လောင်းလုံး သဘော့ဆိပ်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
321

လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာ အောင်ချမ်းသာရပ်ကွက်တွင် ဩဂုတ်လ ၁၅ ရက်နေ့ ညနေပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။

ပစ်သတ်ခံရသူမှာ ယင်းကျေးရွာသား အသက် ၅၀ ကျော်အရွယ်ရှိ ဦးမောင်ထွေးဆိုသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအမျိုးသားမှာ ကားအငှားလိုက်သူဖြစ်ပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီက ကားဖြင့် ထားဝယ်မှအပြန် နေအိမ်သို့ ရောက်လာစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မျက်နှာချည်း ပစ်သွားတယ်။ ဒဏ်ရာက ခြောက်ချက်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဦးမောင်ထွေးကို လောင်းလုံးမြိုနယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Launglone people defence force (LLPDF) အဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။

ဦးမောင်ထွေးသည် ပျူစောထီးသွေးသောက်အဖွဲ့ဝင်ဖြစ်ပြီး စစ်ကောင်စီတပ်သားများနှင့်အတူ နေထိုင်လေ့ရှိကာ ရံဖန်ရံခါ စစ်ကောင်စီတပ်သားများနှင့် လက်နက်ကိုင်သွားလာလေ့ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် အပြစ်မဲ့ဒေသခံပြည်သူများကို သတင်းပေး တိုင်တန်းသူတစ်ဦးဖြစ်သောကြောင့် ပစ်ခတ်ရှင်းလင်း ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။

အခင်းဖြစ်ပြီးနောက် ဦးမောင်ထွေး၏ ရုပ်အလောင်းကို ထားဝယ်သို့ သယ်ဆောင်သွားပြီး ယင်းနေ့ ညပိုင်းတွင် နေအိမ်သို့ ပြန်လည်သယ်ဆောင်လာခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ဦးမောင်ထွေးဆိုသူမှာ ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလတွင် ထားဝယ်မြို့ နေရာအချို့တွင် ဗုံးထောင်သည်ဟု ဆိုကာ ဖမ်းဆီးခံရသော ဦးနေမင်းထွန်း (ခေါ်) ဘခင်၏ ယောက်ဖတော်စပ်သူဖြစ်သည်။

ယင်းအမျိုးသား၏ ယောက်ဖဖြစ်သူမှာလည်း အာဏာသိမ်းပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လွတ်လာပြီး ယခုနှစ်‌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘော့ဆိပ်ကျေးရွာ၌ပင် ပစ်သတ်ခံခဲ့ရသည်။