ထိုင်းတွင် နောက်လေးလအတွင်း လျှပ်စစ်မီတာခ ၁၈ ရာခိုင်နှုန်းဈေးထပ်တက်မည်

0
404

ထိုင်းနိုင်ငံအတွင်း လျှပ်စစ်မီတာခ ဈေးနှုန်းများကို လာမည့်နှစ်ကုန် လေးလတွင် လက်ရှိဈေးနှုန်း၏ ၁၈ ရာခိုင်နှုန်း အထိ ထပ်မံဈေးတက်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဖြန့်ဖြူးရေးကော်မရှင် (ERC) က ပြီးခဲ့သော တနင်္လာနေ့တွင် ကြေညာထားသည်။

ပြည်ပမှ တင်သွင်းနေသော (Liquefied Natural Gas) LNG ဓာတ်ငွေ့ဈေးနှုန်း မြင့်တက်မှုကို ကာမိရန်အတွက် မူလသတ်မှတ်ထားသော တစ်ယူနစ် ၄ ဘတ်မှ ၄ ဒသမ ၇၂ ဘတ်သို့ တိုးမြှင့်ပေးဆောင်ရန် အတည်ပြုထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်က ကမ္ဘာစက်သုံးဆီဈေးနှုန်း အမြင့်ဆုံးရှိနေချိန်တွင် ထိုင်းနိုင်ငံ လျှပ်စစ်မီတာခ တစ်ယူနစ်ဈေးနှုန်း ၃ ဒသမ ၉၆ ဘတ်နှုန်းဖြင့် စံချိန်တင်ထားရာမှ ကိုဗစ်ကာလအတွင်း ထိုင်းနိုင်ငံ၌ လျှပ်စစ်လိုအပ်ချက်များလာမှုကြောင့် ယခုလအထိ တစ်ယူနစ် ၄ ဘတ်သို့ တဖြေးဖြေးတိုးလာကာ စံချိန်ချိုးထားခဲ့သည်။

ယခုအချိန်တွင် ၎င်းစံချိန်ကို ထပ်မံချိုးကာ နှစ်ကုန်ပိုင်း စက်တင်ဘာလမှ ဒီဇင်ဘာလအထိ လျှပ်စစ်မီတာခ ဈေးနှုန်းကို ၁၈ ရာခိုင်နှုန်းတိုးမြင့်ကာ ၄ ဒသမ ၇၂ ဘတ်သို့ တိုးမြှင့်ရန် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၏ ပြည်တွင်းသုံး ဈေးနှုန်းသင့် ဓာတ်ငွေ့သည် ထိုင်းပင်လယ်ကွေ့တွင် ပုံမှန်ထုတ်လုပ်နေရာ နေ့စဉ် ကုဗပေ သန်း ၂၈၀၀ – ၃၁၀၀ ထွက်ရှိရာမှ ကုဗပေသန်း ၂၁၀၀-၂၅၀၀ သို့ လျော့နည်းနေခြင်းကြောင့် ပြည်ပမှ LNG ဓာတ်ငွေ့ကို ဈေးကြီးပေးဝယ်သုံးနေခဲ့ရသည်။

ထိုင်းနိုင်ငံအတွက် မြန်မာနိုင်ငံမှ ဓာတ်ငွေ့ထုတ်လုပ်မှုမှာလည်း ယခုနှစ်ကုန်ပိုင်းနှင့် လာမည့်နှစ်ဆန်းပိုင်းအထိ ပုံမှန် အရေအတွက်သို့ ရရှိနိုင်မည်မဟုတ်သဖြင့် ဓာတ်ငွေ့လိုအပ်ချက် မြင့်မားလျက်ရှိနေမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ထို့ကြောင့် ပြည်ပမှ ဈေးကြီးပေးကာ တင်သွင်းကာ အသုံးပြုနေရသည်ဟု ဆိုသည်။

LPG ဓာတ်ငွေ့များကို ထိုင်းနိုင်ငံ၏ လျှပ်စစ်စွမ်းအားဖြန့်ချိရေးအတွက် ၆၀ ရာခိုင်နှုန်းခန့်အထိ အသုံးပြုနေခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်မီတာခ နှုန်းထားအသစ်များကို ဩဂုတ်လ ၁ ရက်နေ့မှ စ၍ အကျုံးဝင်ရန် စီစဉ်ထားသော်လည်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayut Chan-o-cha က အခြေခံလူတန်းစားများ ရိုက်ခတ်မှု နည်းစေရန် နည်းလမ်းရှာရန် နောက်ဆုတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

သတ်မှတ်လိုက်သော နှုန်းထားအသစ်များသည် နှစ်ကုန်လေးလတွင် သက်ရောက်မည်ဖြစ်ပြီး ဈေးတက်မှုကြောင့် ထိခိုက်လာနိုင်သော ပြည်သူများအတွက် ဖြေရှင်းပေးနိုင်သော အစီအစဉ်များကို ယခုအချိန်တွင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: Bangkok Post, The Thaiger, CH 7 HD NEWS