ရေဖြူ ကလုံးထာရွာတွင် ရွာခံလူငယ်တစ်ဦး ပစ်ခတ်ခံရသဖြင့်သေဆုံး

0
275

ရေဖြူမြို့နယ်၊ တလိုင်းယာကျေးရွာအုပ်စုရှိ ကလုံးထာရွာထဲ စစ်ကောင်စီတပ် တပ်စွဲထားသည့်နေရာအနီးက ဖြတ်သန်းသွားလာသည့် အသက် ၁၉ နှစ်ခန့်အရွယ် ရွာခံလူငယ်အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က သိရသည်။

စစ်ကောင်စီတပ်သည် ဩဂုတ်လ ၁၄ရက်နေ့ နံနက် ၈ နာရီခန့်က ကလုံးထာရွာဘက်ကို စစ်ကြောင်းထိုးလာခြင်း ဖြစ်ပြီး ဩဂုတ်လ ၁၆ရက် ညနေပိုင်းတွင် ကလုံးထာရွာ စာသင်ကျောင်းတွင် တပ်စွဲထားလိုက်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ ကိုသန့်ဇင်ထွေးဆိုသူဖြစ်ပြီး ဩဂုတ်လ ၁၆ရက် ညနေပိုင်းက စစ်ကောင်စီတပ်စခန်းချ တပ်စွဲထားသည့် စာသင်ကျောင်းအနီးမှ ဖြတ်သန်းသွားလာစဉ် ပစ်ခတ်ခံရသဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကလုံးထာရွာမှ ဒေသခံအချို့က အတည်ပြုပြောဆိုသည်။

“ရွာထဲမှာ စစ်တပ်ကရှိသေးတယ်ဆိုတော့ ရွာသားတွေလည်း အလောင်းကို အခုထိ သွားမယူရဲသေးဘူး။ ရွာထဲကိုတော့ တစ်ယောက်စ နှစ်ယောက်စလောက်ပဲ အခြေနေသွားကြည့်လိုက်လို့ သေဆုံးသူက ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်တာ” ဟု ကလုံးထာရွာသား အမျိုးသားတစ်ဦးက ပြောသည်။

ကလုံးထာကျေးရွာသည် ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံကို ဆက်သွယ်ထားသည့် ဒေသအခေါ် ရှမ်းလမ်း (ထီးခီးလမ်း) အနီးတွင်ရှိပြီး သတ္တုမိုင်းလုပ်ငန်းများလည်း ရှိသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသဖြင့် ဒေသခံအများစုမှာ ဥယျာဉ်ခြံနှင့် တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်နေကြပြီး ဒေသခံအချို့မှာ ကျေးရွာဘုန်းကြီးကျောင်းတွင် တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ 

ဩဂုတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်သည် ကလုံးထာကျေးရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေပြီး ကျေးရွာတွင်း တပ်စွဲထားချိန်တွင်လည်း တောတောင်၊ ဥယျာဉ်များဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကြောင်း ဒေသခံအချို့က ပြောသည်။

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းခန့်ရှိနေသည်။