မြိတ်မြို့တွင် ရာအိမ်မှူးတစ်ဦးပစ်သတ်ခံရ

0
896

မြိတ်မြို့ အောင်ချမ်းသာရပ်ကွက်က စစ်ကောင်စီခန့် ရာအိမ်မှူး ဦးအောင်သန်း သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဩဂုတ်လ ၁၇ ရက် ညနေ ၆ နာရီဝန်းကျင်က မြိတ်ကမ်းနားလမ်း Sea View Condo အနီးတွင် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

“ဆိုင်ရောင်းနေတုန်း လာပစ်သွားတာ။ နဖူးမှာမှန်ပြီး ပွဲချင်းပြီးသေတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦး က ပြောသည်။

သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးဆယ်ပြား (ခေါ်) ဦးအောင်သန်းဖြစ်ပြီး မြိတ်ကမ်းနားလမ်းတွင် ဝက်သားတုတ်ထိုး ရောင်းချနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဦးအောင်သန်းသည် စစ်ကောင်စီခန့် ရေပုန်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၏ တပည့်ဖြစ်ပြီး ပျူစောထီးအဖွဲ့ဝင် လည်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ယနေ့ နံနက်တွင် ထုတ်ပြန်သည်။

၎င်းကို ‘နန်းထိုက်အောင် စစ်ဆင်ရေး’ ဖြင့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင်တပ်ရင်း (၂) တို့ ပူးပေါင်းကာ
ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ရာအိမ်မှူးပစ်သတ်ခံရပြီးနောက် ဩဂုတ်လ ၁၇ ရက် ညဦးက စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရပ်ကွက်အချို့ရှိ နေအိမ်များအား ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့သလို လမ်းဆုံလမ်းခွများတွင်လည်း ဆိုင်ကယ်များအား ရှာဖွေစစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၆ ရက်နေ့ကလည်း မြိတ်လေယာဉ်ကွင်း လမ်းဆုံတွင် ပြည်သူ့စစ်အဖွဲ့ဝင်များ စီးလာသည့်ကားအား မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲ တိုက်ခိုက်ခဲ့သေးသည်။