ရနောင်းတွင် နေရပ်ပြန်ရန်စောင့်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သား တစ်ထောင်ကျော်ရှိ

0
330
ဓာတ်ပုံ - ဩဂုတ်လ ၁၇ ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ။

မြန်မာ-ထိုင်းနှစ်နိုင်ငံနယ်စပ်ဂိတ်တစ်ခုဖြစ်သည့် ကော့သောင်းမြို့တဖက်ကမ်းရှိ ထိုင်းနိုင်ငံ ရနောင်းမြို့တွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်ရှိနေကြောင်း ကော့သောင်း အခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။

ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့သည် ကော့သောင်းဘက်သို့ ပြန်လည်ဝင်ရောက်လာသူများကို ကျန်းမာရေး စောင့်ရှောက် ပေးရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

ရနောင်းမြို့မှ ပြီးခဲ့သည့် ဩဂုတ်လ ‌၃ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် မြန်မာအလုပ်သမား ၁၇၂ ဦးနှုန်းစီဖြင့် စုစုပေါင်း ၃၄၄ ဦးတို့အား ကော့သောင်းဘက်သို့ လွှဲပေးခဲ့ပြီးဖြစ်သည်။

ယင်းကဲ့သို့ လွှဲပြောင်းပေးပြီးနောက် ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်းတွင် နေရပ်ပြန်ရန် စောင့်ဆိုင်းနေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော် ကျန်ရှိနေခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

“အများစုက အမျိုးသားတွေပါ။ ကော့သောင်းဘက်လွှဲတာကို တစ်လနှစ်ကြိမ်လက်ခံပေးနေပါတယ်” ဟု ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံမှ ပြန်လွှဲပြောင်းပေးလိုက်သည့် မြန်မာအလုပ်သမားများကို ကော့သောင်းမြို့ ကွာရန်းတင်း စင်တာတွင် လက်ခံထားရှိရသဖြင့် ယင်းစင်တာတွင် လက်ခံနိုင်သည့် ပမာဏကို တစ်လနှစ်ကြိမ်နှုန်းဖြင့် လက်ခံနေခြင်းဖြစ် ကြောင်း စုံစမ်းသိရသည်။  

ထို့ကြောင့် ထိုင်းဘက်က ပြန်လွှဲပြောင်းပေးသည့် အလုပ်သမားဦးရေကို လက်ခံနိုင်သည့် ပမာဏသာ လက်ခံနေရခြင်း ဖြစ်သဖြင့် ရနောင်းမြို့တွင် စောင့်ဆိုင်းနေကြရခြင်းဖြစ်သည်ဟု ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံတာဝန်ရှိသူတို့ ညှိနှိုင်းဆောင်ရွက်မှုဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကော့သောင်း ဘက်သို့ ပြန်လည်လွှဲပြောင်းပေးနေကြောင်း သိရသည်။

အဆိုပါ နေရပ်ပြန်ရန်အတွက် စောင့်ဆိုင်းနေရသည့် မြန်မာရွှေပြောင်းအလုပ်သမားတို့သည် ထိုင်းတောင်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးပြစ်ဒဏ်ချမှတ်ခံရပြီးသူများ ဖြစ်ကြသည်။

ယင်းကဲ့သို့ ပြစ်ဒဏ်များကျခံပြီးနောက် ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်း မပေးမီ ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီး ပြစ်ဒဏ်ကျခံရသူတို့တွင် အထောက်အထား စာရွက်စာတမ်း ပြည့်စုံခြင်းမရှိပဲ တရားမဝင်ဝင်ရောက်လာသူ အများဆုံးပါဝင်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကော့သောင်းရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။