တနင်္သာရီနှင့် ပုလောတွင် မနက်ဖြန်မှစ၍ လျှပ်စစ်မီးအချိန်ပိုင်းသာရတော့မည်

0
675

မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဩဂုတ်လ ၁၄ ရက်နေ့မှစပြီး လျှပ်စစ်မီး အချိန်ပိုင်းသာ ပေးဝေသွားမည်ဖြစ်ကြောင်း လျှပ်စစ်ဖြန့်ဖြူးခွင့်ရထားသည့် ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီမှ တနင်္သာရီမြို့နယ် မန်နေဂျာ ဦးဝင်းကိုက ပြောသည်။

လက်ကျန် ဒီဇယ်လောင်စာဆီ လျော့နည်းနေသဖြင့် အချိန်ပိုင်းဖြင့်သာ ဖြန့်ဖြူး‌ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြသည်။

“မနက် ၄ နာရီကနေ ညနေ ၄နာရီအထိ မီးပိတ်ထားမယ်။ နေ့ခင်းဘက် မီးပိတ်မှာပေါ့” ဟု မန်နေဂျာ ဦးဝင်းကိုက ပြောဆိုသည်။

လက်ကျန်ဒီဇယ်ဆီ တစ်ဆယ့်ကိုးလုံး (၁၉ ပီပါ) သာ ကျန်ရှိနေသည့်အတွက် အချိန်ပိုင်းမှာလည်း ကိုးရက်သာ ပေးနိုင်တော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“လက်ရှိဆီနဲ့ဆို ကိုးရက်ပဲမောင်းရမယ်။ ကိုးရက်ကျော်ရင် ဆီလုံးလုံး မရှိတော့ပြီ” ဟု မန်နေဂျာ ဦးဝင်းကိုက ပြောသည်။

ထို့အပြင် ပုလောမြို့တွင်လည်း လက်ကျန်ဒီဇယ်ဆီဖြင့် နံနက် ၄နာရီမှ ညနေ ၄ နာရီအထိ မီးပိတ်ထားပြီး ကျန်သည့်အချိန်တို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။

“အခုက လောင်စာဆီနဲ့ပဲ အားလုံးအခက်အခဲဖြစ်နေတာ။ မီးပိတ်တော့လည်း လုပ်ငန်းရော အားလုံးထိခိုက်တာပေါ့” ဟု ပုလောမြို့နေ အသက် ၅၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

လတ်တလောတွင် ဒီဇယ်ဆီအခက်အခဲကြောင့် အချိန်ပိုင်းသာ မီးပေးဝေမည်ဖြစ်သော်လည်း ဒီဇယ်ဆီရရှိရန် ကြိုးစား ဆောင်ရွက်နေပြီး ရရှိပါက ပုံမှန်အတိုင်း ၂၄ နာရီ အချိန်ပြည့် မီးပေးဝေသွားမည်ဖြစ်ကြောင်း
ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီထံမှ သိရသည်။

ယင်းကဲ့သို့ အချိန်ပိုင်းဖြင့် ပေးဝေရာတွင် တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်အတွင်းရှိ ပလောက်နှင့် ပလမြို့တို့အပါဝင် ယင်းမြို့တို့အနီးရှိ ကျေးရွာအချို့ပါဝင်ကြောင်း ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီက ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဖိုးသီးချိုမီးလင်းရေးကုမ္ပဏီသည် တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီ၊ ပုလော၊ ပုလောက်၊ ပလ၊ ဘုတ်ပြင်း၊ ခမောက်ကြီးနှင့် ကော့သောင်းမြို့နယ်တွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေသည်။