မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းနေရာအချို့ ရေကျော်

0
554

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မုဒုံမြို့နယ် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပိုင်းနေရာတွင် ရေကြီးရေလျှံနေကြောင်း ဒေသခံများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများစီးဆင်းလာသည့်အတွက် နှီးပဒေါကျေးရွာနှင့် ရောင်းဒေါင်းရွာကြား မိုင်တိုင်အမှတ် (၃၄/၁) နှင့် (၃၄/၂) အကြားတွင် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းမှစကာ ကားလမ်း ရေကျော် နေကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိုးက မနေ့ညနေကတည်းက ဆက်တိုက်ရွာနေတာ။ ကားလမ်းမှာ မနက်ကတည်းက ရေစကျော်နေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ရေကြီးရေလျှံနေသည့် ကားလမ်းပိုင်းနေရာတွင် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့က ကားများ၊ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန် ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိအနေအထားတွင် ကားများ ဆိုင်ကယ်များ ဖြတ်သန်းသွားလာနေကြသော်လည်း ရေပိုများလာပါက အန္တရာယ်ရှိနိုင်ကြောင်း ဖြတ်သန်းသွားလာနေသူအချို့က ပြောသည်။

“အခုကတော့ သွားလာလို့ရနေသေးတယ်။ မိုးကလည်း ဆက်တိုက်ရွာနေဆဲဆိုတော့ ရေက များလာနိုင်တယ်။ ရေများလာရင်တော့ အန္တရာယ်ရှိတယ်။ သတိထားရမယ်” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပြည်နယ်အတွင်းရှိ အနိမ့်ပိုင်း လူနေရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင်လည်း ရေဝင်မှုများဖြစ်ပွားနေသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ ယနေ့ညနေအထိ ခန့်မှန်းထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဒေသအလိုက် မိုးကြီးနိုင်သည်ဟု ထုတ်ပြန်ထားသည်။