တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
333

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ

စစ်ကောင်စီအဖွဲ့ လူစားလဲ

အာဏာသိမ်းမှု တစ်နှစ်ခွဲကျော်လာသော်လည်း တိုင်းပြည်တည်ငြိမ်မှု မရရှိသေးသည့် စစ်ကောင်စီက အစိုးရအဖွဲ့အတွင်း လူစားလဲမှုများကို လုပ်ဆောင်ခဲ့ပြီး အစိုးရအဖွဲ့ပြင်ဆင်ဖွဲ့စည်းကြောင်း ထုတ်ပြန်လိုက်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌနေရာကို ပြီးခဲ့သည့် လပိုင်းက နေအိမ်တွင် လုပ်ကြံခံခဲ့ရသည့် ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို အစားထိုး ခန့်အပ်ခြင်းအပါအဝင် ဝန်ကြီးအချို့ကို ရာထူးက အနားပေးလိုက်သည်။

ယခင်အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီးနေရာ၊ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကို ဗဟိုဘဏ်ဥက္ကဋ္ဌနေရာနှင့် ကာကွယ်ရေးဝန်ကြီးဌာန ငွေစာရင်းရုံး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ဇော်မြင့်နိုင်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌအဖြစ် အစားထိုးပြီး ရာထူးတိုးမြှင့် ခန့်ထားလိုက်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

ယင်းအပြင် ယခင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဦးဝင်းရှိန်ကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခြင်း၊ ဒေါက်တာ ကံဇော်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးအဖြစ် အစားထိုး ခန့်အပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။

အခြေခံဆေးဝါးများ ဈေးထက်ဝက်ကျော်တက်

မြန်မာကျပ်ငွေတန်ဖိုးကျပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်နေမှုနှင့်အတူ ပြည်တွင်း၌ အခြေခံဆေးဝါးများ ဈေးထက်ဝက်ကျော် တက်ခဲ့ပြီး အချို့ဆေးများ ပစ္စည်းပြတ်နေကြောင်း သိရသည်။

သွင်းကုန်အခက်အခဲအပြင် ငွေဈေးမတည်ငြိမ်မှုကြောင့် ဆေးတင်သွင်းသူများမှာ ချိန်ဆကာ တင်သွင်းနေကြကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ယင်းကြောင့် ဆေးဝါးအချို့ ဈေးကွက်အတွင်း ဝယ်ယူနိုင်ခြင်းမရှိတော့သလို ရေရှည်တွင်လည်း ဆေးဝါးများ ပစ္စည်းပြတ်သွားခြင်း၊ အဆမတန်ဈေးတက်သွားခြင်းတို့ ကြုံရဖွယ်ရှိကြောင်း ဆေးရောင်းချသူများက ခန့်မှန်းကြသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ် ၆ နှစ်ထပ်မံချမှတ်ခံရ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲထားသည့် အဂတိလိုက်စားမှု လေးမှု အတွက် ဩဂုတ် ၁၅ရက်တွင် နေပြည်တော်ထောင်တွင်း အထူးတရားရုံးက ထောင်ဒဏ်ခြောက်နှစ်ထပ်မံချမှတ်လိုက် သည်။

ရန်ကုန်မြို့တော်ရှိ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးချုပ်အတွက် မြေငှားရမ်းမှု၊ နေပြည်တော်တွင် လရောင်တော စီမံကိန်းနှင့် စိုက်ခင်းအတွက် မြေနေရာငှားရမ်းမှု၊ အဆောက်အအုံ ဆောက်လုပ်မှုတို့တွင် နိုင်ငံတော်ငွေကြေးများ ဆုံးရှုံးနစ်နာသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

နေပြည်တော်က အမှု သုံးခုအတွက် တစ်မှုလျှင် ထောင်ဒဏ် သုံးနှစ်စီချမှတ်ပြီး တပေါင်းတည်း ချခံစေရန် အမိန့်ချမှတ်သဖြင့် ထောင်ဒဏ် သုံးနှစ် ကျခံရမည်ဖြစ်သည်။ ရန်ကုန်ကအမှုအတွင် ထောင်ဒဏ် သုံးနှစ် ချမှတ်သဖြင့် ထောင်ဒဏ် စုစုပေါင်း ခြောက်နှစ်ဖြစ်သည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုဖြင့် တရားစွဲဆိုထားပြီး ယခုအမှုမတိုင်မီ အမှု ၆ ခုအတွက် ထောင်ဒဏ် ၁၁ နှစ်ချမှတ်ထား စုစုပေါင်း ထောင်ဒဏ် ၁၇ နှစ်အထိ ရှိလာကာ ကျန်အမှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရသည်။

စစ်ကောင်စီက Facebook ကိုကန့်သတ်ရန်လုပ်ဆောင်

မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကို ကန့်သတ်နိုင်ရေး လုပ်ဆောင် နေကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ယင်းကန့်သတ်မှုနှင့်အတူ ပြည်တွင်းက လုပ်ငန်းရှင်များ၏ Facebook ကြော်ငြာများကိုလည်း ကန့်သတ် ထိန်းချုပ်တော့မည်ဟု ၎င်းကဆိုသည်။

Facebook ကို အစားထိုးနိုင်မည့် လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုကို ဖန်တီးနေကြောင်းလည်း ၎င်းကပြောဆိုသည်။

စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများကို ကန့်သတ်သည့်အနေဖြင့် Facebook တွင် စစ်ကောင်စီက လွှင့်တင်ထားသည့် တပ်ဘက်ဆိုင်ရာ စာမျက်နှာများမှာ ပိတ်ပင်ခြင်းခံထားရသည်။

ကုလအထူး ကိုယ်စားလှယ် စစ်ကောင်စီ ခေါင်းဆောင်နှင့်တွေ့

ရာထူးရယူပြီး တစ်နှစ်နီးပါးအကြာမှ မြန်မာနိုင်ငံကို လာရောက်နိုင်ခဲ့သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်ကောင်စီခေါင်းဆောင်နှင့် ဩဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်၌တွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံချိန်တွင် မြန်မာပြည် အကျဉ်းထောင်များနှင့် အခြားနေရာများတွင် ထိန်းသိမ်းထားသည့် ကလေးများအားလုံးကို လွှတ်ပေးရန် စစ်ကောင်စီဥက္ကဋ္ဌကို ကိုယ်တိုင်တောင်းဆိုခဲ့ကြောင်း အထူးကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အာဏာသိမ်းဆန့်ကျင်သူများကို လိုက်လံဖမ်းဆီးရာတွင် အလိုရှိသည့်မိဘများကို မတွေ့ပါက ကလေးငယ်များကို ဓားစာခံအသွင် ဖမ်းဆီးခြင်း၊ မိခင်နှင့်အတူ ကလေးငယ်ကိုပါ ထိန်းသိမ်းခြင်းတို့လုပ်ဆောင်ခဲ့သည်မျိုး ရှိခဲ့သည်။

စစ်ကောင်စီက ရုရှားကနေ စက်သုံးဆီ ဝယ်ရန်ပြင်

မြန်မာနိုင်ငံတွင် စက်သုံးဆီဈေးတက် ပြတ်တောက်မှုဖြစ်နေခြင်းကို ဖြေရှင်းနိုင်ရန်ဟုဆိုကာ စစ်ကောင်စီက ရုရှားနိုင်ငံထံမှ စက်သုံးဆီ ဝယ်ယူရေး ဦးဆောင်ကော်မတီကို ဖွဲ့စည်းလိုက်သည်။

ယင်းကော်မတီကို ဩဂုတ်လ ၁ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူကာ အတွင်းရေးမှုး၊ တွဲဖက်အတွင်းရေးမှုး အပါအဝင် စုစုပေါင်း ၁၀ ဦးပါဝင်ကြောင်း ဩဂုတ်လ ၁၆ ရက်နေ့ထုတ် မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေနှင့် ရုရှားနိုင်ငံမှ စက်သုံးဆီတင်သွင်းရန် ခွင့်ပြုချက်ရထားပြီး စက်တင်ဘာလတွင် ရုရှားစက်သုံးဆီသင်္ဘော ပထမအသုတ် စတင်ဆိုက်ရောက်မည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၁၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ရန်ကုန်တိုင်းမှ ခရိုင်တရားရုံးများကို ပယ်ဖျက်ပြီး အသစ်တိုးချဲ့ဖွဲ့စည်း

ရန်ကုန်တိုင်းဒေသကြီးရှိ အရှေ့၊ အနောက်၊ တောင်၊ မြောက် ခရိုင်တရားရုံးလေးခုကို ပယ်ဖျက်ပြီး ခရိုင်တရားရုံးအသစ် ၁၄ ခုကို ဖွင့်လှစ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဩဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်လိုက်သည်။

ယင်းခရိုင်တရားရုံးသစ်များမှာ တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ သင်္ဃန်းကျွန်း၊ ဗိုလ်တထောင်၊ ဒဂုံမြို့သစ်၊ သန်လျင်၊ တွံတေး၊ ကျောက်တံတား၊ အလုံ၊ မရမ်းကုန်းနှင့် ကမာရွတ်ခရိုင်တရားရုံးတို့ ဖြစ်သည်။

စစ်ကောင်စီက ပြီးခဲ့သည့် မေလအတွင်း တစ်နိုင်ငံလုံးတွင် ခရိုင်အသစ် ၄၆ ခုကို တိုးချဲ့ ဖွဲ့စည်းခဲ့ပြီး လက်ရှိတွင် တစ်နိုင်ငံလုံး၌ ခရိုင် ၁၂၁ ခုထိ ရှိနေပြီဖြစ်သည်။

ယင်းသို့လုပ်ဆောင်မှုမှာ လာမည့်နှစ်တွင်ရွေးကောက်ပွဲ လုပ်နိုင်ရန် စစ်ကောင်စီက ပြင်ဆင်နေခြင်း ဖြစ်နိုင်ကြောင်း လေ့လာသူများကဆိုသည်။

နိုင်ငံပိုင်မြေနှင့် အဆောက်အအုံ ၂၇ ခုရောင်းချရန် တင်ဒါခေါ်

ပဲခူး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ စသည့်တိုင်းများနှင့် ရှမ်းပြည်နယ်တို့ရှိ နိုင်ငံပိုင် အဆောက်အအုံနှင့် မြေကွက်များကို တင်ဒါစနစ်ဖြင့် ရောင်းချရန် စစ်ကောင်စီ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင် ကြေညာလိုက်သည်။

စက်တင်ဘာ ၈ ရက်နေ့ နောက်ဆုံးထား တင်ဒါ တင်သွင်းရ မည်ဖြစ်ပြီး မြေနှင့်တွဲလျက် အဆောက်အအုံများ အပါအဝင် မြေကွက်များကို ရောင်းချမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ပါရှိသည်။

စစ်ကောင်စီက ရောင်းချမည်ဟု ကြေညာထားသော မြေကွက်များတွင် မန္တလေးမြို့ပေါ်မှ မြေနှင့်အဆောက်အအုံ ၆ ခု၊ ရန်ကုန်မြို့ပေါ်မှ ၅ ခု ပါဝင်သည်ကို တွေ့ရသည်။

ပြီးခဲ့သည့်နှစ် ဇွန်လအတွင်း၌လည်း စစ်ကောင်စီက နိုင်ငံပိုင်မြေနှင့် အဆောက် အအုံ ၂၃ ခုကို ရောင်းချရန် ကြိုးပမ်းခဲ့ဖူးပြီး ယင်းသို့နိုင်ငံပိုင်မြေနှင့် အဆောက်အအုံများကို စစ်ကောင်စီရောင်းချမှုမှာ တရားမဝင်သောကြောင့် ဝယ်ယူခြင်း မပြုရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ကြေညာခဲ့သည်။

မုန်တိုင်းအရှိန်ဖြင့် ရေကြီး

ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် မုန်တိုင်းအရှိန်ကြောင့် မိုးအဆက်အပြတ်ရွာသွန်းကာ ရေးကြီးရေလျှံ မြေပြိုခြင်းမှာ ယခုသီတင်းပတ်အတွင်း ကြုံတွေ့ခဲ့ရသည်။

ရန်ကုန်က မြို့နယ်အားလုံးလိုလိုတွင် ဩဂုတ်လ ၁၇ ရက်က ကားလမ်းပေါ် ရေကြီးသဖြင့် ကားများ သွားလာရ ခက်ခဲပြီး နေအိမ်ထဲ ရေဝင်ခြင်း၊ နေအိမ်ရှေ့က ကားများ ရေမြှုပ်နေခြင်း၊ သစ်ပင်လဲကာ လမ်းပိတ်ခြင်းခြင်းများ ကြုံခဲ့ရကြသည်။

မွန်ပြည်နယ်က မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အချို့တို့တွင် ယနေ့ ဩဂုတ် ၁၆ နံနက်ပိုင်းမှစတင်ကာ ရေကြီးနစ်မြုပ်မှုများဖြစ်ပေါ်ခဲ့ပြီး ဒေသခံအချို့မှာ ဘေးလွတ်ရာ ပြောင်းရွှေ့ခဲ့ကြရသည်။

ချောင်းဆုံမြို့နယ်က ကလော့၊ ကဒါ၊ အပြိုင်ကျေးရွာတို့တွင်မူ ဩဂုတ်လ ၁၆ရက်နှင့် ၁၇ ရက်တို့တွင် တောင်မြေပြိုသဖြင့် လူနေအိမ်အချို့ ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင်လည်း တညလုံးမိုးရွာသွန်းသဖြင့် ဩဂုတ်လ ၁၇ ရက်နေ့က ရေကြီးခဲ့သည်။ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ကျေးရွာအချို့တွင်လည်း ယင်းနေ့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

တိုက်ပွဲပြင်းထန်လာပြီး အငတ်ဘေးဆိုက်လာသည့် ရခိုင်မြောက်ပိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်လာပြီး လမ်းပန်းဆက်သွယ်ရေးများကို စစ်ကောင်စီတပ်က ပိတ်ထားသည်မှာလည်း တစ်ပတ်ကျော်ကြာလာသည့်အတွက် ပြည်သူများ အငတ်ဘေးဆိုက်လာနေပြီဖြစ်သည်။

ရသေ့တောင်နှင့် မောင်တောမြို့နယ်များတွင် ယခုလအတွင်း တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ဩဂုတ်လ ၁၃ ရက်နေ့က တိုက်ပွဲတွင် စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးကာ လက်နက်ခဲယမ်းများစွာ ဖမ်းမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။ AA ဘက်ကမူ နှစ်ဦးကျသည်ဟု ဖော်ပြသည်။

ဩဂုတ်လ ၁၆ ရက်နေ့တွင် မောင်တောမြောက်ပိုင်းတွင် တိုက်ပွဲထပ်မံပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက် ရဟတ်ယာဉ်နှစ်စီး အသုံးပြုခဲ့ကာ စစ်ကာအင်အားများ ဖြည့်ခဲ့သည်ဟုဆိုသည်။

ဩဂုတ်လ ၁၃ ရက် တိုက်ပွဲဖြစ်ပွားချိန်ကပင် စစ်တွေ-ရသေ့တောင်-မောင်တော ကားလမ်းကို စစ်ကောင်စီတပ်က ပိတ်လိုက်သည်။ မောင်တောမှ ဆက်သွားရသည့် မောင်တောမြောက်ပိုင်းကိုလည်း လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်ထားသည်။ ထို့ကြောင့် ဒေသခံများ ရိက္ခာပြတ်တောက်မှုနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်သည်။

တိုက်ပွဲများကြောင့် ထောင်နှင့်ချီသောဒေသခံများမှာလည်း ထွက်ပြေးတိမ်းရှောင်ကြရသည်။

စစ်ကောင်စီတပ်ဘက်က စစ်အင်အားတိုးမြှင့်လာပြီး AA ဘက်ကလည်း အင်အားတိုးမြှင့်နေသည့်အတွက် စစ်ရေးအရှိန်မြင့်လာနိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။

မနွယ်သန္တာဝင်းအတွက် တရားမျှတမှုတောင်းခံခြင်းနှင့် တရားစီရင်ရေး အားပြိုင်ခြင်း

ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင် ပြည်နယ်စစ်ကောင်စီရုံးအနီး လူသွားလူလာများသည့် လမ်းမပေါ်က ဆိုင်တစ် ဆိုင်ထဲတွင် နေ့ခင်းဘက် အရောင်းဝန်ထမ်းအမျိုးသမီးငယ်တစ်ဦး သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်သူများက တရားမျှတမှု တောင်းဆိုနေကြသည်။

ဩဂုတ်လ ၁၅ရက်နေ့က အသတ်ခံရခြင်းဖြစ်ပြီး ဖုန်းအဆက်အသွယ်မရသဖြင့် မိသားစုဝင်တစ်ဦး ဆိုင်သို့ လာကြည့် ရာ အသက် ၁၈နှစ်အရွယ် မနွယ်သန္တာဝင်း ဆိုင်ထဲတွင် ထိုးသွင်းဒဏ်ရာနှစ်ချက်၊ လည်ပင်းတွင် လက်ဖြင့်ညှစ်ထား သည်ဟု ယူဆရသော ညှိမဲဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေ့ရှိခြင်းဖြစ်သည်။

၎င်းမှာ ဗီနိုင်းတစ်ချက်ပေါ်တွင် တစ်ကိုယ်လုံးရေစိုလျက် သေဆုံးနေခြင်းဖြစ်ပြီး ပေါင်တွင်လည်း သဲများပယ်ကျံနေကာ ဘောင်းဘီမှာလည်း လိပ်တက်နေသည်။ အခင်းဖြစ်သည်ကို ဘေးကဆိုင်များကလည်း မကြားကြပေ။

ပဟေဋ္ဌိဆန်နေသည့် ယင်းဖြစ်ရပ်အတွက် လက်သည်ကို ဖော်ထုတ်ပေးရန် ရခိုင်ပြည်သူများက အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွင် တောင်းဆိုနေကြသည်။ တစ်နည်းအားဖြင့် ရခိုင်ပြည်သူများ၏ လုံခြုံမှုအတွက် တောင်းဆိုကြခြင်းဖြစ်သည်။

ယင်းအမှုကို စစ်ကောင်စီအပြင် AA ဘက်ကလည်း စစ်ဆေးနေသဖြင့် တရားစီရင်ရေးအားပြိုင်မှုကိုလည်း မြင်တွေ့ရဖွယ်ရှိသည်။