ကော့သောင်းတွင် ၁၅ ရက်အတွင်း ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအထိရှိလာ

0
315

ကော့သောင်းမြို့တွင် ၁၅ ရက်အတွင်း ( ဩဂုတ်လ ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိ) ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိသူ ၂၁ ဦးအထိရှိခဲ့ကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့သူ ၂၁ ဦးအနက် ပြီးခဲ့သည့် ဩဂုတ် ၃ ရက်နေ့က ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၂ ဦးကျော်အနက် အမျိုးသား ၁၂ ဦးတွင် ကိုဗစ်နိုင်တီးရောဂါပိုး တွေ့ရှိခဲ့သည်။

ထို့ပြင် ဩဂုတ်လ ၁၇ ရက်နေ့တွင်လည်း ကိုဗစ်ပိုးတွေ့သူ ၉ ဦးရှိကြောင်း ကော့သောင်းမြို့ ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက်စာမျက်နာပေါ်တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူ ၉ ဦးအနက် ၈ ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နာပေါ်တွင် ရေးသားထားသည်။

“ကျန်တဲ့တစ်ယောက်က ကော့သောင်းမှာနေတဲ့ အမျိုးသားတစ်ဦးပါ” ဟု ကော့သောင်းအခြေစိုက် ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဩဂုတ်လ ၁၇ ရက်နေ့က မြန်မာရွေ့ပြောင်းအလုပ်သမား ကလေးငယ်များအပါအဝင် အမျိုးသား ၁၂၂ ဦး၊ အမျိုးသမီး ၅၀ ဦး စုစုပေါင်း ၁၇၂ ဦးတို့အား ရနောင်းမြို့မှ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဘန်‌ကောက်အခြေစိုက် အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။

ကော့သောင်းဘက်သို့ လွှဲပြောင်းပေးသည့် ၁၇၂ ဦးအနက်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့မှ သိရသည်။

ကိုဗစ်ပိုးတွေ့ရှိသူတို့နှင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူတို့အား ကွာရန်တင်း(စောင့်ကြပ်ကြည့်ရှုရေး)စခန်းတို့တွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရကြောင်း သိရသည်။

ထို့ပြင် ကော့သောင်းမြို့တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ကိုဗစ်ပိုးတွေ့သူ သုံးဦးရှိခဲ့သည်။