ရေးတွင် မီတာခဈေးထပ်တက်၊ လျှပ်စစ်မီး အချိန်ပိုင်းသာရ

0
506

မွန်ပြည်နယ်တောင်ပိုင်း ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာခ ကျပ်နှစ်ရာ ဈေးထပ်တက်သဖြင့် တစ်ယူနစ် ကျပ် ၁၅၅၀ အထိ ပေးဆောင်နေရပြီး လျှပ်စစ်မီးမှာလည်း အချိန်ပိုင်းသာရတော့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စက်သုံးဆီ ဈေးမြင့်တက်လာခြင်းနှင့် ဆီဝယ်ယူရန် ခက်ခဲလာခြင်းကြောင့် ရေးမြို့နယ်အတွင်း လျှပ်စစ် ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီတို့က တစ်ယူနစ် ၁၃၅၀ ကျပ်ကနေ ၁၅၅၀ ကျပ်သို့ တိုးမြှင့်ကောက်ခံရန် မီးလင်းရေးကော်မတီက ဩဂုတ်လ ၁၅ ရက်နေ့က ကြေညာထားသည်။

၎င်းအပြင် လျှပ်စစ်မီးဖြန့်ဖြူးခြင်းကိုလည်း ၂၄ နာရီပေးနေရာမှ အချိန်ပိုင်းသာ ဖြန့်ဖြူးတော့မည်ဟုလည်း မီးလင်းရေးကော်မတီက ကြေညာထားသည်။

လျှပ်စစ်မီးမှာ နံနက် ၄နာရီမှ နေ့လယ် ၁၂ နာရီအထိ တစ်ကြိမ်၊ မွန်းလွဲ ၁နာရီမှ ည ၁၀ နာရီအထိ တစ်ကြိမ် ရရှိကြောင်း ဒေသခံများထံမှ သိရသည်။

“ဒီလကစပြီး မီတာခ တစ်ယူနစ် ၁၅၅၀ ကျပ် တိုးကောက်မယ်တဲ့။ မီတာခတွေက (အာဏာမသိမ်းခင်ကထက်) အခုဆို သုံးဆလောက် တက်သွားတယ်” ဟု ရေးမြို့ခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

စစ်တပ်အာဏာမသိမ်းခင်က ရေးမြို့နယ်အတွင်း လျှပ်စစ်မီတာ တစ်ယူနစ် ကျပ် ၃၀၀ နှင့် ၅၀၀ အကြားသာရှိပြီး အာဏာသိမ်းမှုဖြစ်ပြီးနောက် တစ်ယူနစ် ကျပ် ၉၀၀ ကနေ ၁၂၀၀ ကျပ်၊ ဇွန်လကစပြီး တစ်ယူနစ် ၁၃၅၀ ကျပ် တိုးမြှင့်ကောက်ခံခဲ့ရာမှ ယခု ၁၅၅၀ ကျပ်အထိ ဖြစ်လာသည်။

ထို့အတူ ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖြန့်ဖြူးနေသည့် လျှပ်စစ်မီးလည်း တစ်ယူနစ် ကျပ် ၁၀၀၀ ကနေ ကျပ် ၁၅၀၀ အထိ ဈေးတက်သွားကြောင်း သုံးစွဲသူတို့၏ ပြောပြချက်အရ သိရသည်။

လျှပ်စစ်မီတာခ မြင့်တက်လာပြီး လျှပ်စစ်မီးအလုံအလောက်မရသည့်အပြင် စက်သုံးဆီ ဝယ်မရသည့်အတွက် လျှပ်စစ်မီးဖြင့် လုပ်ငန်းလုပ်ကိုင်နေကြရသည့် လုပ်ငန်းရှင်များ အခက်အခဲကြုံတွေ့နေရပြီး လုပ်ငန်းအချို့ ရပ်နားထားရသည်လည်း ရှိလာခဲ့သည်။

“မီတာခကလည်း ဈေးတက်။ မီးစက်ကို အားကိုးဖို့ကလည်း ဆီက ဝယ်မရ။ အခုဆိုရင် မီးက အချိန်ပိုင်းပဲ ရနေတော့ လျှပ်စစ်မီးနဲ့ အလုပ်လုပ်ရတဲ့သူတွေ ဘာလုပ်စားရတော့မလဲ” ဟု လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မဟာဓါတ်အားလိုင်း မရောက်သည့် ရေးမြို့နယ်အတွင်း၌ လျှပ်စစ်ဖြန့်ဖြူးရေးကို ပုဂ္ဂလိကကုမ္ပဏီတို့နှင့် ကျေးရွာအတွင်း ကိုယ်ထူကိုယ်ထစနစ်တို့ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးရေး လုပ်ဆောင်နေကြသည်။

ရေးမြို့နယ်အတွင်း လျှပ်စစ်ဖြန့်ဖြူးနေသည့် ပုဂ္ဂလိကကုမ္ပဏီ သုံးခုရှိပြီး ရေးမြို့မြောက်ပိုင်း၊ တောင်ပိုင်းရှိ ရပ်ကွက်ကျေးရွာအများစုကို လျှပ်စစ်ဖြန့်ဖြူးပေးနေသည်။