တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
491

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ

ခေါင်ခိုက်လာသည့် ကုန်ဈေးနှုန်း

ပြည်တွင်းမှာ အခြေခံစားသောက်ကုန်များ ဈေးနှုန်း ခုန်တက်နေပြီး အဓိက စားကုန်ဖြစ်သည့် ဆန်ဈေးမှာလည်း အာဏာ သိမ်းကာလမှာပင် ဈေးနှစ်ဆတက်သွားသဖြင့် အိမ်ရှင်မများ ဈေးသွားရန်ပင် လန့်လာကြသည်အထိ ဖြစ်လာသည်။

ဝင်ငွေထွက်ငွေကို ချိန်ဆပြီး မီးဖိုချောင်စရိတ်ကို ချွေတာသုံးစွဲရေးက အိမ်ရှင်မများအတွက် ခေါင်းခဲဖွယ်ရာ အခြေအနေပင်။

ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ် ကျပ် ခုနစ်သောင်းဝန်းကျင် ရှိရာမှ ကျပ် တစ်သိန်းနီးပါးအထိ ပေးဝယ်နေရပြီး အခြားသော အခြေခံစားကုန်များလည်း ယခုသီတင်းပတ်အတွင်း ဈေးတက်လာနေသည်။

အာဏာသိမ်းကာလ တစ်နှစ်ကျော်တွင်မူ ဆန်ဈေးမှာ နှစ်ဆတက်သွားသည်။

ထို့ကြောင့် ပြည်သူများမှာ ဆန်ကောင်းစားရာမှ အလယ်အလတ်အဆင့် ဆန်ကို ဝယ်စားခြင်း၊ ဟင်းအမယ်များ လျှော့စားခြင်းတို့ကို လုပ်ဆောင် လာကြသည်။

ရပ်ကွက်ထဲလာရောင်းသည့် ကားရှေ့တွင်၊ ရန်ကုန်က မြန်မာနိုင်ငံဆန်စပါး အသင်းရုံးရှေ့ခန်းရှေ့မှာ စသဖြင့် ပြင်ပပေါက်ဈေးထက် ဈေးသက်သာသည့် နေရာများတွင် ဆန်၊ ဆီများကို လူတန်းရှည်ကြီးဖြင့် တန်းစီဝယ်ယူသည့် မြင်ကွင်းများ၊ ပရဟိတအဖွဲ့များ၊ အလှူရှင်များ၊ ဘုန်းတော်ကြီးကျောင်းများ၏ လှူဒါန်းသည်နေရာများတွင်လည်း လူတန်းရှည်ကြီးမြင်ကွင်းများကို ဆက်တိုက်တွေ့လာရသည်။

ဒေါ်လာဈေး ၆ ကျပ်ထက် ခွာမရောင်းရ

ဒေါ်လာကို သတ်မှတ်ဈေးနှုန်းထက် ၆ ကျပ်သာခွာပြီး အရောင်းအဝယ်လုပ်ကြရန် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သြဂုတ်လ ၁၀ ရက်က ညွှန်ကြားလိုက်သည်။

ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာကို ကျပ် ၁၈၅၀ ပုံသေသတ်မှတ်ထားရာကနေ သြဂုတ်လ ၅ ရက်နေ့တွင် ၂၁၀၀ အဖြစ် ပြင်ဆင်ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။

ယခု ညွှန်ကြားချက်အသစ်တွင် ဒေါ်လာကို သုည ဒသမ ၃ ရာခိုင်နှုန်း အတိုးအလျော့ဖြင့်သာ အရောင်းအဝယ် လုပ်ကြရန် ဖော်ပြထားသည်။

ထို့ကြောင့် တစ်ဒေါ်လာကို ၂၀၁၅ ကျပ်မှ ၂၀၉၄ကျပ် ကြားတွင်သာ အရောင်းအဝယ် လုပ်ရမည် ဖြစ်သည်။ ယင်းညွှန်ကြားချက်ကို မလိုက်နာလျှင် နိုင်ငံခြားသုံငွေ စီမံခန့်ခွဲမှု ဥပဒေအရအရေးယူမည်ဟု ဗဟိုဘဏ်က ကြေညာထားသည်။

ပြင်ပဈေးကွက်ပေါက်ဈေးတွင် တစ်ဒေါ်လာကို ဗဟိုဘဏ်သတ်မှတ်ဈေးထက် ၆၀၀ ကွာကာ ၃၀၀၀ ကျပ်အထိပင် ဈေးပေါက် နေသည်။ စစ်ကောင်စီက ဒေါ်လာကို ထိန်းချုပ်ရန်ကြိုးပမ်းမှုကြောင့် စီးပွားရေးလုပ်ငန်းများ အထိနာနေသည်။

စက်သုံးဆီ ဈေးလည်းတက်၊ ဆီလည်းပြတ်

ယခုသီတင်းပတ်အတွင်း စက်သုံးဆီဈေးတက်ပြီး ဆီပြတ်လပ်မှုများနှင့် ကြုံတွေ့နေရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေးသတ်မှတ်ချက်ကို တစ်ဒေါ်လာ ကျပ် ၁၈၅၀ မှ ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် ပြည်တွင်းစက်သုံးဆီဈေးနှုန်း ဆက်တိုက်မြင့်တက်လာပြီး ဈေးကွက် အတွင်း ဓာတ်ဆီပြတ်လပ်ကာ ဆိုင်အချို့ ပိတ်ထားရသည်အထိ ဖြစ်ပေါ်နေသည်။

ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ်ယူရခက်နေပြီး တစ်ဒေါ်လာ ၂၈၀၀ အထိဈေးပေါက်နေချိန် စင်ကာပူမှ တင်သွင်း သည့် စက်သုံးဆီပေါက်ဈေးမြင့်မားလာမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးမှာ ဆက်တိုက်တက်လာခဲ့သည်။

ဓာတ်ဆီအဓိက သိုလှောင်ဖြန့်ဖြူးရာ ရန်ကုန်မြို့တွင်ပင် မနေ့က (သြဂုတ် ၁၁) ဆီဆိုင်အချို့ ပိတ်သည်ကို တွေ့ရပြီး မန္တလေးနှင့် အခြားမြို့ကြီးများရှိ ဆီဆိုင်အချို့လည်း ပိတ်ထားရသည်အထိ ဖြစ်နေသည်။ စစ်ကောင်စီက သတ်မှတ် ပေးသည့် ရည်ညွှန်းဈေးထက်လည်း ဈေးကွက်တွင် ကျပ် ၆၀၀ ခန့် ပိုပေးကာ တန်းစီဝယ်ယူနေကြရသည်။

စစ်ကောင်စီက သတ်မှတ်သည်ရည်ညွှန်းဈေးမှာ သြဂုတ်လ ၇ ရက်တွင် 92 တစ်လီတာ ကျပ် ၁၆၀၀ ရှိရာကနေ သြဂုတ်လ ၁၃ရက်တွင် ၂၃၂၀ အထိ ခုန်တက်သွားသည်။

ဝေဖန်ခံရတဲ့စာ၊ တောင်းပန်လိုက်ရတဲ့ HRW

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ နိုင်ငံတကာအဖွဲ့အစည်း ၁၂ခုက ပေးပို့သည့်စာကို မြန်မာ့ အရေးလှုပ်ရှားသူများက ကန့်ကွက်ကြပြီးနောက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW က တောင်းပန်စာ ထုတ်ပြန်လိုက်သည်။

HRW၊ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ AI၊ World Vision၊ Save the Children အပါအဝင် INGO ၁၂ ခု ပူးတွဲကာ ကုလသမဂ္ဂ၏ ကလေးများ အားလုံးတန်းတူ ပညာသင်ကြားခွင့်ရရှိရေး ပြုပြင်ပြောင်းလဲရေး ထိပ်သီး အစည်းအဝေးနှင့် ပတ်သက်၍ ပေးပို့သည့်စာမှာ သြဂုတ်လ ၁၂ ရက်တွင် အင်တာနက်လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် ဝေဖန်ကန့်ကွက်မှု မြင့်တက်ခဲ့သည်။

မြန်မာနိုင်ငံဝန်ကြီးချုပ်အဖြစ် သုံးနှုန်းကာ တရားဝင် အစိုးရအဖြစ်အသိအမှတ်ပြုရာ ရောက်နေသဖြင့် အဆိုပါ INGO များ အနေဖြင့် ယင်းစာကို ပြန်ရုပ်သိမ်းပြီး မြန်မာပြည်သူများကို တောင်းပန်ရန် မြန်မာအရပ်ဖက်အဖွဲ့အစည်း ၃၈၀ ကျော်က စာထုတ်ကာ တောင်းဆိုထားသည်။

ယင်းနောက် HRW က အခြား ၁၁ ဖွဲ့၏ သဘောထားမပါဘဲ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာနှင့်ပတ်သက်၍ တောင်းပန်ခဲ့ပြီး စစ်ကောင်စီကို အစိုးရအဖြစ် အသိအမှတ်ပြုခြင်းမဟုတ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

အင်တာနက်လိုင်း နှေးကွေးနေသည်

ပင်လယ်ရေအောက်က အင်တာနက်ဖိုင်ဘာဆက်ကြောင်းကြီး အပြစ်ဖြစ်ပေါ်သဖြင့် အရန်လိုင်းမှတစ်ဆင့် အင်တာနက် ထုတ်လွှတ်ပေးနေရသဖြင့် မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

စင်ကာပူမှ ဥရောပသို့ ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံက ချိတ်ဆက်ယူထားသည့် ပင်လယ်ရေအောက် အင်တာနက် ဖိုင်ဘာဆက်ကြောင်းကြီး (SEA-ME-WE 5) တွင် အပြစ်ဖြစ်ပေါ်နေသည်ကို သြဂုတ်လ ၁၀ ရက်နေ့က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကုန်တွင်းပိုင်းတွင် အပြစ်ဖြစ်ပေါ်လျှင် ပြုပြင်ရလွယ်ကူသော်လည် ပင်လယ်ရေအောက်တွင် ဖြစ်ပေါ်လျှင် ပြုပြင်ချိန်ကြာမြင့်လေ့ရှိသည်။

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သည့် MPT ကလည်း ဖိုင်ဘာဆက်ကြောင်း ပြတ်တောက်မှု ကြောင့် အမြန်နှုန်းကျဆင်းနေသဖြင့် စာတိုပေးပို့ကာ တောင်းပန်စကားဆိုခဲ့ပြီး သြဂုတ်လ ၁၃ ရက်နေ့တွင် ပုံမှန်အတိုင်း ပြန်လည်အသုံးပြုနိုင်ပြီဟု အသိပေးလာသည်။

မြန်မာနိုင်ငံတွင် စစ်ကောင်စီက အင်တာနက်လိုင်းများကို ဖြတ်တောက်ခြင်း၊ သုံးစွဲခ တိုးမြှင့်ကောက်ခံခြင်းတို့ကို လုပ်ဆောင်နေသည်။

နိုင်ငံရေးအကျဉ်းသားများ ထောင်ပြောင်းခံနေရ

ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားများကို တိတ်တဆိတ် ထောင်ပြောင်းရွှေ့နေသည်ဟု မိသားစုဝင်များ၏ ပြောဆိုချက်ကို ကိုးကားကာ BBC သတင်းတစ်ရပ်တွင် ဖော်ပြသည်။

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများအနက် ရာဇသတ်ကြီးဥပဒေပုဒ်မတွေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၃၀ကျော်ကို သာယာဝတီထောင်သို့ ပြီးခဲ့တဲ့ရက်ပိုင်းက တိတ်တဆိတ် ပြောင်းရွှေ့လိုက်ကြောင်း သြဂုတ်လ ၁၀ ရက်က သတင်းတွင်ဖော်ပြသည်။

ယင်းအထဲတွင် အမျိုးသမီးနိုင်ငံရေးအကျဉ်းသား ၃၀ကျော်ပါဝင်ပြီး တရားမဝင်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့ သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ထောင် ၃နှစ် ချမှတ်ခံခဲ့ရသည့် ရုပ်ရှင်ဖန်တီးသူ မအိမ့်လည်း ပါဝင်သည်ဟု ဖော်ပြသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးကျဉ်းသားများ ကွပ်မျက်ခံခဲ့ရသည်ကို သိရှိသွားသဖြင့် အင်းစိန်ထောင်တွင် အစာငတ်ခံ ဆန္ဒပြသူများရှိပြီး ယင်းအကျဉ်းသားများကို အဆောင်ပြောင်းခြင်း တိုက်ပိတ်အရေးယူခြင်းများရှိသည်ဟု ဖော်ပြပြီး ထောင်ပြောင်းခံရသည့် အကြောင်းအရင်း ရှင်းရှင်းလင်းလင်း မသိပေးဟု ဆိုသည်။

ယင်းအပြင် မုံရွာထောင်က အကျဉ်းသားအချို့ကိုလည်း ပိုကျယ်ဝန်းသည့် မြင်းခြံထောင်ဆီ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ ဒုတိယအကြိမ် ပြောင်းရွှေ့ခဲ့ပြီး ဧပြီလကလည်း ပြစ်ဒဏ်ချမှတ်ပြီးသား အကျဉ်းသား ၁၅၀ ခန့်ကို ပြောင်းရွှေ့ခဲ့သည်ဟု ဆိုသည်။

ရေကြီးနေသည့် တောင်ပေါ်ဒေသ ရှမ်းပြည်

ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်က မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ခဲ့ရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နှင့် လွိုင်လင်မြို့က လူနေရပ်ကွက်များတွင် သြဂုတ်လ ၆ ရက်တွင် ရေကြီးရေလျှံခဲ့ပြီး ခြံစည်းရိုးအုတ်တံတိုင်းများ ပြိုကျခြင်း၊ မြေပြိုခြင်းများ ကြုံခဲ့ရသည်။

သြဂုတ်လ ၈ရက်နေ့ နံနက်တွင် တာချီလိတ်၊ မန်တုံ့နှင့် ရပ်စောက်မြို့တို့တွင်လည်း ရေကြီးရေလျှံမှုနှင့် ကြုံရပြီး ဒေသခံများ ဘေးလွတ်ရာတိမ်းရှောင်ကြရသည်။ တာချီလိတ် ရေကြီးမှု ဆိုးဝါးခဲ့ပြီးတွင် ကား ရေစီးနှင့်မျောပါကာ ရဲအရာရှိတစ်ဦး သေဆုံးသည်ဟု ဆိုသည်။

တာချီလိတ်တွင် သြဂုတ်လ ၁၃ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ မယ်ဆိုင်မြစ်ရေလျှံမှုကြောင့် နေအိမ်များအတွင်း ရေဝင် ရောက်ကာ လမ်းများ ကားသွားလာ၍ မရတော့ အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ တာချီလိတ်မြို့တွင် စိုးရိမ်ရေအမှတ်ထက် ၅ ပေကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း တစ်ပေခွဲ ဆက်တက်နိုင်ကြောင်း သြဂုတ်လ ၃၁ရက် နံနက် ၉နာရီတွင် ထုတ်ပြန်ထားသည်။

ယင်းအယင် မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းက မြို့နယ်အချို့တွင် ရေးကြီးရေလျှံမှုများ ဖြစ်ပေါ်နေသည်။

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၁၀နှစ်ချမှတ်ခံရ

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီ ဖမ်းဆီးပြီး ၁၆လခန့်အကြာတွင် ထောင်ဒဏ် ၁၀နှစ် ပြစ်ဒဏ်ချမှတ်ကြောင်း သြဂုတ်လ ၁၂ ရက်နေ့က အမိန့်ချလိုက်သည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ အမှု ၅မှုအတွက် ထောင်ဒဏ် ၂နှစ်စီဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ပြီး လူသတ်မှု၊ ဓားပြမှု၊ မတရားအသင်းတွင်ပါဝင်မှုအပါအဝင် နောက်ထပ် စွပ်စွဲထားများစွာအတွက် အမှုဆက်လက် ရင်ဆိုင်ရမည်ဖြစ်သည်။

၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်က မုံရွာမြို့တွင် သပိတ်စစ်ကြောင်းထွက်နေချိန် ကိုဝေမိုးနိုင်ကို စစ်ကောင်စီတပ်က အိမ်စီးကားဖြင့် ဝင်တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီတပ် အကျများတဲ့ ချင်းပြည်

ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် (CJCD) နှင့် စစ်ကောင်စီတပ်တို့ ခြောက်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဖက်အထိအခိုက်အကျအဆုံး စာရင်းများကို CJCD က သြဂုတ်လ ၁၁ ရက်က ထုတ်ပြန်လိုက်သည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ဇူလိုင်လကုန်အထိ တိုက်ပွဲပေါင်း ၁၉၇ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၉၂၇ ဦး သေဆုံးကာ CJDC တပ်သား ၅၃ ဦး ကျဆုံးကြောင်း ထုတ်ပြန်ထားသည်။

တိုက်ပွဲများမှာ ဟားခါးတွင် ၄၅ကြိမ်၊ ဖလမ်းတွင် ၄၄ကြိမ်၊ မင်းတပ်တွင် ၃၅ ကြိမ်၊ ကန်ပက်လက်တွင် ၂၄ ကြိမ်၊ မတူပီတွင် ၁၈ ကြိမ်၊ တီးတိန်တွင် ၁၃ ကြိမ်၊ ထန်တလန်တွင် ၉ ကြိမ်၊ ပလက်ဝတွင် ၇ ကြိမ်၊ တွန်းဇန်တွင် ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ ယင်းအပြင် စစ်ကိုင်းတိုင်းထဲတွင် လှုပ်ရှားနေသည့် CJDC အဖွဲ့ဝင် Kalay-Kabaw-Gangaw (KKG-CDF) နှင့်လည်း ၂၃ ကြိမ် ဖြစ်ပွားခဲ့သည်။

ဇူလိုင်တွင် KNU နှင့် စစ်ကောင်စီတပ် တိုက်ပွဲအကြိမ် ၂၅၀ကျော်ဖြစ်

ကရင်အမျိုးသားအစည်းအရုံး KNU နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင်လတွင် တိုက်ပွဲ ၂၅၉ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ် BGF ဘက်က ၃၈၆ ဦးသေဆုံးကာ ၂၈၀ ထိခိုက်ဒဏ်ရာရကြောင်း KNU က သြဂုတ်လ ၉ ရက်တွင် ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) စစ်ကောင်စီ တပ်၊ နယ်ခြားစောင့်တပ် BGF တို့အကြား ထိတွေ့ပစ်ခတ်မှု နေ့စဉ်ဖြစ်ခဲ့ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်နှင့် ပြောက်ကျားပစ်ခတ်မှု ၂၅၉ ကြိမ် ရှိခဲ့သည်ဟု ဆိုသည်။

KNLA နှင့် KNDO တို့ဘက်က ၁၂ ဦး ကျဆုံးပြီး ၂၆ဦး ထိခိုက်ဒဏ်ရာရရှိကာ အပြစ်မဲ့ပြည်သူ ၁၉ဦး သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရှိသည်ဟုလည်း ဖော်ပြသည်။ ယင်းအပြင် ဒေသခံ တစ်သိန်းခွဲထက် မနည်းမှာလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်ဟု ဆိုသည်။ ယင်းအပြင် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ပြီး လမ်းပြအဖြစ်၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်အသုံးပြုမှု ရှိသည်ဟုလည်း ဆိုသည်။

ရခိုင်တွင် တိုက်ပွဲဖြစ်နေသည်၊ ပိုပြင်းထန်နိုင်သေးသည်

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်တိုက်ပွဲများ မကြာခဏဖြစ်လာပြီး သြဂုတ်လ ၁၃ ရက် နံနက်တွင်လည်း မေယုတောင်တန်းအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ရသေ့တောင်မြို့နယ် ဒုံးပိုက်နှင့် ချိန်ခါလီရွာကြားတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး ဒေသခံပြည်သူတစ်ဦး သေဆုံးမှုရှိကာ အဆိုပါကျေးရွာများမှ ဒေသခံများမှာ အနီးအနားက ကိုးတန်ကောက်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ကြရကြောင်း ဒေသတွင်း သတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသတွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်နေပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တပ်စခန်း ၇ခုကို စစ်ကောင်စီတပ်က စွန့်လွတ်ခဲ့ရပြီး AA လက်ထဲ နယ်မြေအများအပြား ရောက်ရှိသွားသည်ဟု AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက သြဂုတ်လ ၁၁ ရက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လည်း AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲတောက်လျှောက်ဖြစ်နေသည်ဟု ၎င်းက ဆိုပြီး ရခိုင်ပြည်အတွင်း မတရားမှုများကို စစ်ကောင်စီက ဆက်လက်ကျူးလွန်နေလျှင် တကျော့ပြန်တိုက်ပွဲ ပြင်းထန် လာနိုင် ကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။