တောင်ပိုင်းက စက်သုံးဆီဂယက်

0
2511

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာဈေး သတ်မှတ်ချက်ကို တစ်ဒေါ်လာ ကျပ် ၁၈၅၀ မှ ၂၁၀၀ သို့ ပြောင်းလဲသတ်မှတ်ကြောင်း ယခုလဆန်းတွင် ထုတ်ပြန်လိုက်သည်။

ယင်းဒေါ်လာဈေး သတ်မှတ်ချက်အသစ် ပေါ်ထွက်လာပြီးနောက်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဆက်တိုက်မြင့်တက်လာကာ ဈေးကွက်အတွင်း ဓာတ်ဆီဆိုင်အချို့ ပိတ်ထားရသည်အထိ ဖြစ်ပေါ်လာသည်။

ဗဟိုဘဏ်က အမေရိကန် ဒေါ်လာဈေးကို တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်သည် ဆိုသော်လည်း ပြင်ပဈေးကွက်တွင် ဒေါ်လာဝယ်ယူရခက်နေပြီး တစ်ဒေါ်လာ ၂၈၀၀ အထိဈေးပေါက်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ယင်းအပြင် စင်ကာပူမှတင်သွင်းသည့် စက်သုံးဆီဈေးမှာလည်း ပေါက်ဈေးမြင့်မားလာမှုကြောင့် ပြည်တွင်း စက်သုံးဆီဈေးမှာ ဆက်တိုက်တက်လာခြင်း ဖြစ်ကြောင်း ဆီလုပ်ငန်းရှင်များကဆိုသည်။

ဓာတ်ဆီအဓိက သိုလှောင်ဖြန့်ဖြူးရာ ရန်ကုန်မြို့တွင်ပင် မနေ့က (သြဂုတ် ၁၁) ဆီဆိုင်အချို့ ပိတ်သည်ကို တွေ့ရပြီး မန္တလေးနှင့် အခြားမြို့ကြီးများရှိ ဆီဆိုင်အချို့လည်း မနေ့ကပိတ်ထားကြောင်း တွေ့ရသည်။

ယနေ့တွင် ပိတ်ထားသော ဆီဆိုင်အချို့ပြန်ဖွင့်လာသော်လည်း ဓာတ်ဆီဈေးမှာ 92 Ron တစ်လီတာလျှင် ၂၂၄၅ ကျပ်ဖြင့် ရောင်းချနေပြီး လူအများတန်းဆီ ဝယ်ယူနေသည်ကိုလည်း တွေ့မြင်ရသည်။

သြဂုတ်လ ၆ ရက်နေ့တွင် 92 Ron တစ်လီတာ ၁၆၀၀ ကျော်သာရှိပေရာ တစ်ပတ်အတွင်း ဓာတ်ဆီဈေး တစ်လီတာ ၆၀၀ ကျော်ဈေးတက်သွားခြင်းလည်း ဖြစ်သည်။

တောင်ပိုင်းရောက် ဓာတ်ဆီဂယက်

ပြည်တွင်းဈေးကွက်တွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှု ဂယက်မှာ မြန်မာနိုင်ငံ တောင်ပိုင်းဒေသဖြစ်သည့် တနင်္သာရီတိုင်းသို့ ရိုက်ခက်လာပြီဖြစ်သည်။

ထားဝယ်မြို့တွင် ဩဂုတ်လ ၇ ရက်က ရည်ညွှန်းစက်သုံးဆီရောင်ဈေးမှာ ၁၆၆၅ ကျပ်သို့ ကျဆင်းခဲ့သော်လည်း ဩဂုတ်လ ၈ ရက်တွင် ၁၆၈၀ ကျပ်သို့ တက်သွားခဲ့သည်။

ယင်းနေ့မှစပြီး ၁၈၉၀၊ ၁၉၂၅၊ ၂၂၁၀ စသည်ဖြင့် နေ့စဉ်ဈေးတက်လာပြီး ယနေ့ ဩဂုတ်လ ၁၂ ရက် ရည်ညွှန်းဈေးမှာ ၂၃၁၅ ကျပ်ဖြစ်သည်။

ရည်ညွှန်းဈေးတက်လာသည်ဆိုသော်လည်း ဆီဆိုင်ကြီးများတွင် ဆီဝယ်ယူ၍ မရသေးပေ။ သြဂုတ်လ ၁၁ ရက်နေ့မှစတင်ကာ ထားဝယ်မြို့ပေါ်ရှိ ဆီဆိုင်ကြီးများမှာ ဆီမရှိတော့သဖြင့် ပိတ်ထားကြောင်း ကြေညာထားကြသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီက သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့် ရောင်းချသည့် ဆီဆိုင်ကြီးများမှာ မြို့ပေါ်တွင်သာရှိပြီး ကျန်ဒေသများမှာ ဆီဆိုင်ငယ်များမှ ပေါက်ဈေးအတိုင်းပေး၍ ဝယ်ယူရခြင်းဖြစ်သည်။

လက်ရှိပြင်ပဈေးကွက်တွင် ဓာတ်ဆီတစ်လီတာ ၂၇၀၀ ကျပ်အထိ ဈေးပေါက်နေပြီး မြို့နှင့်ဝေးသည့် ဒေသများမှာ ဈေးပိုကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

တနင်္သာရီတိုင်းတွင် မြို့တွင်းပို့ဆောင်ရေးစနစ် မရှိသလို၊ လျှပ်စစ်ဓာတ်အားမှာလည်း မီးစက်များမောင်းပြီး ပေးသည့် ပုဂ္ဂလိကလျှပ်စစ်ကို အားပြုနေရသည်။

ယင်းကြောင့် ဓာတ်ဆီလိုသလောက် ဝယ်ယူမရခြင်းကြောင့် လယ်ယာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ သွားလာရေးနှင့် ကိုယ်ထူကိုယ်ထ မီးစက်ငယ်များမှာ အခက်အခဲများစွာ ကြုံတွေ့နေရသည်။

ထားဝယ်မြို့က ဆီဈေးကွက်

ထားဝယ်မြို့တွင် DDPC ၊ ရနံ့သစ်ကဲ့သို့ ဆီဆိုင်ကြီးများမှာ ရန်ကုန်မှတစ်ဆင့် စက်သုံးဆီတင်သွင်းပြီး သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချကြခြင်းဖြစ်ပြီး လတ်တလောတွင် ယင်းဆိုင်များတွင် စက်သုံးဆီပြတ်လပ်နေကြသည်။

ယင်းစက်သုံးဆီဆိုင်လုပ်ငန်း နှစ်ခုမှာ ရန်ကုန်မြို့ရှိ အဏ္ဏဝါလွှမ်းကုမ္ပဏီမှ စက်သုံးဆီဝယ်ယူပြီး ထားဝယ်ဈေးကွက်တွင် ဖြန့်ဖြူးရောင်းချကြခြင်းဖြစ်သည်။

လတ်တလောတွင် စက်သုံးဆီသယ်ယူရန် ရန်ကုန်မြို့သို့ထွက်ခွာသွားသည့် ဆီ‌သယ်ယာဉ်များမှာ သီလဝါဆိပ်ကမ်းတွင် အခြားဆီသယ်ယာဉ်များသို့ပင် တန်းစီစောင့်ဆိုင်းနေရကြောင်း ရနံ့သစ်ဆီဆိုင် မန်နေဂျာက ပြောသည်။

“ဆီတင်ပြီးရင်တော့ လမ်းမှာတစ်ညပဲကြာမှာဆိုတော့ ဒီနေ့ဆီတင်ပြီးရင် သဘက်ခါလောက်ဆို ရောင်းလို့ရပြီ။ ဒါပေမဲ့ ဒီနေ့အထိ (ဆီသယ်ယာဉ်အပေါ်) ဆီမတင်ရသေးဘူးလို့ကြားရတယ်” ဟု ၎င်းတာဝန်ရှိသူ သြဂုတ်လ ၁၂ ရက်နေ့ကဆိုသည်။

ယင်းကြောင့် ထားဝယ်တွင် အနိမ့်ဆုံးနောက် ၂ ရက်အထိ ဆီပြဿနာ ပြေလည်ဖွယ်မရှိကြောင်း တွေ့ရသည်။

ရန်ကုန်မှ ဆီတင်သွင်းကာ ‌ရောင်းချနေသည့် ဆီဆိုင်ကြီးများ ဆီပြတ်နေ‌သော်လည်း ထိုင်းနိုင်ငံမှ တစ်ဆင့်တင်သွင်းသည့် ဆီကုမ္ပဏီအချို့တွင်တော့ ဆီလက်ကျန် ရှိနေသေးသည်။

လတ်တလောတွင် DDPC နှင့် ရနံ့သစ်တို့မှာ ထားဝယ်မြို့ ကမ်းနားလမ်းမှာရှိသည့်  စက်သုံးဆီကုမ္ပဏီ‌များထံမှ ခွဲတမ်းအဖြစ်ရရှိသည့် ဆီကိုတစ်ဆင့်ဝယ်ယူရောင်းချ နေခြင်းဖြစ်ပြီး DDPC က ဆီကုန်သွား၍ အရောင်းရပ်လိုက်ပြီဖြစ်သည်။

ရနံ့သစ်မှာမူ ခွဲတမ်းဆီလီတာ ၃၀၀၀ ကို အကန့်အသတ်ဖြင့် ရောင်းချပေးနေပြီး ကုန်ပါက ရောင်းချမှု ရပ်နားရမည်ဖြစ်ကြောင်း ပြောဆိုသည်။

ဓာတ်ဆီဗျို့ … ဓာတ်ဆီ

ဆီဆိုင်ကြီးများတွင် ဆီပြတ်နေသော်လည်း ပြင်ပဈေးကွက်တွင်မူ ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်နေသေးသည်။

ပြင်ပဈေးကွက်တွင် ဓာတ်ဆီ တစ်လီတာ ၂၅၀၀ မှ ၂၇၀၀ အထိ ဈေးသတ်မှတ်ရောင်းချ နေကြောင်းတွေ့ရသည်။

ဆိုင်ကြီးများတွင် စက်သုံးဆီ ပြတ်လပ်မှုကြောင့် ရပ်ကွက်များအတွင်း ကားများဖြင့် လှည့်လည်ကာ ဓာတ်ဆီရောင်းချပေးသည့် ဈေးကွက်ပေါ်ပေါက်လာသည်။

ယင်းကားများတွင် ဓာတ်ဆီကို ပေါက်ဈေးဖြင့် လိုသလောက် ဝယ်ယူနိုင်သည်။

ယင်းပြင်ပဈေးကွက်တွင် ရောင်းချနေသည့် ဆီများမှာ ကမ်းနားလမ်းတွင်ရှိသည့် စက်သုံးဆီကုမ္ပဏီများ (ဒေသအခေါ် ထားဝယ်ဆီဘော) ထံမှ ဝယ်ယူရောင်းချနေခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ယင်းကမ်းနားလမ်းမှ စက်သုံးဆီကုမ္ပဏီများမှာ စက်သုံးဆီများကို ထိုင်းနိုင်ငံမှ မြိတ်မြို့ ယင်းမှတစ်ဆင့် ထားဝယ်သို့တင်သွင်း ဖြန့်ဖြူးနေခြင်းဖြစ်သည်။

သို့သော်ကမ်းနားလမ်းမှ စက်သုံးဆီ ကုမ္ပဏီများတွင်လည်း ဆီနည်းလာပြီဖြစ်ကြောင်း ၎င်းတို့ကုမ္ပဏီတွင်လည်း ဆီနည်းပါးလာ၍ အကန့်အသတ်ဖြင့် ထိန်း‌ရောင်းနေကြောင်း ကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးက Dawei Watch ကို ယနေ့ပြောကြားသည်။

“လူတွေက လိုအပ်တာထက် ပိုဝယ်တာရှိချင်ရှိမယ်လေ။ အိမ်မှာသိုထားပြီး ဆီပြတ်တဲ့အချိန်မှာ ထုတ်ဖို့ဆိုတာမျိုးပေါ့။ အဲတာကြောင့် ကျွန်တော်တို့မှာရှိတဲ့ဆီကို မပြတ်သွားအောင် ချိန်ဆပြီး ရောင်းပေးနေရတယ်” ဟု ၎င်းကဆိုသည်။

သို့သော်ကမ်းနားလမ်း ဈေးကွက်တွင် ဆီလက်ကျန်မည်မျှရှိနေသေးပြီး ဈေးကွက်တွင် ဆီမပြတ်ရေး မည်သို့စီစဉ်နေသည် ဆိုသည်တို့ကိုမူ မသိရှိရပေ။

ပြေလည်သွားမှာဟုဆို

ဆီပြတ်လပ်မှုကြောင့် ပြည်သူများ စိုးရိမ်မှု ရှိနေသော်လည်း စစ်ကောင်စီအဖွဲ့၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူကမူ ယခုပြဿနာကို အလေးထားဖြေရှင်းနေပြီး မကြာခင်ပြေလည်သွားမည်ဟု ဆိုသည်။

“(တိုင်း)သယံဇာတဝန်ကြီး ကိုယ်တိုင် နေပြည်တော်သွားပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်။ ဆီသင်္ဘောတွေလည်း အခုသီလဝါဆိပ်ကမ်းကို ရောက်လာပါပြီ။ မနေ့ကလည်း ဆီဆိုင်လုပ်ငန်းရှင်တွေကို ပြောပြီးဆိုပြီးသွားပြီဆိုတော့ သိပ်မကြာပါဘူး အမြန်ဆုံးပြေလည်သွားမှာပါ” ဟု သူကဆိုပါတယ်။

လတ်တလော အခြေအနေကြည့်ပါက ပြေလည်နိုင်ဖွယ်မရှိသေးကြောင်း ဆီလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက သုံးသပ်သည်။

ယခုအခြေအနေကို တွက်ဆကြည့်ပါက ရန်ကုန်မှ စက်သုံးဆီများ ထားဝယ်မရောက်ခင်အထိ ဓာတ်ဆီဝယ်ယူရခက်ခဲနေမည်ဖြစ်ပြီး ဓာတ်ဆီဈေး ဆက်တက်နိုင်ကြောင်း ၎င်းကဆိုသည်။

စက်သုံးဆီပြတ်လပ်မူမှာ ထားဝယ်မြို့ပေါ်တင်သာမက နယ်ကျေးရွာများအထိ ရိုက်ခတ်မူရှိလာနေပြီး‌ ဈေးထပ်တက်ဖွယ်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထားဝယ်-လောင်းလုံး-ရှင်မော် ပြေးဆွဲနေသည့် ကားသမားတစ်ဦးက “ဒီနေ့ ဆီ ၅ ပေပါမှာလိုက်တာ အကုန်လုံးမရလို့ ပိုက်ဆံပြန်လိုက်အမ်းနေရတယ်” ဟုဆိုသည်။

ထားဝယ်တွင် စက်သုံးဆီ သိုလှောင်ကန်မရှိသဖြင့် အရေးပေါ်ဆီပြဿနာတက်ပါက ထုတ်သုံးရန် ဆီမရှိကြောင်း၊ ယခုကဲ့သို့ ဆီပြတ်လပ်မှု ပြဿနာ မကြာခဏကြုံနိုင်ကြောင်း ဆီလုပ်ငန်းရှင်များက သုံးသပ်သည်။

လက်ရှိ ထိုင်းမှတင်သွင်းသည့် လောင်စာဆီဈေးကွက်မှာလည်း ဘတ်-ကျပ် ပေါက်ဈေး အတက်အကျများနေသဖြင့် ဈေးကွက်အပြောင်းအလဲရှိဖြစ်ဖွယ်ရှိနေသည်။

ကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပြီး ယနေ့ ကျပ်-ဘတ်လဲနှုန်းမှာ ထိုင်းငွေတစ်ဘတ်လျှင် ၇၃ ကျပ် (အာဏာမသိမ်းမီ ၂၀၂၁ ဖေဖော်ဝါရီလက ထိုင်းငွေတစ်ဘတ် ၅၄ ကျပ်သာရှိ) အထိ ရောက်ရှိနေပြီဖြစ်သည်။

စစ်ကောင်စီ၏ တိုင်းအစိုးရက ထားဝယ်ဆီပြဿနာ မကြာခင် ပြေလည်သွားမည်ဟု ဆိုသော်လည်း ထားဝယ်မြို့ခံများမှာမူ ဈေးကွက်တွင် ဆီပြတ်လပ်ပြီး ဈေးနှုန်းအဆမတန် မြင့်တက်သွားမည်ကို စိုးရိမ်နေကြသည်။

ပုဂ္ဂလိက ဆီလုပ်ငန်းရှင်တစ်ဦးကမူ စစ်ကောင်စီက ကိုင်တွယ်နေသည့် ပုံစံအတိုင်းဆိုပါက ရေရှည်တွင် ဆီပြတ်လာနိုင်ကြောင်း သုံးသပ်သည်။

ရေရှည်တွင် စက်သုံးဆီပြတ်နိုင်၊ မပြတ်နိုင်ဆိုသည်မှာ စစ်ကောင်စီ၏ စီမံခန့်ခွဲမှုနှင့်သာ သက်ဆိုင်ကြောင်း ၎င်းကပြောဆိုလိုက်သည်။