ကလိန်အောင်တွင် ကားတစ်စီးပစ်ခတ်ခံရပြီး ဒုရဲအုပ်တစ်ဦးအပါအဝင်လေးဦးဒဏ်ရာ

0
432

ကလိန်အောင်မြို့နှင့် ခြောက်မိုင်ခန့်အကွာတွင် ယနေ့ (ဩဂုတ် ၁၉) နံနက် ၉ နာရီခန့်က ကားတစ်စီး ပစ်ခတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ်တစ်ဦးအပါအဝင် လေးဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသခံအချို့က ပြောသည်။

အိမ်စီးကားဖြင့် ထားဝယ်ဘက်သို့ မောင်းနှင်လာစဉ် ကလိန်အောင်မြို့နှင့် ကျောက်ရှပ်ရွာကြား မိုင်တိုင်အမှတ် ၄၀ အနီးတွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းဆိုသည်။

အဆိုပါကားပေါ်တွင် ရဲတပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးအဖွဲ့ဝင်အချို့ ပါဝင်ကာ နိုင်ငံရေးအမှု ရုံးချိန်းအတွက်သွားရာတွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဒေသခံအချို့က ပြောဆိုသည်။

ပစ်ခတ်ခံရမှုကြောင့် ဒုရဲအုပ်တစ်ဦး အပါအဝင် လေးဦး သေနတ်ကျည် ထိမှန်ခဲ့ပြီး ၎င်းတို့ကို ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ စစ်တပ်ဆေးရုံကို အရေးပေါ်လူနာတင်ယာဉ်ဖြင့် ယူဆောင်သွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ကားမောင်းသူက အမှုစွဲချက်တင်သူ ဒုရဲအုပ်လို့တော့ပြောတယ်။ သူက သုံးလေးချက်ထိတယ်။ လက်ထိတယ်၊ ဝမ်းဗိုက်ထိတယ်ပြောကြတယ်။ ကျန်တဲ့ သုံးယောက်ကတော့ လက်မောင်းလေးတွေ၊ လက်ဖျံတွေ ထိတယ်” ဟု အနီးဝန်းကျင်က ဒေသခံရွာသားတစ်ဦးက ပြောသည်။

မိုင် ၄၀ အနီးတွင် အိမ်စီးကားတစ်စီး လမ်းညာဘက်ခြမ်း ချောက်ထဲ ထိုးကျကာ မှောက်နေသည်ဟု ကြားသိရပြီး မွန်းလွဲပိုင်းတွင် ယင်းကားကို စစ်တပ်ကားဖြင့် ဆွဲသွားသည်ကို တွေ့ရကြောင်း ကျောက်ရှပ်ရွာသားအချို့က ပြောသည်။

“(မွန်းလွဲ ၁ နာရီခန့်) ခုနကတော့ ကားတစ်စီးတော့ စစ်တပ်ကားနဲ့တွဲပြီးတက်သွားတာမြင်လိုက်တယ်။ အနောက်ဖုံးကတော့ ပွင့်နေတယ်” ဟု အထက်ပါ ရွာသားတစ်ဦးက ပြောဆိုသည်။

အဆိုပါကားတွင် မည်သူမည်ဝါ လိုက်ပါလာခဲ့သည်၊ မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်တို့ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။