ထားဝယ်တွင် စက်သုံးဆီပြတ်လပ်မှုစတင်၊ ယနေ့အကန့်အသတ်ဖြင့်ရောင်းချ

0
379

ထားဝယ်တွင် ဩဂုတ်လ ၁၀ ရက်မှ စတင်ကာ စက်သုံးဆီပြတ်လပ်မှုစတင်ဖြစ်ပေါ်နေပြီး ယနေ့တွင် အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူအချို့နှင့် ထားဝယ်ဒေသခံတို့ကပြောသည်။

မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးရုံးမှ တာဝန်ရှိသူတစ်ဦးနှင့် စက်သုံးဆီဆိုင်ကြီးအချို့မှ တာဝန်ရှိသူအချို့ကမူ သီလဝါဆိပ်ကမ်းမှ သယ်ယူသည့် ဆီတင်ကားများ ကြန့်ကြာနေသဖြင့် ဈေးကွက်တွင်း စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေ၍ အကန့်အသတ်ဖြင့် ‌ရောင်းချရခြင်းဖြစ်သည်ဟု ဆိုသည်။

စက်သုံးဆီတင်သွင်းနေသည့် သီလဝါဆိပ်ကမ်းမှာပင် လိုသလောက်ဝယ်ယူမရဖြစ်နေပြီး တန်းစီနေရသဖြင့် ဈေးကွက်တွင် စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ထားဝယ်မြို့ ကမျောကင်းလမ်းရှိ ဆီဆိုင်ကြီးတစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့တွင်ထားဝယ်မြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး ဆီကျပ်နှစ်ထောင်ဖိုးသာ သတ်မှတ်ရောင်းချပေးပြီး ကားတစ်စီးလျှင် ဆီ ကျပ်တစ်သောင်းဖိုးသာ ခွဲတမ်းဖြင့် သတ်မှတ်ရောင်းချပေးကြောင်း ၎င်းက ပြောသည်။

“မနေ့ကလိုမျိုး ဆီလုံးဝပြတ်သွားမှာစိုးလို့ ကျွန်တော်တို့က ခွဲတမ်းနဲ့ဆီကိုရောင်းချပေးနေတာ၊ အခု ကျွန်တော်တို့ ဆီတိုက်တဲ့ကားတွေဆိုရင်အပေါ်မှာ(သီလဝါမှာ) တစ်ပတ်ကျော်ပြီ ဆီကမရနိုင်ဘူး စောင့်နေရတာ၊ အဲဒါကြောင့်မို့လည်း ဆီပြတ်သွားတာ” ဟုအဆိုပါတာဝန်ရှိသူက ဆိုသည်။

ဆီဆိုင်ကြီးအတော်များများတွင် ယနေ့အထိ စက်သုံးဆီပြတ်လပ်နေခြင်းဖြစ်ပြီး ယင်းဆိုင်ကြီးများတွင် ဆီပြတ်လပ်နေသည်ဟု ဆိုင်းဘုတ်ချိတ်ဆွဲထားသည်ကိုသာ မြင်တွေ့ရကြောင်း ထားဝယ်မြို့ ရှမ်းမလည်ဆွဲရပ်ကွက်မှ သတင်းစာလိုက်ပို့နေသည့် ကိုသန့်ဇင်အောင်က ပြောသည်။

“အခုက မနည်းဒုက္ခဖြစ်တယ်၊ ထားဝယ်အနေအထားက ဆီဆိုင်လိုက်ရှာရင်းနဲ့ ဆိုင်ကယ်ဆီကုန်သွားတယ်”ဟု ကိုသန့်ဇင်အောင်က ဆိုသည်။

DDPC ဆီဆိုင်တွင်လည်း ယနေ့ ၁၂ နာရီခွဲခန့်က ဆီလိုက်ရှာရင်းရောက်ခဲ့ရာ ဆီပြတ်လပ်နေကြောင်း စာချိတ်ဆွဲထားသည်ကို မြင်ရသည်ဟု ၎င်းက ပြောသည်။

ရှမ်းမလည်ဆွဲဆီဆိုင်တွင်လည်း မနက် ၇ နာရီနောက်ပိုင်းတွင် ဆီဝယ်မရတော့ကြောင်း ကိုသန့်ဇင်အောင်က ပြောသည်။

“ရောင်းတဲ့အချိန်မှာလည်း လိုသလောက်မရဘူး၊ ဟိုနေ့ကဆို တစ်ယောက်ကို ငါးထောင်ဖိုးပဲ ရတယ်၊ ဒီနေ့ဆို သုံးထောင်ဖိုးပဲရတယ်” ဟု ကိုသန့်ဇင်အောင်က ဆိုသည်။

ရနံ့သစ်ဆီဆိုင်တွင် ပုံမှန်ဆီဖြည့်နေသည့် လူငယ်အမျိုးသမီးတစ်ဦးကလည်း ယနေ့မနက်ပိုင်း ဆီဖြည့်ရန်သွားစဉ် ဆီပြတ်လပ်နေသည်ဆိုသည့် စာပြားချိတ်ဆွဲထားသည်ကိုသာ မြင်တွေ့ရသဖြင့် လမ်းဘေးဆိုင်တစ်ဆိုင်မှ ဓာတ်ဆီ လီတာဝက်ကို ဝယ်ဖြည့်ခဲ့ရသည်ဟု ဆိုသည်။

အဆိုပါ လူငယ်အမျိုးသမီးမှာ ထားဝယ်မြို့မှ ပင်လယ်စာများကို Online ကရောင်းချကာ ပို့ဆောင်ပေးနေသူဖြစ်သည်။

ဩဂုတ်လ ၁၁ ရက်က 92 Ron တလီတာလျှင် ၂၂၁၀ ကျပ်၊ 95 Ron တစ်လီတာ ၂၂၈၀ ကျပ်ဖြစ်ပြီး ပရီမီရမ်မှာ ၂၅၈၀ ကျပ်ရှိကြောင်း ဆိုင်ကြီးအချို့က ပြောဆိုသော်လည်း ပန့်ဆိုင်များနှင့် ဆိုင်ငယ်များတွင် တလီတာ ၂၄၀၀ ကျပ်အထိပေးဝယ်ရကြောင်း ဒေသခံအချို့က ပြောသည်။