မြိတ်လေယာဉ်ကွင်းအနီး ပြည်သူ့စစ်ကား မိုင်းခွဲတိုက်ခိုက်ခံရ

0
369

မြိတ်မြို့ လေယာဉ်ကွင်းအနီးတွင် ယနေ့ (ဩဂုတ် ၁၆) နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များ ကားဖြင့် သွားလာနေစဉ် မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

မြိတ်လေယာဉ်ကွင်းအနီး ကန်ဖျားမြေနီလမ်း လမ်းဆုံတွင် ယနေ့ နံနက် ၆နာရီဝန်းကျင်က ပေါက်ကွဲသံ အကျယ်ကြီး ကြားရကြောင်း ယင်းအနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက ပြောသည်။

“ဗုံးပေါက်ကွဲသံက အကျယ်ကြီးကြားရတယ်။ လူတွေထိခိုက်သွားတယ်လို့လည်း ပြောနေကြတယ်။ အတိအကျတော့ မသိသေးဘူး” ဟု လေယာဉ်ကွင်းအနီးတွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းတိုက်ခိုက်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

“စားသောက်ဆိုင်ရှေ့လမ်းဆုံမှာ မြစ်ပင်တွေ ဖွာလန်ကြဲနေတာ တွေ့ရတယ်” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

မြိတ်ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ‘နန်းထိုက်အောင်စစ်ဆင်ရေး’ အမည်ဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီး ခေါ် ပြည်သူ့စစ်တစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ငါးဦးထက်မနည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။