မွန် မြို့နယ်ငါးခုတွင် ရေကြီးပြီး ပြည်သူအချို့ ဘေးလွတ်ရာရွှေ့ပြောင်း

0
348

မွန်ပြည်နယ် မြို့နယ်အချို့တို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းကစပြီး ရေကြီးရေလျှံမှုများဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ကျိုက်မရော၊ ပေါင် အစရှိသည့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအချို့တို့တွင် ရေကြီးနစ်မြုပ်မှုနေကြောင်း ၎င်းတို့ထံမှ သိရသည်။

မော်လမြိုင်မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ဇေယျာမြိုင်၊ သီရိမြိုင်၊ လှိုင်၊ သာယာအေး၊ ရွှေပြည်အေး ဇေယျာသီရိတို့တွင် ရေကြီးနစ်မြုပ်နေပြီး ပြည်သူအချို့ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရကြောင်း အကူအညီပေးနေသူတို့ထံမှ သိရသည်။

“မိုးများပြီး ရေကြီးရေလျှံမှုဖြစ်လို့ နေအိမ်တွေမြုပ်ကုန်ပြီ။ တချို့က ဘေးလွတ်ရာ ပြောင်းနေရပြီ။ မိုးကလည်း ကောင်းတုန်းပဲ” ဟု ရေဘေးအကူအညီပေးနေသူ မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။

ရေဘေးသင့်ပြည်သူများကို လူမှုကယ်ရေးအဖွဲ့များနှင့် အလှူရှင်တို့က အစားအသောက်များ ကူညီပေးနေသည်ဟု ရေဘေးသင့်သူတို့ထံမှ သိရသည်။

ကျိုက်မရောမြို့နယ်တွင် ဦးလေးကျေးရွာ၊ ကော့ဒွန်း၊ ကော့မနော အစရှိသည့် ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက် အချို့တို့တွင်လည်း ယနေ့နံနက်ပိုင်းကစပြီး ရေကြီးရေလျှံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

“မိုးက ညက တစ်ညလုံးရွာတယ်။ ဒီနေ့လည်း တစ်နေ့လုံးရွာနေတယ်။ မြစ်နဲ့နီးတဲ့ ရပ်ကွက်တွေ ရွာတွေတော့ ရေဝင်နေပြီ။ မိုးက ဒီအတိုင်းပဲဆက်ရွာနေရင် အမြင့်ပိုင်းတွေပါ ရေရောက်မယ်” ဟု ကျိုက်မရောဒေသခံတစ်ဦးက ပြောသည်။

ထို့အတူ မုဒုံမြို့နယ် ကမာဝက်ကျေးရွာ၊ ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာနှင့် သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်အချို့ တွင်လည်း ရေးကြီးရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းအပြင် ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းနှင့် မုဒုံမြို့နယ် နှီးပဒေါ်ကျေးရွာ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းတို့တွင်လည်း ကားလမ်းရေကျော်နေကြောင်း ဒေသခံတို့က ပြောသည်။

ကားလမ်းရေကျော်နေသည့်နေရာတွင် ယနေ့ ညနေ ပိုင်းအချိန်ခန့်အထိ ကားများ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်သေးသည်ဟု ကူညီပေးနေသူတို့ထံမှ သိရသည်။

မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများ စီးဆင်းလာသည့် အတွက် ရေကြီးရေလျှံနေခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ ယနေ့ညနေအထိ ခန့်မှန်းထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက်မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။