စက်သုံးဆီစျေးကြီးသဖြင့် အမြန်ရေယာဉ် ထက်ဝက်နီးပါးယာယီရပ်နား

0
604

စက်သုံးဆီစရိတ်ကြီးခြင်း၊ ဝယ်ယူရန်ခက်ခဲခြင်းတို့ကြောင့် မြိတ်မြို့နှင့် ကျွန်းစုမြို့အပါအဝင် ပင်လယ်ရွာများသို့ ပြေးဆွဲနေသည့် ခရီးသည်တင် အမြန်ရေယာဉ်ထက်ဝက်ခန့် ယာယီရပ်နားထားရသည်ဟု အမြန်ရေယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်းမှသိရသည်။

မြိတ်မြို့နှင့်ကျွန်းစုမြို့အပါအဝင် ပင်လယ်ရွာများသို့ ခရီးသည်တင်ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၁၀ စီးရှိပြီး ၄ စီးသည်ရပ်နားထားကာ လက်ရှိ ၆ စီးသာပြေးဆွဲလျက်ရှိကြောင်း အမြန်ရေယာဉ်လုပ်ငန်းရှင်များက ပြောသည်။

“လုပ်ငန်းရပ်ပစ်လိုက်တာတော့ မဟုတ်ဘူး။ လှေဒေါင့်တင်မယ်။ ပြင်ဆင်မယ်ဆိုပြီး ခဏနားထားတာ။ တစ်ကယ်တော့ ဆီဝယ်ယူလို့ခက်ခဲတာရယ်။ စျေးကြီးတာရယ်ကြောင့် အရှံးပေါ်နေလို့ ပြင်ဆင်မယ်ဆိုပြီး ယာယီနားနေကြတာပါ”ဟု အမြန်ရေယာဉ် ပိုင်ရှင်တစ်ဦး ကပြောသည်။

မြိတ်မှကျွန်းစုသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၃ စီးအနက် လက်ရှိတွင် ၂ စီးသာပြေးဆွဲနေပြီး ကျန် ၁ စီးမှာပြုပြင်နေကြောင်း ၎င်းတို့ထံမှသိရသည်။

၎င်းအပြင် မြိတ်မှစခန်းသစ်ရွာနှင့် ကံမော်ရွာသို့ ပြေးဆွဲနေသည့် ၂ စီးအနက် ၁ စီး၊ ရေကန်တောင်ရွာနှင့်မိုင်းသွေးရွာ ၂ စီးအနက် ၁ စီး၊ ရွှေဂဲညိုရွာနှင့် အုတ်ဖိုမော်ရွာသို့ ၂ စီးအနက် ၁ စီး၊ ပဝရွာနှင့် လယ်သစ်ရွာသို့ ၁ စီး တို့သည်ရပ်နားခြင်းမရှိသေးဘဲ ပြေးဆွဲနေကြသေးကြောင်း အမြန်ရေယာဉ်လုပ်ငန်းရှင် အသိုင်းအဝိုင်း မှသိရသည်။

မြိတ်မှကျွန်းစုသို့သွားလျှင် ဆီ ၁ ပီပါကုန်ပြီး မြိတ်မှမိုင်းသွေးရွာသို့ သွားသည့် အမြန်ယာဉ်မှာ ၂ ပီပါကုန်ကျသည်ဟု ၎င်းတို့ ထံမှသိရသည်။

‘ကျွန်တော်တို့က မြို့နယ်စီမံချက်နဲ့ သွားနေရတာ ကိုယ့်ဟာကိုယ် ဆီလိုက်ရှာဝယ်ပြီး အရှုံးခံသွားနေရတာ ရေရှည်မှာတော့မလွယ်ဘူး”ဟု မြိတ်-ကျွန်းစုမြို့သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်လုပ်ငန်းရှင်က ပြောသည်။

ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ခရီးသည်တစ်ဦးလျှင် လွန်ခဲ့သည့် ၆ လခန့်က သတ်မှတ်ထားသည့် ကျပ်လေးထောင်နှုန်းသာ လက်ရှိကောက်ယူနေသေးကြောင်း အမြန်ရေယာဉ်ပိုင်ရှင် ကပြောပြသည်။

“စျေးနှုန်းတင်ဖို့က အားလုံးညှိနှိုင်းပြီး ခွင့်ပြုချက်ရမှ တင်လို့ရတာ။ တင်ချင်တိုင်း တင်လို့မရဘူး”ဟု ၎င်းကပြောသည်။

ဆီစျေးကြီးမြင့်သဖြင့် လုပ်ငန်းအရှုံးပေါ်နေသလို ဆီလိုက်ရှာဝယ်ရသည့် ဒုက္ခကလည်း မသေးသည့်အတွက် စိတ်ပျက်ရကြောင်း ယာယီရပ်နားထားသည့် အမြန်ရေယာဉ် လုပ်ငန်းရှင် ကပြောသည်။

လက်ရှိမြိတ်မြို့တွင် စက်သုံးဆီ ဒီဇယ် ၁ ပီပါပေါက်စျေး ခြောက်သိန်းခွဲကျော်ရှိကြောင်း စက်သုံးဆီဝယ်ယူ ရောင်းချသူများ ထံမှသိရသည်။