ဆိပ်ခံတံတားပါ ထားဝယ်ငါးဈေး အောက်တိုဘာတွင် စဆောက်ပြီး သုံးလအတွင်းပြီးမည်ဟုဆို

0
445

ဆိပ်ခံတံတားပါဝင်သည့် ငါးဈေးတစ်ခုကို ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ဈေးတည်ဆောက်မည့် Southern Dragons Myanmar ကုမ္ပဏီထံမှ သိရသည်။

ကြက်စားပြင်ရပ်ကွက် ကာစတန်အောက်ဘက်ရှိ ထားဝယ်ကူးသန်းရောင်းဝယ်ရေး အများပိုင်ကုမ္ပဏီ မြေပေါ်ရှိ လှေဒေါက်နေရာတွင် နှစ်ရှည်မြေနေရာငှားရမ်း တည်ဆောက်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

အဆိုပါငါးဈေးအတွက် ထားဝယ် ကူးသန်းရောင်းဝယ်ရေးပိုင်မြေနေရာ ၃ ဧကကို နှစ် ၂၀ ငှားရမ်းပြီး Southern Dragons Myanmar ကုမ္ပဏီက သုံးလအတွင်း အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ စီမံကိန်း အချက်အလက်အရ သိရသည်။

လက်ရှိတွင် ဆိပ်ခံတံတား၊ ငါးဆိုင်ခန်းများ၊ စားသောက်ဆိုင်များ၊ ငါးဖမ်းလှေများအတွက် ရိက္ခာရောင်းချမည့် ကုန်ခြောက်ဆိုင်များ ပါဝင်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ်သိန်းပေါင်း နှစ်သောင်းခန့်ရှိမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းစီမံကိန်းကို လာမည့်အောက်တိုဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ဒီဇင်ဘာလကုန်တွင် ပြီးစီးမည် ဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ဈေးစဖွင့်မည်ဟု အထက်ပါဒါရိုက်တာက ပြောဆိုသည်။

“ဈေးကို အရင်ဖွင့်မယ်ပေါ့။ ပြီးရင် Jetty (ဆိပ်ကမ်း) အပိုင်း ဘာအပိုင်းကို ဈေးဖွင့်ရင်းနဲ့ တည်ဆောက်သွားမယ် ခင်ဗျား” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

လက်ရှိတွင် ထားဝယ်ဒေသ၌ ငါးဈေးများ ပြန့်ကြဲနေသည့်အတွက် ပြည်တွင်းပြည်ပမှ ငါးဝယ်သူများအတွက် အဆင်မပြေဖြစ်နေကြောင်း ၎င်းက ဆိုသည်။

လက်ရှိငါးဈေးတည်ဆောက်ပြီးပါက ငါးဝယ်လိုသူများအနေဖြင့် တစ်စုတစုတည်း ဝယ်နိုင်မည့်အပြင် ငါးဖမ်းလှေ ပိုင်ရှင်များအတွက်လည်း စရိတ်အကုန်အကျ သက်သာမည်ဖြစ်ကြောင်း ဒါရိုက်တာက ပြောသည်။

လက်ရှိတွင် အထက်ပါစီမံကိန်းနှင့် ပတ်သက်၍ တိုင်းဒေသကြီးအဆင့် အပါအဝင် သက်ဆိုင်ရာဌာနများထံ လုပ်ထုံးလုပ်နည်းအတိုင်း ခွင့်ပြုချက်တင်ထားပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါငါးဈေးတွင် ၂၀ ပေ၊ ပေ ၄၀ အကျယ်အဝန်းရှိ ငါးဆိုင်ခန်းပေါင်း ၃၉ ခန်းပါဝင်ပြီး လက်ရှိတွင် အခန်း ၃၀ ကို ကြိုတင်စနစ်ဖြင့် နှစ်ရှည်ငှားရမ်းထားပြီးဖြစ်ကြောင်း အထက်ပါ ကုမ္ပဏီထံမှ သိရသည်။

ယင်းဆိုင်ခန်းတစ်ခန်းလျှင် နှစ်ရှည် (နှစ်၂၀) ငှားရမ်းခအဖြစ် ကျပ်သိန်း ၅၀၀ သို့မဟုတ် သိန်း ၆၀၀ နှုန်းထားဖြင့် ငှားရမ်းနေသည်ဟု ဆိုသည်။

ထားဝယ်ဒေသတွင် ပြီးပြည့်စုံသည့် ငါးဈေးတစ်ခု မရှိမဖြစ်လိုအပ်ကြောင်း ထားဝယ်မြို့မှ ရေလုပ်ငန်းရှင်ကြီးတစ်ဦး ဖြစ်သူ ဦးကျော်ကျော်သက်က ပြောသည်။

သို့ရာတွင် ကုမ္ပဏီအနေဖြင့် ယခုကဲ့သို့ အငှားမြေနေရာပေါ်တွင် ကြိုပွိုင့်ပုံစံဖြင့် ဆိုင်ခန်းရောင်းချ (ငှားရမ်း) ခြင်းမှာ လုံးဝမဖြစ်သင့်ကြောင်း ၎င်းက ထောက်ပြသည်။

အမှန်တကယ် ဖြစ်သင့်သည်မှာ ကုမ္ပဏီရင်းနှီးငွေကြေးဖြင့် အခြေခံအဆောက်အအုံများ တည်ဆောက်ပြီးမှသာ ငါးလုပ်ငန်းလုပ်ကိုင်သူများကို နှစ်အလိုက်ငှားရမ်းသင့်ကြောင်း ၎င်းက အကြံပြုသည်။

“ငါးဈေးကိုအရင်ဆောက်မယ်။ Jetty (ဆိပ်ခံတံတား) ကို နောက်မှဆောက်မယ်။ ကြိုရတဲ့ ပိုက်ဆံနဲ့ ငါးဈေး ဆောက်မယ်ဆိုတာက ရှင်းရှင်းပြောရင် ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ပုံစံပါ” ဟု ဦးကျော်ကျော်သက်က ပြောသည်။

ထို့အပြင် ပြီးပြည့်စုံသည့် ငါးဈေးတစ်ခုတွင် အအေးခန်း၊ အအေးသိုလှောင်ခန်း၊ ငါးဖမ်းလှေအတွက် စက်သုံးဆီ ဆိုင်နှင့် သောက်သုံးရေ အစရှိသည့် မရှိမဖြစ်ထောက်ပံ့ပစ္စည်းများ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထားဝယ်မြို့မှ အခြားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်း ဒေသတွင် ပြီးပြည့်စုံသည့် ငါးဈေးတစ်ခုလိုအပ်နေသည်မှာ မှန်သော်လည်း အသေးစိတ်အခြေအနေကို စောင့်ကြည့်ရမည်ဟု ဆိုသည်။

ထားဝယ်ငါးဈေးတည်ဆောက်မည့် Southern Dragons Myanmar ကို ၂၀၂၂ ခုနှစ် ဧပြီလတွင်မှ မှတ်ပုံတင်ထား သည်ကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင်လည်း ပြီးခဲ့သည့် NLD အစိုးရလက်ထက်က GGS ကုမ္ပဏီက ငါးလေလံဈေး စီမံကိန်းတစ်ခုတည်ဆောက်ရန် လုပ်ဆောင်ခဲ့ဖူးသည်။

ယင်းစီမံကိန်းမှာ ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီတာဝန်ရှိသူများ အဖမ်းခံရပြီးနောက် ပျက်ပြယ်သွားခဲ့သည်။