ပုလောတွင် ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးပစ်ခတ်ခံပြီး ဆေးရုံရောက်၊ တစ်ဦးစိုးရိမ်ရ

0
238

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ် နှစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် ဆေးရုံတွင် ကုသနေရကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နေ့လယ်က လက္ကူးကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် အပစ်ခံရခြင်းဖြစ်ပြီး လက်ရှိတွင် ပုလောဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

လက္ကူးကျေးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဆိုင်ကယ်စစ်ဆေးဖို့ နားခိုင်းတာ။ မနားလို့ပစ်လိုက်တာ။ တစ်ယောက်ကတော့ အတော်စိုးရိမ်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အနောက်က ပစ်ခတ်ခဲ့သည့်အတွက် ဆိုင်ကယ်အနောက်မှ ထိုင်လာသူမှာ ကျည်ဆံ ခါးမှဖောက်ထွက်သွားပြီး
မောင်းလာသူတွင် ဆီးခုံမှဖောက်ထွက်သွားသည်ဟု သိရှိရကြောင်း ဒေသခံများက ပြောဆိုသည်။

လူငယ်နှစ်ဦး နောက်ဆက်တွဲအခြေအနေနှင့် ပတ်သက်ပြီး Dawei Watch ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့်လက လက္ကူးရွာသို့ လာသည့် စစ်ကောင်စီတပ်ကားအား အမည်မသိအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှု အချို့ပြုလုပ်ခဲ့သော်လည်း အချိန်လွဲချော်ပေါက်ကွဲသည့်အတွက် စစ်ကောင်စီတပ်ကား ထိခိုက်ခဲ့ခြင်းမရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက္ကူးကျေးရွာသည် ပုလောမြို့အနောက်တောင်ဘက်တွက်တည်ရှိပြီး အိမ်ခြေရှစ်ရာခန့်ရှိသည့်ကျေးရွာဖြစ်သည်။ အများစုမှာ တံငါလုပ်ငန်းလုပ်ကိုင်ကြပြီး လယ်အနည်းငယ်လည်း လုပ်ကိုင်ကြသည်။