တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
284

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

သြဂုတ်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ

မီတာခဈေးတက်တာကို ကျော်လွှားဖို့ ဗုဒ္ဓဘာသာလေ့လာရန် ထိုင်းဝန်ကြီးချုပ် အကြံပြု

ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားဖြန့်ချိရေး အာဏာပိုင်တွေက နိုင်ငံအတွင်း တင်သွင်းလာတဲ့ သဘာဝဓာတ် ငွေ့ ဈေးနှုန်းတွေ မြင့်တက်မှုကို ကာမိစေဖို့ သြဂုတ် လ ၁၅ ရက်နေ့မှာ စံချိန်တင် မီတာခတွေ မြှင့်ခဲ့တယ် လို့ သိရပါတယ်။

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက လျှပ်စစ်မီတာခတွေ ဈေးတက်တာကို ရင်ဆိုင်ဖို့ ဗုဒ္ဓဘာသာကို လေ့လာဖို့ အကြံပြုကာ ဓမ္မအကြောင်း၊ သစ္စာလေးပါး အကြောင်းကို လေ့လာပြီး ကိုယ့်ကိုကိုယ်ပြန်မေးဖို့ နောက်ပြီး ဆင်းရဲခြင်း ဒုက္ခ ဝေဒနာတွေ အဆုံးသတ်မယ့် နည်းလမ်းတွေကြည့်ဖို့ သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

မီတာခတွေ ဈေးကြီးခြင်းဟာ တိုင်းပြည်ရဲ့ အခြေခံ ပြည်သူတွေကို လျစ်လျှူရှုထားသလိုဖြစ်နေကာ ကုန်စျေးနှုန်းတက်တာတွေကြောင့် စားဝတ်နေရေးပြဿနာ တွေကိုပါ ခံစားကြရလို့ သစ္စာလေးပါးတရားနဲ့ မီတာခဈေးနှုန်းတက်တာကို ဘာမှလုပ်လို့မရဘူးလို့ ဘုန်းကြိးတစ်ပါးက မှတ်ချက်ပြုထားပါတယ်။

Ref: The Thaiger

အီဂျစ်က ခရစ်ယာန်ဘုရားကျောင်း မီးလောင်ကျွမ်းမှုမှာ လူ ၄၁ ဦး သေဆုံး

အီဂျစ်နိုင်ငံ ဂီဇာပြည်နယ်က အဘူဆီဖင် ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းမှာ ဩဂုတ်လ ၁၄ ရက်နေ့က မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ပွားခဲ့လို့ လူ ၄၁ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။

ဒဏ်ရာရရှိသူတွေအနက် လေးဦးက အရေးပေါ်အခြေအနေဖြစ်နေပြီး မီးလောင်ရာနေရာသို့ လူနာတင်ယာဉ် ၃၇ စင်း စေလွှတ်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားပါတယ်။

ဝါယာချို့ယွင်းမှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ဒုတိယထပ်ရှိ လေအေးပေးစက်တစ်လုံးမှ မီးလောင်မှု စတင်ခဲ့တာလို့ အီဂျစ် ပြည်ထဲရေးဝန်ကြီးဌာနက သီးခြားထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

Ref: Xinhua

အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို ဖီဖာက ဆိုင်းငံ့

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ကနေ အိန္ဒိယဘောလုံးအဖွဲ့ချုပ်ကို “ပြင်ပအဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုမရှိစေဘဲ ချက်ချင်းအကျိုးသက်ရောက်မှု” နဲ့ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဆိုင်းငံ့ထားလိုက်ကာ ထိုချိုးဖောက်မှုက ဖီဖာစည်းမျဉ်းတွေကို ပြင်းထန်စွာ ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါဟာ အိန္ဒိယဘောလုံးအဖွဲ့ချုပ် (AIFF) အတွက် ၈၅ နှစ်တာ သမိုင်းတစ်လျှောက် ဖီဖာကနေ ပထမဆုံးအကြိမ် တားမြစ်ပိတ်ပင်ခံရတာဖြစ်ပြီး နိုင်ငံရဲ့ ယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပမယ့်အရေး စိုးရိမ်စရာအခြေအနေဖြစ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံက ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်မှ ၃၀ ရက်အထိ အိမ်ရှင်အနေနဲ့ လက်ခံကျင်းပမှာဖြစ်ကာ အဆိုပါပြိုင်ပွဲကို ၂၀၂၀ခုနှစ် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားတဲ့အချိန်တုန်းက ဖျက်သိမ်းပြီး ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်။

Ref: BBC

တူရကီနဲ့အစ္စရေး သံတမန်ဆက်ဆံရေး အပြည့်အဝပြန်ထူထောင်မယ်

တူရကီနိုင်ငံနဲ့အစ္စရေးနိုင်ငံတို့ သံတမန်ဆက်ဆံရေးကို အပြည့်အဝပြန်လည်ထူထောင်ဖို့ သဘောတူညီခဲ့ကြပြီး နှစ်နိုင်ငံဆက်ဆံရေး တဖြည်းဖြည်းတိုးတက်ကောင်းမွန်လာကာ သံအမတ်အဆင့် ပြန်လည်ထားရှိတော့မှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ်ရုံးကနေ ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ဒီလို အပြုသဘောဆောင်တဲ့ ခြေလှမ်းတွေကို အစ္စရေးကစတင်ခဲ့တာဖြစ်ပြီး တူရကီအနေနဲ့ တဲလဗီမှာ သံအမတ်ကြီးခန့်အပ်ဖို့လည်း ဆုံးဖြတ်ခဲ့ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က ပြောကြားပါတယ်။

Cavusolgu က ယခုလိုဆုံးဖြတ်တာဟာ တူရကီအနေနဲ့ ပါလက်စတိုင်းကိစ္စကို လျစ်လျူရှုလိုက်တာမဟုတ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဂါဇာနယ်စပ် ဂျေရုဆလင်မှာ အမေရိကန်သံရုံးဖွင့်လှစ်ခဲ့လို့ ဆန့်ကျင်ဆန္ဒပြမှုများဖြစ်ကာ ဒါကို အစ္စရေးတပ်ဖွဲ့ဝင်တွေက ပါလက်စတိုင်းပြည်သူ အယောက် ၆၀ ကို သတ်ဖြတ်လိုက်လို့ နှစ်နိုင်ငံသံအမတ်တွေကို ပြည်နှင်ဒဏ်ပေးကာ ရုပ်သိမ်းထားကြတာ ဖြစ်ပါတယ်။

Ref: REUTERS

အယ်လ်ဂျီးရီးယားမှာ တောမီးလောင်လို့ အနည်းဆုံး လူ ၃၈ ဦး သေဆုံး

အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ တောမီးလောင်ကျွမ်းလို့ အနည်းဆုံး လူ ၃၈ ယောက် သေဆုံးခဲ့ပြီး လူဒါဇင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပါတယ်လို့ အတွင်းဝန် Kamel Beldjoud ကပြောကြားလိုက်ပါတယ်။

မီးသတ်သမားတွေဟာ ရဟတ်ယာဉ်တွေ အသုံးပြုပြီး ငြှိမ်းသတ်ခဲ့ပေမဲ့ ဩဂုတ်လ ၁၈ ရက်နေ့အထိ မီးလောင်ကျွမ်းမှု တော်တော်များများကို ထိန်းနိုင်ခဲ့ခြင်း မရှိသေးဘူးလို့ ပြောကြားထားပါတယ်။

အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာ နှစ်စဉ်နှစ်တိုင်း တောမီးလောင်ကျွမ်းလေ့ရှိပြီး မနှစ်တုန်းကလည်း သစ်တောဧရိယာ ဟက်တာဧက ၁သိန်းကျော် လောင်ကျွမ်းခဲ့ကာ လူ ၉၀ သေဆုံးခဲ့ပြီး အခုနှစ် နွေရာသီမှာလည်း အယ်လ်ဂျီးရီးယားမှာ တောမီးလောင်လို့ သေဆုံးသူ ၃၀ ကျော်အထိ ရှိလာခဲ့တာဖြစ်ပါတယ်။

Ref: BBC

ဂျပန်အစိုးရက အရက်သောက်သုံးမှုကို မြှင့်တင်ဖို့ နိုင်ငံတစ်ဝန်း ကမ်ပိန်းပြုလုပ်

ဂျပန်နိုင်ငံမှာ အရက်အခွန်ငွေကျဆင်းလာပြီးနောက် လူငယ်တွေ အရက်ပိုသောက်လာအောင် တိုက်တွန်းဖို့အတွက် အကြံဉာဏ်တွေ တောင်းဆိုတဲ့ ကမ်ပိန်းလှုပ်ရှားမှုတစ်ခုကို ဂျပန်အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ဆောင်နေကာ ဒီကမ်ပိန်းဟာ စက်တင်ဘာလ ၉ ရက်နေ့အထိလို့ သိရပါတယ်။

ဒီကမ်ပိန်းကို the National Tax Agency (NTA) မှဦးဆောင်လုပ်တာဖြစ်ပြီး ကပ်ရောဂါအတွင်း လူနေမှုပုံစံပြောင်းလဲသွားတာကြောင့် အသောက်နည်းသွားတဲ့ အရက်တွေကို ပြန်ပြီးလူကြိုက်များလာအောင် ကူညီပေးမယ့် အဆိုပြုလွှာတွေ

တင်သွင်းဖို့ အသက် (၂၀-၃၉) နှစ်အရွယ်လူတွေကို တောင်းဆိုထားပါတယ်။

၂၀၂၀ ခုနှစ် ဘဏ္ဍာရေးနှစ်က ရရှိခဲ့တဲ့စုစုပေါင်းအရက်အခွန်ဝင်ငွေက ကပ်ရောဂါမတိုင်ခင် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ယန်း ၁၁၀ ဘီလျံ ကျော်ကျဆင်းသွားခဲ့ပြီး အရက်ရောင်းအား ၂၀ ရာခိုင်နှုန်းအထိကျဆင်းသွားတယ်လို့ သိရပါတယ်။

Ref: The Guardian

နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကို အမေရိကန် စမ်းသပ်ပစ်လွှတ်

အမေရိကန်လေတပ်ကနေ နျူကလီးယားထိပ်ဖူးတပ်ဆင်နိုင်တဲ့တိုက်ချင်းပစ်ဒုံးကျည်ကို ဩဂုတ်လ ၁၆ ရက်နေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဒါဟာ အမေရိကန် နျူကလီးယားတပ်ဖွဲ့ရဲ့ အသင့်အနေအထားရှိမှု၊ အမေရိကန် နျူကလီးယားလက်နက်ရဲ့ ထိရောက်မှုကို ပြသခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေကြောင့် အခုလို စမ်းသပ်ပစ်လွှတ်တာ မဟုတ်ဘဲ ပုံမှန်စမ်းသပ်မှုတစ်ရပ်သာ ဖြစ်ကြောင်း၊ အရင်ကလည်း အကြိမ် ၃၀၀ ကျော် စမ်းသပ်ပစ်လွှတ်ခဲ့ဖူးကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ် ဗန်ဒင်ဘာ့ဂ် လေတပ်အခြေစိုက်စခန်းကနေ ပစ်လွှတ်ခဲ့တဲ့ အဆိုပါဒုံးကျည်ဟာ မိုင် ၄၂၀၀ အကွာအဝေး ပျံသန်းခဲ့ပြီး မာရှယ်ကျွန်းနားက ဒုံးကျည်စမ်းသပ်ရေးကွင်းအထိ ရောက်ရှိခဲ့တယ်လို့ ပြောကြားထားပြီးနဂိုက သြဂုတ်လ ၄ ရက်မှာ ဒုံးကျည်စမ်းသပ်ပစ်လွှတ်ဖို့ စီစဉ်ထားတာဖြစ်ပေမဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ထိုင်ဝမ်ခရီးစဉ်ကြောင့် ဆိုင်းငံ့ခဲ့တာလို့ ဆိုပါတယ်။

Ref: REUTERS

ကမ္ဘောဒီးယား-အမေရိကန်ကုန်သွယ်မှု ခုနစ်လအတွင်းဒေါ်လာ ၆ ဘီလီယံနီးပါးရှိ

ကမ္ဘောဒီးယား-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုဟာ ၂၀၂၂ ခုနှစ် ပထမခုနစ်လအတွင်း ကန်ဒေါ်လာ ၅ ဒသမ ၈၉၂ ဘီလီယံရှိခဲ့ပြီး အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ပါက ၄၅ ရာခိုင်နှုန်းတိုးမြင့်လာတယ်လို့ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိရပါတယ်။

အမေရိကန်ကနေ ကမ္ဘောဒီးယားကို ပြန်လည်တင်ပို့မှုလည်း ကန်ဒေါ်လာ ၁၉၆ သန်းကျော်ထိတိုးမြင့်လာပြီး ၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အမေရိကန်သို့ ကမ္ဘောဒီးယားရဲ့ အဓိကပို့ကုန်တွေက အထည်အလိပ်၊ဖိနပ်၊ခရီးသွားကုန်ပစ္စည်းတွေနဲ့ စိုက်ပျိုးရေးထွက်ကုန်တွေဖြစ်ကြပြီး အဓိက သွင်းကုန်တွေမှာ မော်တော်ယာဉ်တွေ၊ တိရစ္ဆာန်အစာတွေနဲ့ စက်ပစ္စည်းတွေ ဖြစ်ကြပါတယ်။

Ref: Khmer Times

ကနေဒါလွှတ်တော်အမတ်တွေ ထိုင်ဝမ်သွားဖို့ စီစဉ်

ကနေဒါလွှတ်တော်အမတ်တွေက အောက်တိုဘာမှာ ထိုင်ဝမ်သို့ သွားဖို့ စီစဉ်နေတယ်လို့ လစ်ဘရယ်ပါလီမန်အမတ် ဂျူဒီ ဂရို (Judy Sgro) ကနေ သြဂုတ်လ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။

“ဒီခရီးစဉ်ဟာ ထိုင်ဝမ်အတွက်ရော တရုတ်အတွက်ပါ ပြဿနာဖြစ်စေဖို့ ရည်ရွယ်တာမဟုတ်ပါဘူး။ ကူးသန်းရောင်းဝယ်ရေး၊ ချစ်ကြည်ရင်းနှီးမှုနဲ့ အာရှပစိဖိတ်ဒေသတစ်ခုလုံးမှာရှိတဲ့ ကနေဒါနိုင်ငံအတွက် အခွင့်အလမ်းတွေနဲ့ ပတ်သက်ပါတယ်” လို့ ကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင် ဂရို ကနေ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ကနေဒါလွှတ်တော်အမတ်တွေအနေနဲ့ အရင်က ထိုင်ဝမ်သို့ တစ်နှစ် နှစ်ကြိမ်ခန့် သွားရောက်လည်ပတ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်ကြောင့် ရပ်ဆိုင်းထားခဲ့ရကြောင်းဆိုကာ ထိုခရီးစဉ်အတွက် အော့တဝါမှာရှိတဲ့ တရုတ်သံရုံးကနေ ဘာမှတ်ချက်မှ မပေးခဲ့ပေ။

Ref: REUTERS

ဂျာမနီက အင်ဒို-ပစိဖိတ်ဒေသကို တိုက်လေယာဉ်တွေ ပထမဆုံးအကြိမ် စေလွှတ်

ဂျာမန်လေတပ်ကနေ တိုက်လေယာဉ်တွေပါဝင်တဲ့ လေတပ်အစုတစ်စုကို အင်ဒို-ပစိဖိတ်ဒေသသို့ ပထမဆုံးအကြိမ်အနေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့နဲ့ အခြားစစ်ဆင်‌ရေးတွေအတွက် ဩဂုတ်လ ၁၅ ရက်နေ့ကစေလွှတ်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

စစ်လေယာဉ်အစုက ဩစတြေးလျမှာ ဩဂုတ်လ ၁၉ ရက်နေ့မှာစတင်ခဲ့တဲ့ ၁၇ နိုင်ငံ စစ်ရေးလေ့ကျင့်မှုအတွင်း ပါဝင်မှာဖြစ်ပြီး စက်တင်ဘာ ၂၈ ရက်မှာတော့ ဂျပန်ကို သွားရောက်မှာ ဖြစ်တယ်လို့ ဂျာမနီနှင့်သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးဌာနတွေကနေ ပြောကြားထားပါတယ်။

ဂျာမနီဟာ တိုကျိုမြို့တောင်ဘက်ပစိဖိတ်သမုဒ္ဒရာအတွင်း ဂျပန်ရေကြောင်းကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ဖို့ နှစ်ပေါင်း ၂၀ ဝန်းကျင်အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ရေတပ်စစ်သင်္ဘောတစ်စင်းကိုလည်း မနှစ်ကစေလွှတ်ခဲ့သေးတယ်လို့ သိရပါတယ်။

Ref: Nato Shape