ပြင်သစ်နိုင်ငံတွင် ဧရာမ တောမီးကြီးလောင်ကျွမ်း၊ မီးသတ်အင်အား ၁၀၀၀ ဖြင့် ငြှိမ်းသတ်နေရ

0
279

ပြင်သစ်နိုင်ငံ အနောက်တောင်ပိုင်း ဘော်ဒိုးဒေသတွင် ဧရာမ တောမီးကြီး လောင်ကျွမ်းလျက်ရှိရာ မီးသတ်အင်အား တစ်ထောင်ကျော်ကို အသုံးပြုကာ ငြှိမ်းသတ်နေရကြောင်း သတင်းများက ဖော်ပြသည်။

အဆိုပါတောမီးသည် အလွန်ကြီးမားသောကြောင့် တောအုပ်နယ်မြေ ဧက တစ်သောင်းခုနှစ်ထောင်သုံးရာ ကို ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

“ဒီတောမီးက သတ္တဝါဆိုး ဘီလူးကြီးလိုပါပဲ” လို့ မီးသတ်ဌာန ကိုယ်စားလှယ် ဂရီဂိုရီအလီယိုနီ က ပြင်သစ်ရေဒီယိုကို ပြောကြားခဲ့သည်။

မီးသတ်တပ်ဖွဲ့က ကြိုးစားငြှိမ်းသတ်လျက်ရှိသော်လည်း လေတိုက်နူန်းမြင့်မားခြင်း၊ အပူချိန်မြင့်မားခြင်းတို့ကြောင့် မီးသတ်လုပ်ငန်းများ ခရီးမတွင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သော ဩစတီးယား၊ ဂျာမနီ၊ ဂရိ၊ ပိုလန် နှင့် ရိုမေးနီးယား မီးသတ်များက လာရောက်ကူညီနေသည်ဟု ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခရွန် က ပြောကြားသည်။ ဥရောပဒေသက တသားတည်း လာရောက်ကူညီသည်ဟု ဆိုသည်။

အပူချိန်မြင့်မားခြင်း၊ မိုးခေါင်ခြင်းတို့ကြောင့် ပြင်သစ်နှင့် ဥရောပနိုင်ငံအများအပြားတွင် တောမီးများလောင်နေပြီး အပူလှိုင်းကြောင့် လူသေဆုံးမှုများပင် ရှိသည်။

စပိန်နှင့် ပေါ်တူဂီနိုင်ငံများတွင် အပူလှိုင်းကြောင့်သေဆုံးသူ (၁၀၀၀)ခန့်ရှိသည်။