အလှုပ်အရမ်းများသည့် ဘတ်၊ ရွှေ၊ စက်သုံးဆီဈေးကွက်

0
614

တနင်္သာရီတိုင်းသားများအတွက် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေး အပြောင်းအလဲမှာ နေ့စဉ်လူမှုဘဝအပေါ် သက်‌ရောက်မှုများစွာဖြစ်ပေါ်စေသည်။

နိုင်ငံရေးမတည်ငြိမ်သည့် လက်ရှိကာလတွင် ဘတ်၊ ရွှေနှင့် စက်သုံးဆီဈေးနှုန်းများမှာ တည်ငြိမ်မှုမရှိဘဲ အပြောင်းအလဲများနေပြီး ဈေးအကျထက် အတက်ဘက်သို့သာ များနေသည်။

ယခုလည်း အမေရိကန်ဒေါ်လာနှင့် ပို့ကုန်/သွင်းကုန်များအပေါ် အသစ်ပြဋ္ဌာန်းလိုက်သည့် စစ်ကောင်စီ၏ မူဝါဒများကြောင့် မြန်မာငွေတန်ဖိုး ကျဆင်းလာနေသည်။

မြန်မာငွေတန်ဖိုး ကျဆင်းမှုမှာ ဘတ်၊ ရွှေ၊ စက်သုံးဆီဈေးကွက်အပေါ် ရိုက်က်ခတ်မှု ပြင်းထန်ပြီး ဈေးကွက်တည်ငြိမ်မှု ကင်းမဲ့စေသည်။

ယင်းကြောင့် အလှုပ်အရမ်းများနေသည့် စက်သုံးဆီ၊ ထိုင်းဘတ်ငွေလဲလှယ်နှုန်းနှင့် ရွှေဈေးတို့ကို Dawei Watch က အပတ်စဉ် စုစည်း သုံးသပ်ဖော်ပြပေးသွားပါမည်။

ပြတ်လပ်၊ ဈေးတက်သည့် စက်သုံးဆီ

ဈေးကွက်အတွင်း ကျရိပ်ပြခဲ့သည့် စက်သုံးဆီဈေးကွက်သည် စစ်ကောင်စီ၏ အမေရိကန် ဒေါ်လာမူဝါဒ အသစ်ပြဋ္ဌာန်းလိုက်မှုနှင့်အတူ အပြောင်းအလဲ ကြမ်းခဲ့သည်။

ဇူလိုင်လနှောင်းပိုင်းက 92 Ron ဓာတ်ဆီတစ်လီလျှင် ၁၆၈၀ ကျပ် ဝန်းကျင်အထိ ဈေးကျခဲ့ရာမှ တဖြည်းဖြည်း ဈေးတက်လာခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၂၁၀ ကျပ်ဖြစ်လာခဲ့သည်။

ယင်းနောက် ယနေ့ (ဩဂုတ် ၁၃) တွင်မူ ၂၃၉၀ ကျပ်အထိ ဈေးတက်လာခဲ့သည်။

ထိုဈေးနှုန်းမှာ ထားဝယ်မြို့မှ လိုင်စင်ရှိ စက်သုံးဆီ အရောင်းဆိုင်ကြီးများ၏ ဈေးနှုန်းဖြစ်သည်။ တနည်းအားဖြင့် စစ်ကောင်စီက ရောင်းချရန် သတ်မှတ်ပေးထားသည့် ရည်ညွှန်းဈေးနှုန်းလည်းဖြစ်သည်။

ပြင်ပ လိုင်စင်မဲ့ ဆီဆိုင်ငယ်များတွင်မူ ဩဂုတ်လဆန်းကတည်းကပင် တစ်လီတာလျှင် ၂၄၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းချနေသည်။

လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ဓာတ်ဆီဈေးနှုန်း သက်သာသည်ဆိုသော်လည်း လိုသလောက်ဝယ်ယူမရဘဲ အကန့်အသတ်ဖြင့်သာ ဝယ်ယူနိုင်သည်။

ယခုအပတ်တွင်မူ လိုင်စင်ရှိဆိုင်ကြီးအချို့က စက်သုံးဆီပြတ်လပ်နေသည်ဟု ကြေညာကာ အရောင်းရပ်နားထားကြသည်။

ထိုကဲ့သို့အခြေအနေတွင် လိုင်စင်မဲ့ စက်သုံးဆီဆိုင်များ ရောင်းချနေခြင်းကြောင့်သာ အဆင်ပြေနေသေးကြောင်း ထားဝယ်မြို့က ဆိုင်ကယ်စီးနင်းသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“အဲဒီဆိုင်တွေကိုသာ ဖမ်းမယ်ဆီးမယ် လုပ်လာရင်တော့ ဆီဝယ်ဖို့ မလွယ်တော့ဘူး”ဟု ၎င်းက ပြောသည်။
ယနေ့ (ဩဂုတ် ၁၃) တွင် ထားဝယ်မြို့အတွင်းရှိ လိုင်စင်မဲ့ ဆိုင်ငယ်များ၌ တစ်လီတာလျှင် ၂၆၀၀ ကျပ်ဝန်းအထိ ဈေးတက်ရောင်းချနေကြသည်။

စစ်ကောင်စီ၏ ရည်ညွှန်းဓာတ်ဆီဈေး မြင့်တက်လာမှု၊ ဆီဆိုင်ကြီးများတွင် ဓာတ်ဆီအကန့်အသတ်ဖြင့်သာ ရောင်းချနေမှုတို့ကြောင့် ပြင်ပဈေးကွက်တွင် ဓာတ်ဆီဈေး ထပ်မံမြင့်တက်လာဖွယ်ရှိကြောင်း ဆီလုပ်ငန်းလုပ်ကိုင်သူများက ခန့်မှန်းထားကြသည်။

ရွှေဈေး

အမေရိကန် ဒေါ်လာတန်ဖိုးနှင့် ချိတ်ဆက်နေသည့် ရွှေဈေးမှာလည်း မြန်မာငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အတက်ကြမ်းခဲ့သည်။

ကျပ်ငွေတန်ဖိုး မတည်ငြိမ်မှုကြောင့် ကျပ်ငွေအစား ရွှေဝယ်ယူထားလိုသူ ပိုမိုများပြားလားခြင်း၊ ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းတို့ကြောင့် ယခုအပတ် ရွှေဈေးမှာ ဆက်တိုက်မြင့်တက်ခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း ဩဂုတ်လ ၈ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်သား ၂၃ သိန်းဝန်းကျင်ရှိရာမှ ဩဂုတ်လ ၁၁ ရက်နေ့တွင်မူ အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်းကျော်အထိ ဈေးတက်လာခဲ့သည်။

ယနေ့ (ဩဂုတ် ၁၃) နေ့တွင်မူ ထားဝယ်‌‌ ဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၆၅၀၀၀၀ (နှစ်ဆယ့်ခြောက်သိန်း ငါးသောင်း) အထိ ဈေးတက်သွားသည်။

ပြင်ပဒေါ်လာဈေးတက်လာခြင်းက ရွှေဈေးတက်ရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်ကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ဒေါ်လာဈေးကြောင့်လို့ထင်တယ်။ ဒေါ်လာဈေးက ထိန်းမနိုင်တော့ဘူးလေ”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အမေရိကန်တစ်ဒေါ်လာလျှင် ကျပ်ငွေ ၂၁၀၀ ဖြင့်လဲလှယ်ရန် သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်မူ ၂၈၀၀ ကျပ်အထိ ဈေးပါက်နေပြီး ဝယ်ယူရခက်ခဲနေသည်။

ယင်းအခြေအနေများကြောင့် ရွှေဈေးမှာလည်း အတက်ဘက်တွင်သာ ရှိနိုင်သည်ဟု ခန့်မှန်းနေကြသည်။

ထိုင်းဘတ်ငွေ

ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် တနင်္သာရီတိုင်းအတွက် ထိုင်းဘတ်ငွေဈေးနှုန်း အတက်အကျမှာ သက်ရောက်မှုများလှသည်။

ထိုင်းနိုင်ငံအတွင်း အလုပ်သွားရောက်လုပ်ကိုင်နေသည့် တောင်ပိုင်းသားများ နေရပ်ကို ငွေပြန်လွှဲခြင်း၊ နယ်စပ်တွင် ကုန်စည်ရောင်း၊ ဝယ်ဖောက်ကားခြင်း စသည်တို့မှာ ဘတ်ငွေ အတက်အကျပေါ်မူတည်ပြီး သက်ရောက်မှုများ ရှိနေသည်။

ဘတ်ဈေးတက်ခြင်းကြောင့် ပြည်တွင်းသို့ ငွေပြန်လွှဲသူများမှာ ကျပ်ငွေပိုမိုရရှိသော်လည်း ငွေတန်ဖိုးကျမှုနှင့်အတူ မြင့်တက်လာသည့် ကုန်ဈေးနှုန်းကျ လက်ထဲတွင် ငွေပိုလျှံလာခြင်းတော့ မရှိပေ။

ယင်းအပြင် ထိုင်းကုန်စည်များ ဝယ်ယူခြင်း၊ ထိုင်းဘတ်လဲခြင်းတို့အတွက်မူ ကျပ်ငွေတန်ဖိုးကျဆင်းမှု ဒဏ်ခံကြရသည်။

ဩဂုတ်လ ၈ ရက်နေ့တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၆၇ ကျပ်ဈေးပေါက်သဖြင့် ဘတ် ၁၅၀၀ လဲလျှင် မြန်မာငွေကျပ်တစ်သိန်း တိတိရကြသည်။

ဩဂုတ်လ ၁၀ ရက်နေ့တွင်မူ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၆၉ ကျပ်ဝန်းကျင်အထိ ဈေးတက်သွားသည်။ ထိုင်းဘတ် ၁၄၅၀ လွှဲလျှင် မြန်မာငွေကျပ်တစ်သိန်း ဖြစ်သွားခဲ့သည်။

ထို့နောက် ဩဂုတ်လ ၁၃ ရက်နေ့တွင်မူ ထိုင်းငွေ ၁ ဘတ်လျှင် ၇၄ ကျပ်အထိ ဈေးမြောက်သွားခဲ့သည်။
ထိုကြောင့် ထိုင်းဘတ် ၁၃၅၀ လဲလှယ်ပါက မြန်မာငွေတစ်သိန်းကျပ် ရမည်ဖြစ်သည်။

ဘတ်-ကျပ် ဈေးကွက်အတွင်း ရရှိသော အချက်အလက်များအရ ဘတ်ငွေဝယ်ယူသူ များပြားနေသဖြင့် ဘတ်ဈေးဆက်လက် မြင့်တက်ဖွယ်ရှိကြောင်း သိရှိရသည်။

ဩဂုတ်လ ၈ ရက်မှ ၁၃ ရက်နေ့အထိ တစ်ပတ်အတွင်း အခြေအနေကို ကြည့်ပါက ကျပ်ငွေတန်ဖိုး ကျဆင်းမှုနှင့်အတူ ရွှေဈေး၊ စက်သုံးဆီဈေးနှင့် ထိုင်းဘတ်လဲလှယ်နှုန်းထားများ အပြိုင်အဆိုင်မြင့်တက်လာကြောင်း တွေ့ရသည်။

ယင်းသို့ပင် လက်ရှိရရှိထားသော အချက်အလက်များအရ အဆိုပါကုန်စည်သုံးမျိုးလုံးမှာ လာမည့်အပတ်တွင် အတက်ဘက်သို့သာ ဆက်ရှိနိုင်ကြောင်း သုံးသပ်နေကြသည်။