မြိတ်မြို့တွင် ဆန်ပြတ်မည်ကို စိုးရိမ်ရန်မရှိဟု ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌပြော

0
460

မြိတ်မြို့တွင် ဆန်ပြတ်လပ်မည့်အရေးကို စိုးရိမ်ရန် မလိုကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမောင်ထွေးက ပြောသည်။

လတ်တလောအခြေအနေတွင် ဈေးတက်ထပ်တက်မည်စိုးရိမ်ကာ ဒေသခံပြည်သူများ ဆန်ကို အပြေးအလွှား ဝယ်ယူနေကြသဖြင့် ဆန်ပြတ်လပ်သွားမည်ကို စိုးရိမ်ကာ ဝယ်ယူသူများလည်းရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ဆန်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်စရာမရှိဘူး။ လက်ရှိ ကုန်သွားတာတွေ ဆက်တိုက်ပြန်ဝယ်ဖြည့်နေတယ်။ ဈေးတက် ရင်လည်း တက်တဲ့အလိုက်ပေါ့။ မပြတ်အောင်တော့ စီစစ်ပြီးဆောင်ရွက်နေတယ်” ဟု မြိတ်ခရိုင်အတွင်း အကြီးဆုံးဆန်စက်လုပ်ငန်းဖြစ်သည့် OK ဆန်စက်ပိုင်ရှင်လည်းဖြစ်သူ ဦးမောင်ထွေးက ဆိုသည်။

လက်ရှိ OK ဆန်စက်တွင် ဒေသတွင်းနှင့် တိုင်းပြင်ပမှ ဝယ်ယူထားသည့် လုံးတီးခွဲနှင့် စပါးများအား ကြိတ်ခွဲ လျှက်ရှိနေပြီး တစ်နေ့ဆန်အိတ် လေးထောင်ခန့် နေ့စဉ်ထွက်ရှိနေကြောင်း ၎င်းက ပြောသည်။

ယင်းအပြင် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းမှ ဆန်တင်သင်္ဘော သုံးစီး မြိတ်မြို့သို့ ရောက်ရှိလာတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒေသတွင်းထွက်တဲ့ စပါးတွေလည်း လာမယ့်ဆယ်လပိုင်း (အောက်တိုဘာလ) လောက်မှာ ရိတ်သိမ်းလို့ရပြီ” ဟု ၎င်းက ပြောသည်။

ဆန်များကို အလုအယက်ဝယ်နေသည်ကို ရပ်ကွက်အတွင်း တွေ့မြင်ရပြီး ဈေးတက်လာနေပြီဟုပြောဆိုမှုများလည်း ရှိလာသဖြင့် နားကပ်ချွတ်ရောင်းကာ ဆန်ပြေးဝယ်ခဲ့ကြောင်း သားသမီးသုံးဦးမိခင် အိမ်ရှင်မတစ်ဦးက ပြောသည်။

“ဆန်တွေ ဈေးတအားတက်နေပြီ။ ဝယ်လို့မရတော့ဘူးဆိုပြီး ကြားရသလို သူများတွေဝယ်နေတော့ ကိုယ်လည်း စိတ်ပူပြီး သွားပြေးဝယ်လိုက်တယ်။ ဆန်ရှိနေရင် ဘာနဲ့ပဲစားစား ရတယ်ဆိုပြီး” ဟု ၎င်းက ပြောဆိုသည်။

ဩဂုတ်လ ၂၀ ရက်နေ့တွင် ရိုးရိုးဆန်ကြမ်းတစ်အိတ် ၄၂၀၀၀ ကျပ်၊ စူပါတစ်အိတ် ၄၅၀၀၀ ကျပ်၊ ရိုးရိုးပေါ်ဆန်း တစ်အိတ် ၇၂၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းတစ်အိတ် ၈၅၀၀၀ ကျပ်ဖြင့် ရောင်းချပေးနေကြောင်း ဦးမောင်ထွေးက ပြောသည်။

OK အမှတ်တံဆိပ်မဟုတ်ဘဲ အခြားအမှတ်တံဆိပ်ဖြင့် စူပါတစ်အိတ်ကို ၄၇၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိပ်ကို ၉၈၀၀၀ ကျပ် ယခုရက်ပိုင်းအတွင်း ဝယ်ယူခဲ့ရကြောင်း အိမ်ရှင်မများထံမှ သိရှိရသည်။

“ဆန်တွေက တစ်နေ့တစ်ဈေး၊ တစ်ဆိုင်တစ်ဈေးပဲ” ဟု အသက် ၅၀ ကျော်အရွယ် အိမ်ရှင်မတစ်ဦးက ပြောသည်။

ဆန်ဈေးအပါအဝင် ကုန်ဈေးနှုန်းများမှာ တစ်ရက်ထက်တစ်ရက် မြင့်တက်နေသည်။