ကော့သောင်းနယ်စပ်တွင် ကိုဗစ်ပိုးဆက်တိုက်တွေ့

0
262
ပုံစာ - ဩဂုတ်လ ၁၉ ရက်က ပဲ့ချိတ်လှေဖြင့် ပြန်လာသူများအနက် ကိုဗစ်ပိုး‌တွေ့ရှိသူတို့အား ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့က ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်သို့ ပို့ဆောင်ခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တွင် ဩဂုတ်လအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရသူ ဆက်တိုက်တွေ့ရှိနေကြောင်း ကော့သောင်းမြို့ ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဩဂုတ်လ ၃ ရက်နေ့က ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၇၂ ဦးအနက် အမျိုးသား ၁၂ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။

ထို့အပြင် ဩဂုတ်လ ၁၇ရက်နေ့တွင် ပြန်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးအနက် အမျိုးသားတစ်ဦး၊ အမျိုးသမီးခုနှစ်ဦးနှင့် ကော့သောင်းမြို့နေ အမျိုးသားတစ်ဦး စုစုပေါင်း ကိုးဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့သည်။

ဩဂုတ်လ ၁၈ ရက်နေ့တွင်လည်း သီလရှင်တစ်ပါးတွင် ကိုဗစ်ပိုးတွေ့ခဲ့ကြောင်း ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

အဆိုပါ သီလရှင်သည် ရနောင်းမြို့တွင် အလှူခံထွက်ပြီး ကော့သောင်းဘက်သို့ ပြန်လာရာတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့မှ သိရသည်။

ယင်းနောက် ဩဂုတ်လ ၁၉ ရက်နေ့တွင် ရနောင်းမှ နေရပ်သို့ပြန်လည်ဝင်ရောက်လာသည့် အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး၊ ပဲ့ချိတ်မောင်းသူ အမျိုးသား နှစ်ဦး စုစုပေါင်း ၈ ဦးတို့တွင်လည်း ကို‌ဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့မှ သိရသည်။

အဆိုပါပိုးတွေ့သူ ရှစ်ဦးတို့နှင့်အတူလိုက်ပါလာကြသည့် အမျိုးသား ခြောက်ဦးနှင့် အမျိုးသမီး ခုနစ်ဦးတို့အား Home ကွာရန်တင်းအဖြစ် ထားရှိထားကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဩဂုတ်လ ၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့သူ စုစုပေါင်း ၃၀ ဦးရှိခဲ့ပြီး ပိုးတွေ့သူ အများစုသည် ရနောင်းဘက်မှ နေရပ်ပြန်လာသူတို့ ဖြစ်ကြသည်။

အထက်ပါ ကို‌ဗစ်ပိုးတွေ့သူတို့အား ကော့သောင်းခရိုင် ပြည်သူ့ဆေးရုံရှိ သီးသန့်လူနာဆောင်တွင် ဆေးဝါးကုသမှုခံယူထားကြောင်း ကျန်းမာရေးဌာနထံမှ သိရသည်။

ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကိုဗစ်ပိုးတွေ့သူ သုံးဦးရှိခဲ့သည်။