မလေးရှားတွင် မြန်မာနိုင်ငံကဒုက္ခသည်များကို ပြည်ပရန်ပုံငွေဖြင့် ကျွမ်းကျင်လုပ်သားသင်တန်းပေးမည်

0
851
ပုံစာ - မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာရီ ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်

မြန်မာနိုင်ငံက ဒုက္ခသည်များကို ပြည်ပက လှူဒါန်းသည့် ရန်ပုံငွေဖြင့်သာ မလေးရှားအစိုးရက အလုပ်အကိုင်ကျွမ်းကျင် သင်တန်းပေးမည်ဖြစ်ကြောင်း ဩဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော ဖိုရမ်တစ်ခုတွင် မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆာရီ ဆိုင်ဖူဒင် အက်ဘ်ဒူလက်ရှ်က နေပြောကြားသည်။

ဒုက္ခသည်များအနေဖြင့် လုပ်ငန်းခွင်ဝင်ရန် လိုအပ်သော အရည်အချင်းများ မရှိသည့်အတွက် အလုပ်မရနိုင် ဖြစ်နေကာ ၎င်းတို့ကို ကျွမ်းကျင်သင်တန်းပို့ချရာတွင်လည်း ပြည်ပရန်ပုံငွေကိုသာ အသုံးပြုမည်ဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ယင်းသို့ သင်တန်းပေးရာတွင် ပြည်သူများ၏ အခွန်ငွေများ မပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

“စားသောက်ဆိုင်တွေ၊ စက်ရုံတွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အလုပ်သမား လိုအပ်ချက်တွေရှိနေပေမယ့် မြန်မာဒုက္ခသည်တွေအနေနဲ့က လုပ်ငန်းကျွမ်းကျင်မှု မရှိနေသေးလို့ အလုပ်ရှင်တွေက အလုပ်မခန့်ချင်ကြဘူး” ဟု ဝန်ကြီးက ပြောဆိုကြောင်း မလေးရှားသတင်းဌာနများတွင် ဖော်ပြထားသည်။

ထို့ကြောင့် အလုပ်လုပ်လိုသော မြန်မာနိုင်ငံက ဒုက္ခသည်များအတွက် ကျွမ်းကျင်သင်တန်းများဖွင့်လှစ်ပေးရန် စီစဉ် လျက်ရှိနေပြီး ရန်ပုံငွေကို အခြားနိုင်ငံနှင့် နိုင်ငံတကာ အလှူရှင်များထံမှ ရရှိရေး စည်းရုံးလျက်ရှိနေကြောင်း ဖော်ပြထားသည်။

မလေးရှားနိုင်ငံရှိ ဒုက္ခသည်များအတွက် ကာတာအပါအဝင် နိုင်ငံတကာက လှူဒါန်းထားသော ဒေါ်လာသန်း ၅၀ အနက် ဒေါ်လာ ၆ သန်းကို ဒုက္ခသည်များ၏ ကျန်းမာရေးကိစ္စရပ်များအတွက် အသုံးပြုနေကြောင်းကို မလေးရှား ပါလီမာန် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဒုက္ခသည်များအား အလုပ်အကိုင်နှင့် ပညာရေး အခွင့်အလမ်းများ ပေးရန် လိုအပ်လျက်ရှိနေပြီး ထိုသို့ကူညီပေးရန် အတွက် ပြည်သူများ၏ အခွန်ငွေကို မသုံးဘဲ ပြည်ပနိုင်ငံများက ပါဝင်လှူဒါန်းထားသော ရန်ပုံငွေများကိုသာ သုံးနေကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လအထိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ( UNHCR) လက်မှတ်ကိုင်ဆောင်ထားသော ဒုက္ခသည်တစ်သိန်းရှစ်သောင်းကျော်ရှိပြီး ၄င်းတို့အနက် မြန်မာနိုင်ငံက ဒုက္ခသည် ၁၅၈၅၀၀ ခန့်ရှိကြောင်း UNHCR ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံက ဒုက္ခသည်များအနက် ရိုဟင်ဂျာဦးရေ ၁ သိန်းကျော်၊ ချင်းလူမျိုး ၂ ထောင်ကျော်နှင့် မြန်မာနိုင်ငံအတွင်း မငြိမ်မသက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသူ အခြားတိုင်းရင်းသား ၃ သောင်းခန့်ရှိနေကြောင်း ထုတ်ပြန်ချက်အရသိရသည်။

Ref: The Star, Malay Mail