တနင်္သာရီ ကော့မပြင်းရွာအနီး တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်ဒဏ်ရာရ

0
532

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ကော့မပြင်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်သူများရှိခဲ့ကြောင်း တောင်ပိုင်း သူရဲကောင်းများ ကာကွယ်ရေးအင်အားစု (SWDF) က ယနေ့ ညနေတွင် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၁၉ ရက်နေ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် နေ့လည် ၁ နာရီဝန်းကျင်မှ ညနေ ၅ နာရီခွဲ အထိ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော် သုံးဦး ထိခိုက်ဒဏ်ရာပြီး မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း တပ်သားနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း SWDF က ထုတ်ပြန်ထားသည်။

တိုက်ပွဲနှင့်ပတ်သက်ပြီး သိရှိရန်ဒေသခံများအား Dawei Watch မှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ကော့မပြင်းကျေးရွာအုပ်စုနှင့် သိန္ဒောကျေးရွာအုပ်စုတို့တွင် ဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ ပြတ်တောက်လျှက် ရှိနေကြောင်း စုံစမ်းသိရှိရသည်။

ဩဂုတ်လ ၇ ရက်နေ့ကလည်း တကူကျေးရွာအုပ်စု၊ ကိုးအင်းဘုရားတောင် သို့ရောက်ရှိလာသည့် စစ်ကောင်စီတပ်နှင့်
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့အကြား မိနစ် ၃၀ ခန့်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးသည်။