပြီး ဆိုင်လည်းခဏရပ်မယ်ဆိုပြီး ရပ်လိုက်ရတယ်။

DW ။ ဆေးဆိုင်အရောင်းရပ်ထားတာ ဘယ်လောက်ကြာပြီလဲ။ အခုရော ဘာဆက်လုပ်မှာလဲ။

ဖြေ ။‌ ဆိုင်နားထားတာက အခုဆို တစ်လပြည့်တော့မယ်။ အစကတော့ ကိုယ်လည်းအဆင်ပြေတယ်။ ရွာကလူတွေလည်း အဆင်ပြေနေတာဆိုတော့ ဆေးဆိုင်လေးမှာပဲ ထိုင်မယ်စိတ်ကူးထားတာပေါ့‌။ အခုကတော့ သူတို့ကဈေးတက်လည်း တက်တဲ့အတိုင်းပဲ တင်ရောင်းပေါ့လို့ ပြောကြတယ်။ ခက်တာက ဘယ်လိုဈေးတင်ရောင်းရမှန်းကို မသိတာ။ အရင်ကလည်း တစ်ဆယ်ရာခိုင်နှုန်း‌အမြတ်တင်ပြီး ရောင်းပေးတာပဲလေ။ ဒီလိုအလုပ်မျိုး အရင်ကမလုပ်ဖူးတော့ မကျွမ်းကျင်တာလည်း ပါတာပေါ့နော်။ အခုလောလောဆယ်တော့ ဘာလုပ်မယ်မသိသေးဘူး။ ဒီအတိုင်းအိမ်မှာပဲ နေနေသေးတယ်။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ ဆေးဝါးပစ္စည်းတွေဆိုတာ လူတွေအတွက် အရမ်းအရေးကြီးတဲ့ မရှိမဖြစ် ပစ္စည်းတစ်ခုလေ။ အဲလိုမျိုး မရှိမဖြစ် ပစ္စည်းတွေ ရောင်းဝယ်တဲ့ဆိုင်တွေ ရပ်တည်နိုင်ဖို့လိုတယ်။

DW ။ ကျေးဇူးတင်ပါတယ်။

“အခုက အမြတ်နည်း အိမ်စရိတ်ကြီးလာတာ”

မြိတ်အခေါ် (အာပုံဆိပ်မုန့်) မုန့်ရောင်းချခြင်းအား လေးနှစ်တိုင် လုပ်ကိုင်လာသူ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၄ ရပ်ကွက်နေ အသက် ၆၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး။

DW ။ အာပုံဆိပ်မုန့်ကို ဘယ်လိုလုပ်ကိုင် ရောင်းချနေသလဲဆိုတာ သိပါရစေ။

ဖြေ ။ မြိတ်ကခေါ်နေကျ နာမည်က အာပုံဆိပ်ပေါ့။ အာပုံကအမျိုးမျိုးရှိတာ။ အာပုံဆိပ်ကျတော့ အိုးအပ်ခွက်နဲ့ မီးနဲ့အပူပေးပြီး လုပ်ရတာ။ ဘေးနားဘက်‌တွေမှာ မုန့်အသားအမာကပ်လေးတွေ ရှိနေတာမျိုးပါ။ ဒီမုန့်က ဆန်ကြိတ်ပြီးရတဲ့ မုန့်သားနဲ့ အုန်းသီးခြောက်ကြိတ်ပြီးရတဲ့ အုန်းနို့ရည်နဲ့ရောပြီး လုပ်ရတာမျိုးပါ။ ရောင်းတာက မနက် ၂ နာရီလောက်ကတည်းက ထရောင်းတာ၊ လက်ဖက်ရည်ဆိုင်တွေအတွက် အချိန်မီပို့နိုင်အောင်ပေါ့။ လင်း ၆ နာရီဆို မုန့်ကုန်ပြီ။

DW ။ ဟုတ်ကဲ့ခင်‌ဗျား။ အခုချိန်က အားလုံးသိကြတဲ့အတိုင်းဆို ကုန်ဈေးနှုန်းတွေ အဆမတန် တက်နေတာပေါ့နော်။ မုန့်အတွက် လိုအပ်တဲ့ဆန်တွေ အုန်းသီးတွေကရော ဈေးတက်တဲ့အထဲ ပါနေတာဆိုတော့ မုန့်လုပ်ရောင်းတော့ ဘာအခက်အခဲတွေ ကြုံရသလဲ။

ဖြေ ။ အုန်းသီးခြောက်က တစ်လုံး ၅၀၀၊ ၆၀၀ ပဲ၊ အုန်းသီးရှားမှပဲ ဈေးတက်တာ။ ရှားရင် တစ်ထောင်အထိပေါ့။ ဆန်ဈေးတက်က ပြောမကောင်းဘူး။ မုန့်စလုပ်ချိန်က ဆန်တစ်ပြည်ဆိုရင် ပေါ်ဆန်းမွေးပဲလုပ်တယ်။ တောင်ပျံ ပေါ်ဆန်းမွေးနဲ့ လုပ်တယ်။ ‌တောင်ပျံပေါ်ဆန်းမွှေးတစ်ပြည် နှစ်ထောင်သုံးရာ၊ အခုက သုံးထောင်ငါးရာ။

DW ။ ဒီလိုဆန်ဈေးတွေတက်လာတော့ မုန့်လုပ်တဲ့နေရာမှာ ဘယ်လိုအခက်အခဲ ရှိပါသလဲ။

ဖြေ ။ အခက်အခဲအကြောင်း ပြောမယ်ဆို တအားပဲ၊ မီးသွေးဖိုး၊ လျှပ်စစ်မီးဖိုး၊ ငှက်ပျောရွက်ဖိုး အဲဒါတွေလည်း ဈေးတက်နေတာ။ ခါဆိုင်းဆို အရင်းက တစ်သောင်းနှစ်ထောင်၊ တစ်သောင်းငါးထောင်ပဲ။ အခုက အရင်း နှစ်သောင်းကျော်သွားပြီ။ တစ်ရက်မုန့်လုပ်ရောင်းတဲ့ အရင်းပေါ့။ အမြတ်က စားဖို့ပဲကျန်တော့တယ်။ အရင်ကဆို တစ်ရက်ကို နှစ်သောင်းအထိမြတ်တာ။ အခုက ရှစ်ထောင်၊ တစ်သောင်း အဲဒီလောက်ပဲ ကျန်တယ်။ အရင်းအနှီး နှစ်သောင်းကျော်ပြီး အမြတ်က နည်းသွားတယ်။

DW ။ အမြတ်နည်းသွားတယ် စားဖို့အတွက်ပဲ ကျန်တာဆိုတော့ အရင်တချိန်က အမြတ်နှစ်သောင်းလောက်ရတဲ့အချိန်က အခြေအနေလေးတစ်ချက်လောက် ပြောပြပေးပါခင်ဗျား။

ဖြေ ။ အရင်က အမြတ်များသလို စားဖို့သောက်ဖို့အပြင် စုဆောင်းမိသေးတယ်။ စီးပွားတော့မဖြစ်ဘူးပေါ့။ အသက်ကလည်း ကြီးလာပြီဆိုတော့ နေမကောင်းဖြစ်ချိန်ဆို စုထားတာတွေ ထိုင်စားလို့ရသေးတယ်။ အဆင်ပြေတယ်လို့ ပြောလို့ရတယ်။ အခုက အမြတ်နည်း အိမ်စရိတ်ကြီးလာတာ၊ စုဖို့မရဘူး စားဖို့ လုံလောက်အောင် စားနေရတာ။

DW ။ မုန့်လုပ်တဲ့ ကုန်ကျတာတွေ များနေတော့ မုန့်ဈေးတင်ရောက်တာဖြစ်ဖြစ် ပိုလုပ်တာဖြစ်ဖြစ် ဘာများလုပ်ဖြစ်သေးလဲ။

ဖြေ ။ ဈေးမတက်ဘူး။ စရောင်းကတည်းက တစ်ချပ် နှစ်ရာ၊ ခုလည်း နှစ်ရာပဲ။ ဈေးတင်ရောင်းရင် စားတဲ့သူမရှိ‌တော့ဘူး။ မုန့်က တစ်ရက်ဆန်တစ်ပြည်ဆို တစ်ပြည်ပဲ ပိုလည်းမလုပ်နိုင်ဘူး။ လက်ဖက်ရည်ဆိုင်တွေပဲ ပို့တာများတာဆိုတော့ အရင်ဈေးအတိုင်း နှစ်ရာပဲ။ ဆိုင်ပို့တာက ဆိုင်အတွက် အမြတ်ပေးရတာဆိုတော့ တစ်ထောင်ဖိုးဆို ၁၁ ချပ်၊ ၁ ချပ် နှစ်ရာက ဆိုင်အတွက် အမြတ်ပေးရတာပေါ့။ မနက်ပို့ ညနေမှသွားရှင်း ကုန်တာပဲရှင်းရတာ၊ မုန့်ကျန်တာလည်း နည်းပါတယ်။ မရှိသလောက်ပဲ။

DW ။ အခုလို ကုန်ဈေးနှုန်းအခက်အခဲနဲ့ ဆိုတော့ ရေရှည်အတွက်ရော ဘယ်လို စဉ်းစားထားပါသလဲ။

ဖြေ ။ ဆက်လုပ်ရမှာပဲ။ အမြတ်နည်းလည်း လုပ်ပေါ့။ မလုပ်ရင် ထမင်းငတ်သွားမှာ။ ယောက်ျားက ဆိုင်ကယ်ကယ်ရီမောင်းတာ ဆီဈေးတွေတက်တော့ သူလည်း သိပ်မမောင်းရတော့ဘူး။

DW ။ ဒီလို အစစအရာရာ ‌ဈေးတွေတက်နေတဲ့အပေါ် ဘာများမှတ်ချက်ပြုချင်ပါသလဲ။

ဖြေ ။ ဦးဆုံးက ကိုဗစ်ပေါ့။ ကိုဗစ်ပြီးတော့ တိုင်းပြည်ကမောက်ကမဖြစ်၊ ကုန်ဈေးနှုန်းတွေ တက်ပြီးရင်းတက်၊ ဒီလို ကမောက်ကမဖြစ်တာ အရင်က ကြုံဖူးတာဆိုတော့၊ ဘာမှမမျှော်လင့်တော့ဘူး။ အရင်တချိန်ကိုပဲ ပြန်သတိရနေမိတာ။ အာပုံလုပ်ရောင်း အမြတ်နည်းလည်း ထမင်းစားဖို့တော့ ရသေးတာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။