နှစ် ၃၀ အလွန်တစ်ကျော့ပြန် စစ်ဘေးရှောင်များ

0
83
ထွက်ပြေးတိမ်းရှောင်နေကြသော ပုလောဒေသခံများ

စိုက်ပျိုးရေး လုပ်ငန်းများဖြင့် အေးချမ်းတည်ငြိမ်နေသည့် ရွာကလေးများမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကကဲ့သို့ နေအိမ်စွန့်ခွာကာ ထွက်ပြေးကြရပြန်ပေပြီ။

၁၉၉၁-၉၂ ခုနှစ်ဝန်းကျင်က စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်မှုကြောင့် စစ်ဘေးဒဏ်သင့်၍ ရွာလုံးကျွတ်ပြောင်းပြေးခဲ့ရသည့်မြန်မာနိုင်ငံတောင်ပိုင်းမှ ကျေးရွာလေးများမှာ ယခု နှစ်ပေါင်း ၃၀ အကြာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန် တိုက်ပွဲများဖြစ်ကာ ပြေးနေကြရပြန်သည်။

နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသည့် အဆိုပါဒေသမှ စစ်ဘေးရှောင်များမှာ အထောက်အပံ့ လမ်းကြောင်းများ ပိတ်ဆို့ခံထားရမှုကြောင့် ယခုအခါ ရိက္ခာပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီဖြစ်သည်။

နှစ် ၃၀ တစ်ကျော့ပြန်

ယင်းရွာလေးများမှာ မြိတ်မြို့နှင့် တနင်္သာရီမြို့အကြား တနင်္သာရီမြစ်မကြီးမှ ခွဲထွက်လာသည့် မြစ်လက်တက်၏ မြစ်ကမ်းတစ်ဖက်တစ်ချက်ပေါ်တွင် တည်ရှိသော ရွာများဖြစ်သည်။

ယင်းရွာလေးများတွင် လယ်သစ်ကျေးရွာနှင့် ပဝကျေးရွာတို့မှာ ထင်ရှားလှသည်။

လယ်သစ်ကျေးရွာလေးမှာ လူဦးရေသိပ်မများလှ။ ရွာ၏အရှေ့ကမ်းနှင့် အနောက်ကမ်းပေါင်းမှ အိမ်ခြေတစ်ထောင် ဝန်းကျင်ခန့်သာရှိသည်။

ကျေးရွာနေသူ အများစုမှာ ဥယျာဉ်ခြံလုပ်ငန်းများ လုပ်ကိုင်ကြပြီး အေးချမ်းတည်ငြိမ်ကာ စီးပွားရေးအတန်အသင့် ပြေလည်ကြသည်။

လယ်သစ်အရှေ့ကမ်း ရွာအနီးပတ်ဝန်းကျင်မှာ တောတောင်လျှိုမြှောင်များပေါပြီး ဉယျာဉ်ခြံမြေများလည်း အများအပြားရှိနေသည်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှု ဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် လက်နက်ကိုင် တော်လှန်ရေးတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်အချို့က တောတောင်ပေါများသည့် လယ်သစ်၊ ပဝကျေးရွာ အနီးတစ်ဝိုက်ကို အခြေပြုကာ စစ်ရေးလှုပ်ရှားနေကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကလည်း ယင်းဒေသမှပင် တော်လှန်ရေးသမားများ ထွက်ပေါ်လာပြီး နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့) ဟု ခေါ်ဆိုကြသည့် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် လုပ်ဆောင်ခဲ့ကြသေး သည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက လယ်သစ်အရှေ့ကမ်းနှင့် တစ်ဆက်တစ်စပ်တည်းရှိနေသည့် ပဝကျေးရွာနှင့် မြေပြားကျေးရွာ အနီးတောတောင်တစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လေ့ရှိပြီး တစ်ခါတစ်ရံ လယ်သစ် အနောက်ကမ်းဖက်သို့တိုင် သွားရောက်ပြီး စစ်ကောင်စီတပ်ကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ပင်ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များကို တိုက်ခိုက်ရန် စစ်ကောင်စီတပ်က လယ်သစ်ကျေးရွာ အနောက်ဘက်ခြမ်းကို မကြာခဏ စစ်ကြောင်းထိုးလေ့ရှိသည်။

လယ်သစ်အရှေ့ကမ်းနှင့် အနောက်ကမ်းကြားတွင် ခန့်မှန်းကိုက် ၁၅၀ ခန့်သာ ကွာဝေးသည့် တနင်္သာရီမြစ်မှ ခွဲထွက်လာသည့် မြစ်လက်တက်တစ်ခုသာ ခြားထားသည်။

“အများအားဖြင့်တော့ အနောက်ကမ်းကိုရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ အရှေ့ကမ်းရောက်လာတဲ့ PDF တို့ ချကြတာ။ စစ်တပ်က လက်နက်ကြီးနဲ့ပဲ အရှေ့ကမ်းဖက်ကို လှမ်းလှမ်းပစ်တယ်။ မြစ်ကိုဖြတ်ပြီးတော့ တစ်ခါမှ မသွားကြဘူး” ဟု ဒေသခံအမျိုးသားက ပြောသည်။

အရှေ့ဘက်ခြမ်းမှာမူ မြစ်လက်တက်၏ ဟိုဘက်အခြမ်းတွင်ရှိပြီး တောတောင်၊ ဥယျာဉ်ခြံများကို နောက်ခံပြုထားသဖြင့် စစ်ကောင်စီတပ်က မြစ်တစ်ဖက်ကမ်းကို ကူး၍ တိုက်ခိုက်နိုင်ခြင်း မရှိပေ။

သို့သော် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီဆိုပါက လက်နက်ကြီးပစ်ခတ်မှုများ၊ ဖမ်းဆီးခံရနိုင်မှုများကြောင့် အရှေ့ခြမ်းကော အနောက်ခြမ်းပါမက အနီးဝန်းကျင် ကျေးရွာများပါ စစ်ဘေးရှောင်ထွက်ပြေးကြရသည်။

စစ်ကောင်စီတပ်အပါအဝင် ပြည်သူ့စစ်ဟုခေါ်သည့် ပျူစောထီးတပ်များက ၂၀၂၂ နှစ်အစမှ စတင်ကာ လယ်သစ်အနောက်ကမ်းသို့ မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းတို့ကို ပြီးခဲ့သည့် ဇူလိုင်လကုန်အထိ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများက ပြောသည်။

ယင်းကြောင့်ဒေသခံများမှာ ဆယ်စုနှစ်သုံးခုအကြာတွင် အိုးအိမ်စွန့်ခွါ ပြေးကြရပြန်သည်။

ပြေးရတာခြင်းမတူ

ပြေးကြရခြင်းတူသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က ပြေးရခြင်းနှင့် လက်ရှိပြေးရခြင်း မတူဟု လယ်သစ်ရွာသူ အသက် ၃၈ နှစ်ရှိ မရီ (အမည်လွှဲ) က ပြောသည်။

“ခုပြေးရတာက ငယ်ငယ်က ပြေးရတာနဲ့ မတူဘူး။ အခုက အတွေ့ခံမရဲ ဖြစ်ရလောက်အောင်ကို ပြေးနေရတာ။ အရင်ကထက်အများကြီး ပိုဆိုးတယ်” ဟု ကလေးတစ်ယောက်မိခင် ၎င်းက ပြောသည်။

သူမတို့ငယ်ငယ်က ရွာတွင်တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ခဲ့ပြီး ပြေးရသော်လည်း တိုက်ပွဲအတွင်း နှစ်ဖက်ကျည်ထိမှန်မည် စိုးသည့်အတွက် ပြေးခဲ့ရခြင်းဖြစ်ပြီး ယခုလို မိသားတစ်စုလုံးပြေးရ၊ ပုန်းရခြင်းမျိုးမဟုတ်ကြောင်း ၎င်းကပြောပြသည်။

“အရင်ကရွာကို စစ်တပ်ဝင်လာပြီဆိုရင် ပေါ်တာဆွဲမှာ ကြောက်လို့ ယောက်ျားတွေပဲ ပြေးကြတာ။ အမျိုးသမီးနဲ့ ကလေးတွေက မပြေးကြဘူး။ သူတို့ (စစ်တပ်) ကလည်း ပြည်သူတွေ ဖမ်းတာဆီးတာ ပစ်တာခတ်တာမျိုးလည်း မလုပ်ဘူး။ နှစ်ဖက်ချကြမှပဲ ရွာသားတွေက ထွက်ပြေးကြရတာ” ဟု သူမက လွန်ခဲ့သော နှစ် ၃၀ က အခြေအနေကို ပြန်ပြောသည်။

ပြီးခဲ့သည့် ဇွန်လတွင် စစ်ကောင်စီတပ်မှ လယ်သစ်အနောက်ကျေးရွာအတွင်းသို့ ရောက်ရှိလာသည့်အတွက် ရွာသားအများအပြား ထွက်ပြေးကြပြီး မပြေးဘဲကျန်နေကြသည့် လူများအား ဖမ်းဆီးခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ အစစ်ဆေးမခံဘဲ ထွက်ပြေးသူများအား ပစ်ခတ်ခြင်းတို့ လုပ်ဆောင်ခဲ့သေးသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သည့်အတွက် အရှေ့ကမ်းရွာရှိ ဘုန်းကြီးကျောင်းအပါအဝင် လူနေအိမ် ၄ လုံး ပျက်စီးခဲ့ပြီး အနည်းဆုံအရပ်သားနှစ်ဉီးလည်း သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောပြသည်။

“ကျွန်မတို့ငယ်ငယ်တုန်းက လယ်သစ်၊ ပဝကျေးရွာ နှစ်ရွာလုံးကို စစ်တပ်က မာရှယ်လောထုတ်ပြီး ၄၅ ရက်အတွင်း အပြီး ပြောင်းခိုင်းလို့ ရွာလုံးကျွတ်ပြောင်းပြီး မြိတ်ဖက်တက်နေကြရတယ်။ ဘာပြဿနာမှ မရှိခဲ့ဘူး။ အခုက ဝယ်စရာခြမ်းစရာရှိလို့ မြို့တက်ရင်တောင် လယ်သစ်သားဆို အစစ်အဆေးအရမ်းများလို့ မသွားရဲကြဘူး” ဟု သူမက ပြောပြသည်။

စား၊ဝတ်၊နေရေး ခက်ခဲ

လက်ရှိ ၂၀၂၂ ဩဂုတ်လအတွင်းတွင်မူ တိုက်ပွဲများ နှစ်ဖက်ပစ်ခတ်မှုများ မရှိသေးကြောင်း ၎င်းတို့ကဆိုသည်။

တိုက်ပွဲမဖြစ်သော်လည်း ဒေသခံများ နေရပ်မပြန်ရဲကြသေးဘဲ အထူးသဖြင့် လယ်သစ်အရှေ့ကမ်း ရွာသားများ ရွာအတွင်းသို့ ပြန်ပြီးမနေရဲကြသေးဟု သူမကပြောသည်။

လယ်သစ်အနောက်ကမ်းမှ ရွာသားအများစုမှာ စစ်ကောင်စီတပ်ပြန်ဆုတ်ခွါပြီးသည့်နောက် ရွာအတွင်းသို့ ပြန်ဝင်ကာ နေထိုင်နေကြပြီဖြစ်သည်။

သို့သော်လည်း စစ်ကောင်စီတပ်မှ လယ်သစ်အနောက်ကမ်းသို့ ကုန်းလမ်းဖြင့် အချိန်မရွေး ရောက်ရှိလာနိုင်ပြီး ၁၀ မိနစ်အတွင်း မြစ်ကိုဖြတ်ကျော်ကာ အရှေ့ကမ်းသို့ ရောက်လာနိုင်သည့်အတွက် ညအိပ် မပြန်ရဲကြသေးဟု အရှေ့ကမ်းသားတို့က ပြောသည်။

“နေ့ဖက်တော့ ရွာထဲပြန်လာပြီး အလုပ်လုပ်ကြ ဈေးရောင်းကြသူ နည်းနည်းပါးပါးရှိတယ်။ ညဖက်တော့ တစ်ယောက်မှ မအိပ်ရဲကြဘူး။ အကုန်တောထဲ ပြန်အိပ်ကြပဲ” ဟုမရီက ပြောပြသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် ရွာသားအများစုသည် အလုပ်အကိုင်ထွက်မလုပ်ရဲကြဘဲ ရွာအနီးတောတောင်အတွင်း ကိုယ်စီကိုယ်ငှ တဲထိုးကာ ခိုအောင်းနေရသည့်အတွက် ရေရှည်တွင် နေထိုင်စားသောက်ရေး အခက်အခဲကြုံလာနေပြီဟု ဒေသခံများက ပြောသည်။

“အလုပ်အကိုင် မရှိတဲ့အထဲ အစစအရာရာဈေးတက်လို့ ရွာမှာ လူတွေလည်း တအားဒုက္ခရောက်နေကုန်ကြပြီ” ဟု အသက် ၄၀ ကျော်အရွယ် ကလေး ၃ ယောက်မိခင် မချို (အမည်လွှဲ) က ပြောသည်။

တိုက်ပွဲကြောင့် တောအတွင်း ပုန်းခိုနေထိုင်ကြရသော်လည်း အခြားစစ်ပြေးဒုက္ခသည်များလို အကူအညီတစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ ရှိတာလေး ချေးငှါးပေါင်နှံ ရောင်းချစားနေရကြောင်း ဒေသခံတို့ကဆိုသည်။

“ထွက်ပြေးလာစက လာလှူပေးလို့ ဆန်တစ်ပြည်ရဖူးတယ်။ နောက်ထပ်အခုချိန်ထိ ဘာအကူအညီမှ မရတော့ဘူး” ဟု မချို (အမည်လွှဲ) က ပြောသည်။

မြိတ်ခရိုင်အတွင်း ယခုနှစ်အစက စတင်ပြီး နေရာအနှံ့ တိုက်ပွဲများဖြစ်နေပြီး နှစ်ဖက်ထိတွေ့မှု အများဆုံးမှာ ပုလောမြို့နယ်ပြီးပါက တနင်္သာရီမြို့နယ်ဖြစ်သည်။

တိုက်ပွဲကြောင့် စစ်ဘေးဒုက္ခသည်စခန်းများတွင် စစ်ဘေးရှောင်နေသူ ထောင်ချီရှိနေသလို ဒုက္ခသည်စခန်းမရောက်ဘဲ တောတောင်အတွင်း စစ်ရှောင်နေသူတွေလည်း အများအပြား ရှိနေသည်။

မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာ မိုးရာသီကာလတွင် မိုးများလေ့ရှိသဖြင့် စစ်‌ဘေးရှောင်များ နေရေး၊ စားရေး အခက်အခဲ ကြုံကြရသည်။

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာဝန်းကျင်မှ စစ်ဘေးရှောင်များမှာမူ အကူအညီမရောက်သဖြင့် ပိုမိုခက်ခဲကြောင်း၊ စားဖို့ရိက္ခာပင် မရှိတော့ကြောင်းဆိုကြသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ က အာဏာရှင်ကို တိုက်ထုတ်ခဲ့ကြသည့် ဒေသခံများမှာ ယခုလည်း အာဏာရှင်ကို တိုက်ထုတ်ရင်း စစ်ဘေးရှောင်နေကြရပြန်သည်။

လက်ရှိစစ်ဘေးရှောင်များ အလိုအပ်ဆုံးကတော့ စားနပ်ရိက္ခာများ အချိန်မီရရှိရေးပင်ဖြစ်သည်။