ရန်ပုံငွေနှင့် စက်သုံးဆီအခက်အခဲကြောင့် လူနာသယ်ဆောင်ပေးသည့်ပရဟိတအဖွဲ့များ ရပ်တည်ရန်ခက်လာ

0
452

ရန်ပုံငွေနှင့် စက်သုံးဆီ ရရှိမှုအခက်အခဲကြောင့် အရေးပေါ်လူနာ (အခမဲ့) ကူညီသယ်ဆောင်ပေးနေသည့် ပရဟိတ အသင်းအဖွဲ့များ ရပ်တည်ရန်ခက်ခဲလာကြောင်း ထားဝယ်ခရိုင်က အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအသင်းအဖွဲ့အချို့က ပြောသည်။

လက်ရှိကာလတွင် စက်သုံးဆီ တစ်လီတာလျှင် ၃၀၀၀ ကျပ်ဝန်းကျင်ဖြစ်နေပြီး လိုသလောက် ဝယ်မရခြင်းတို့ကြောင့် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးရေးတွင် အခက်အခဲဖြစ်လာကြောင်း ယင်းအဖွဲ့တို့ထံမှ သိရသည်။

ထားဝယ်မြို့က ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှာ ရန်ပုံငွေအခက်အခဲနှင့် စက်သုံးဆီ ရရှိမှု အခက်အခဲတို့ကြောင့် ဩဂုတ်လ ၁၁ ရက်နေ့မှ စတင်ကာ ယာယီရပ်နားထားသည်။

“အရင်က တစ်လကို (ရန်ပုံငွေ) ဆယ့်ခြောက်သိန်းကျော်လောက် ရနေတဲ့နေရာမှာ အခုက တစ်လကို လေးသိန်း ကျော်ကျော်လောက်နဲ့ ကျွန်တော်တို့မှာ လည်ပတ်နေရတယ်။ ပြီးတော့ လာရောက်လှူပေးတဲ့ အလှူရှင်တွေလည်း အရင်တုန်းကလိုမျိုး သိပ်ပြီးမရှိဘူးပေါ့” ဟု ယင်းအဖွဲ့ ဥက္ကဋ္ဌ ကိုနိုင်မျိုးသွင်က ပြောသည်။

ဇမ္ဗူသီရိအဖွဲ့သည် တစ်နှစ်တစ်ခါ အလှူငွေလှည့်လည် အလှူခံခြင်း၊ လစဉ်ထည့်ဝင်သည့် အလှူငွေ၊ လာရောက် လှူဒါန်းသည့် အလှူငွေတို့ဖြင့် ရပ်တည်နေခြင်းဖြစ်ပြီး ကိုဗစ်ကာလတည်းက အလှူခံထွက်ခြင်းတို့ကို ရပ်ထားကြောင်း ၎င်းက ဆိုသည်။

ယခုကာလတွင် လစဉ်အလှူငွေထည့်ဝင်သည့် အလှူငွေနှင့် လာရောက်လှူဒါန်းသူများလည်း နည်းပါးသွားခြင်း ကြောင့် ရန်ပုံငွေရရှိမှုနည်းလာချိန် စက်သုံးဆီဈေးတက်လာခြင်း၊ စက်သုံးဆီ ဝယ်ယူရခက်ခဲလာခြင်းတို့ကို အဖွဲ့၏ လုပ်ငန်းများကို ယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း ဦးနိုင်မျိုးသွင်က ရှင်းပြသည်။

လက်ရှိတွင် ရန်ပုံငွေရရှိအောင်လုပ်ဆောင်နေပြီး ရန်ပုံငွေရရှိပါက လုပ်ငန်းများ အမြန်ဆုံးပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အလားတူ ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းမှာလည်း ရန်ပုံငွေအခက်အခဲနှင့် စက်သုံးဆီရရှိမှု အခက်အခဲ များ ကြုံနေရကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောသည်။

“အခက်အခဲကတော့ အများကြီးပဲ။ လောလောဆယ် ငွေနဲ့ ဆီပဲ၊ ငွေရှိမှ ဆီရတယ်လေ။ လောလောဆယ်က ငွေရှိလည်း ဆီကမရဘဲဖြစ်နေတော့ ပင်ပန်းနေတယ်။ လောလောဆယ် ရင်ဆိုင်ရတဲ့ ပြဿနာကတော့ အဲဒါပဲ” ဟု ၎င်းက ဆိုသည်။

ကိုဗစ်ကာလတွင် လှူတန်းသူများ ပေါများသော်လည်း ယခု အာဏာသိမ်းကာလတွင် လှူတန်းသူ မရှိသလောက် နည်းပါးသွားကြောင်း အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအသင်းအဖွဲ့အချို့က ပြောသည်။

ထားဝယ်မြို့နယ် ကြက်ခြေနီအသင်းမှာလည်း ကိုယ်ထူကိုယ်ထ ထူထောင်ထားရသည့်အသင်းဖြစ်သောကြောင့် လူနာရှင်များက ပြန်လည်လှူဒါန်းသည့်ငွေဖြင့် စက်သုံးဆီထည့်ကာ အသင်းကို လည်ပတ်နေရခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောဆိုသည်။

“(လူနာရှင်က) နားလည်မှုနဲ့ လှူပေးရင်လည်း ဆီထည့်ရမယ်။ မပေးရင်လည်း တောင်းမရဘူးလေ၊ ပရဟိတ ဆိုတော့။ တို့မှာ ကားတစ်ခုခုချို့ယွင်းပြီ ဝပ်ရှော့ကို ပို့ရပြီဆိုတာနဲ့ ပျာသွားတာပဲ” ဟု ၎င်းက ဆက်လက် ပြောဆို သည်။

သရက်ချောင်းမြို့နယ် အောက်ဘက်ခြမ်းတွင် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအဖွဲ့ တစ်ခုတွင်လည်း အလားတူအခက်အခဲများ ကြုံနေရသည်။

ကိုဗစ်ကာလက တစ်လလျှင် အလှူငွေလေးသိန်းကျော်၊ ငါးသိန်းခန့်ရသော်လည်း အာဏာသိမ်းကာလတွင် လာရောက်လှူဒါန်းသူများ မရှိတော့သဖြင့် လူနာရှင်များက လှူသည့် ဆီဖိုးလောက်ဖြင့်သာ အရေးပေါ်လူနာများကို ကူညီသယ်ဆောင်ပေးနေရကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိဆီဈေးနှုန်းအရဆိုလျှင် သရက်ချောင်းမြို့နယ်အောက်ဘက်ခြမ်းရှိ ကျေးရွာမှ ထားဝယ်ဆေးရုံအထိကို အသွားအပြန်စရိတ်မှာ ဆီဖိုးနှင့် အခြားကုန်ကျစရိတ်အတွက် ငွေကျပ် ခုနှစ်သောင်းကျပ်မှ ရှစ်သောင်းခန့်အထိ ကုန်ကျသည်ဟု ၎င်းက ဆိုသည်။

“ဆီကလည်း ရနည်းတာကိုး။ လီတာလည်း မပြည့်ဘူးဆိုတော့၊ အခက်အခဲက ဆီပဲ။ ရန်ပုံငွေကလည်း ကျွန်တော် တို့မှာ လှူသမားတန်းသမား မရှိဘူးလေ။ ကားတွေတခုခုပြင်ဖို့ကို ခက်ခဲနေတယ်။ လူနာရှင်တွေကလည်း ဆီဖိုး လောက်ပဲ အဆင်ပြေတယ်လေ။ ပိုပြီးတော့လည်း သွားတောင်းနေလည်း မရဘဲ။ ကျွန်တော်တို့က အရေးပေါ်ကား ဖြစ်နေတာကိုး။ စီးပွားရေးကားမဟုတ်ဘူးဆိုတော့ သူတို့လှူသလောက်ပဲရတာပေါ့” ဟု ၎င်းက ပြောဆိုသည်။

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှုကြုံနေရသဖြင့် ဆိုင်များတွင် စက်သုံးဆီကို အကန့်အသတ်ဖြင့် ရောင်းချပေးနေ သောကြောင့် လိုသလောက် ဝယ်ယူမရဖြစ်နေပြီး ရန်ပုံငွေ မရှိသောကြောင့်လည်း ရေရှည်တွင် အရေးပေါ် လူနာကူညီ သယ်ဆောင်ပေးနေသည့် လုပ်ငန်းများ ရပ်တန့်သွားနိုင်ကြောင်း ပရဟိတအသင်းအဖွဲ့အချို့ထံမှ သိရသည်။

ယင်းသို့ ရပ်တန့်သွားပါက လူနာများတွင် အခက်အခဲများစွာ ရှိသွားနိုင်ပြီး မသေသင့်ဘဲ သေဆုံးရခြင်းများ ဖြစ်ပေါ် နိုင်ကြောင်း သရက်ချောင်းမြို့နယ်မှ အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် ပရဟိတအဖွဲ့တစ်ခုမှ တာဝန်ရှိ သူက ဆိုသည်။

ကိုဗစ်ကာလတွင် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးသည့် ပရဟိတအသင်းအဖွဲ့များစွာ ထွက်ပေါ်လာခဲ့ သော်လည်း အာဏာသိမ်းကာလတွင် အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် အသင်းအဖွဲ့များ လျော့နည်း သွားကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။

အရေးပေါ်လူနာကူညီသယ်ဆောင်ပေးနေသည့် အသင်းအဖွဲ့တွင် လုပ်ကိုင်နေသူများ၊ အရေးပေါ်ကားများကိုလည်း စစ်ကောင်စီက ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ ရိုက်နှက်ခံရခြင်း၊ ညမထွက်ရအမိန့် စသည်တို့ကြောင့် အသင်းအဖွဲ့များ လျော့နည်းလာခြင်းဖြစ်သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ် ဇဟာကျေးရွာမှ ဇဟာအားမာန်အရေးပေါ်လူနာ (အခမဲ့) ကူညီသယ်ဆောင်ရေးအဖွဲ့များတွင်မူ စက်သုံးဆီဝယ်ရာတွင် အကန့်အသတ်ဖြင့် ဝယ်ယူနေရသည်မှ လွဲ၍ အခြားအခက်အခဲများ မရှိသေးကြောင်း ယင်းအဖွဲ့မှ ဥက္ကဋ္ဌ ကိုမင်းပိုင်စိုးက ပြောသည်။

ထားဝယ်မြို့မှ နာရေးကူညီမှုအသင်းမှာလည်း အသုဘရှိမှ ပို့ရသွားရသဖြင့် စက်သုံးဆီနှင့် ရန်ပုံငွေအခက်အခဲ ကြီးကြီးမားမား မရှိသေးကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ဆိုသည်။