ထိုင်းတွင် မြန်မာလုပ်သားလူငယ်တစ်ဦး စက္ကူစက်တွင်ညှပ်ပါပြီးသေဆုံး

0
415

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ စက္ကူစက်ရုံတစ်ခုတွင် လုပ်ကိုင်နေသော အသက် ၁၈နှစ်အရွယ် မြန်မာအလုပ်သမား တစ်ဦးသည် ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းတွင် အလုပ်လုပ်ကိုင်နေရင်း စက်တွင်ညှပ်ပါပြီး သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။

ဖန်းထောဒေသရှိ စက္ကူပါကင်ပိတ်စက်ရုံ (Print and Pack Co., Ltd.) တွင် စက္ကူဖြတ်စက်ကြီးအထဲသို့ ဦးခေါင်းနှင့် ခန္ဓာကိုယ်ထက်ဝက်ခန့် ညှပ်လျက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားမှာ အသက် ၁၈ နှစ်အရွယ်သာရှိသေးပြီး မောင်ထွန်းမြတ် (ထိုင်းဘာသာဖြင့် ဖော်ပြချက်ဖြစ်သဖြင့် အမည်လွဲနိုင်) ဆိုသူဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။

အတူတူလုပ်ကိုင်နေသူ မြန်မာအလုပ်သမားတစ်ဦး၏ ပြောကြားချက်အရ ၎င်းအပြင်သို့ ထွက်ချိန်တွင် မောင်ထွန်းမြတ်သည် စက်ကြီးအထဲသို့ စက္ကူပြားများကို ပုံမှန်အတိုင်းထည့်သွင်းနေခဲ့သည်ဟု သိရကြောင်း သတင်းတွင် ဆက်လက် ဖော်ပြထားသည်။

အပြင်မှ ပြန်ဝင်လာချိန်တွင် မောင်ထွန်းမြတ်မှာ စက်အတွင်း ညှပ်ပါသေဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း အတူလုပ်ကိုင်နေသည့် မြန်မာအလုပ်သမားက ပြောဆိုထားသည်။

ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များ ရောက်သွားချိန်တွင် မြန်မာအလုပ်သမားကို စက်ထဲမှ ဆွဲထုတ်ရန် ကြိုးစားကြသော်လည်း စက္ကူစက်မှာ စက်ကြီးဖြစ်နေသဖြင့် ဆွဲထုတ်၍ မရကြောင်း သတင်းတွင် ဖော်ပြထားသည်။

စက်ကျွမ်းကျင်သူကိုများ ရောက်ရှိလာမှသာ အလောင်းကိုအပြင်သို့ ထုတ်ခဲ့ရပြီး အဆိုပါထုတ်ခဲ့ရသောကြာချိန်မှာ တစ်နာရီနီးပါးကြာခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

သေဆုံးမှုဖြစ်စဉ်ကို အသေးစိတ်သိရှိရန်အတွက် စက်ရုံအတွင်းရှိ CCTV မှတ်တမ်းကို ကနဦးစစ်ဆေးနေကာ မျက်မြင် သက်သေနှင့် စက်ရုံမှ တာဝန်ရှိသူများ ကျူးလွန်မှု ရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။

ယင်းသို့ စစ်ဆေးပြီးနောက်ပိုင်းတွင် ထိုင်းဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူက ပြောဆိုထားသည်။

Ref: CH 7 HD News