စစ်ကောင်စီ ပေးသည့်ဖိုင်ဘာလှေ ‌ရေမလုံ၍ ဆလုံလူမျိုးများ မသုံးကြဟုဆို

0
837
ဆလုံလူမျိုးတို့သုံးသည့် ရိုးရာသစ်ထွင်းလှေနှင့် စစ်ကောင်စီမှ ပေးအပ်သည့် ဖိုင်ဘာလှေ

စစ်ကောင်စီက လာရောက်ပေးအပ်ခဲ့သည့် ဖိုင်ဘာလှေများမှာ ရေမလုံ၍ မော်ကင်း ခေါ် ဆလုံလူမျိုးများ အသုံးမပြုကြကြောင်း ဒေသခံများထံမှ သိရသည်။

ကော့သောင်းခရိုင်အတွင်း နေထိုင်နေကြသည့် ဆလုံလူမျိုးများအား ပြီးခဲ့သည့် ဧပြီလမှစတင်ကာ မိသားစုတစ်စုလျှင် လှေတစ်စီးနှုန်းဖြင့် ငါးဖမ်းပိုက် သုံးဖုံစီပေးအပ်ခဲ့ပြီး လက်ရှိတွင် အသုံးပြုသူမရှိသေးကြောင်း ဒေသခံများက ပြောသည်။

“တစ်ယောက်မှ သုံးတာမတွေ့ရဘူး။ အသုံပြုဖို့အတွက် ဟန်ချက်မညီဘူးလို့ ထင်တယ်” ဟု ကော့သောင်းမြို့နယ်၊ မကြုံဂလက်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လှေမှာ အလျား ၇ ပေကျော်ရှိပြီး ပါးလွန်းသည့်အတွက် ရေလုံမှုမရှိဘဲ ရေစိမ့်ဝင်ခြင်း၊ အက်ကွဲခြင်း စသည်တို့ကြောင့် အသုံးမပြုကြခြင်းဖြစ်သည်ဟု သိရကြောင်း ဘုတ်ပြင်းမြို့နယ်၊ အလယ်မန်ကျေးရွာနေ ရေလုပ်သားတစ်ဦးက ပြောပြသည်။

“ရေထဲချတော့ ရေစိမ့်ဝင်တယ်။ စီးလို့မရဘူးလို့ ဆလုံတွေက ပြောကြတယ်။ လငန်းရွာမှာဆို အစီးရေ ငါးဆယ်လောက်ရှိတယ်။ တစ်ယောက်မှ မသုံးကြဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီက မော်ကင်း ခေါ် ဆလုံလူမျိုးများနေထိုင်သည့် ကျေးရွာများသို့ သွားရောက်ပြီး ငါးနှင့်ကင်းမွန်ဖမ်းရာတွင် အသုံးပြုရန် အဆိုပါလှေများအား လိုက်လံပေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ဆလုံတွေက သူတို့ထွင်းတဲ့ သစ်လုံးလှေပဲ သူတို့ကြိုက်ကြတယ်။ သူတို့လှော်ခတ် အလုပ်လုပ်ဖို့လည်း အဆင်ပြေကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

ဆလုံလူမျိုးများသည် အလျား ၆ ပေခန့်နှင့် အကျယ် ၂ ပေခွဲမှ ၃ ပေခန့်ရှိ သစ်ထွင်းလှေငယ်များကို ကိုယ်တိုင် ပြုလုပ်ကြပြီး ယင်းလှေဖြင့် ကျွန်းအနီးတစ်ဝိုက် ကင်းမွန်မျှားခြင်း၊ ငါးထိုးခြင်း၊ ကျောက်ပိုး ကောက်ခြင်း၊ သံပခြုပ်ငုတ်ခြင်း လုပ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

သစ်ထွင်းလှေအား လှော်ခတ်ရာတွင်လည်း လက်နှစ်ဖက်စလုံး ရေထဲချကာ ပလပ်စတစ် အမာကော်ပြားနှစ်ခုကို လှော်တက်သဖွယ်အသုံးပြုကာ လှော်ခတ်ကြသည်။

အလားတူ လှေနှင့်အတူ လာရောက်ပေးအပ်သည့် ပိုက်များသည်လည်း အထက်ဗော၊ အောက်ခြေစည် မပါသည့်အတွက် အသုံးပြုရန် အခက်တွေ့နေကြောင်း ဒေသခံများက ဆိုသည်။

“ပိုက်အသုံးပြုဖို့ စည်တွေ တပ်ရဦးမယ်။ အဲဒီအတွက် ခဲသီးဖိုးက တစ်သိန်းကျော်လောက်လိုတယ်။ ဆလုံတွေမှာက ဒီကြေးပြား (ပိုက်ဆံ) ဘယ်နားသွားရှာမလဲ။ အခက်တွေ့နေကြတာပေါ့” ဟု ဆလုံလူမျိုးများနှင့် တစ်ရွာတည်း နေထိုင်သူဒေသခံတစ်ဦးက ပြောသည်။

၂၀၁၉ စက်တင်ဘာလက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက ဆလုံလူမျိုးများအတွက် သစ်ထွင်းလှေ ၃၄ စီး၊ အသက်ကယ်အင်္ကျီ ၅၁ ထည်၊ ရေငုပ်မျက်မှန် ၅၃ ခု၊ ကင်းမွန်ငါးမျှားချိတ်များနှင့် မိုးကာအင်္ကျီများ ပေးအပ်ခဲ့သေးသည်။

အသက်ကယ်အင်္ကျီများကိုမူ ဆလုံလူမျိုးများက ဝတ်ဆင် အသုံးပြုခြင်း မရှိကြချေ။

“ဆလုံတွေအတွက်က ဆန်ဆီရိက္ခာ ဒါပဲအသုံးဝင်တယ်။ အဝတ်အစားတောင် သူတို့အတွက် သိပ်အသုံးမဝင်ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် နှစ်ကလည်း စစ်ကောင်စီက ဆလုံလူမျိုး အိမ်ထောင်စုတစ်စုလျှင် ၂၄ ပြည်ဝင် ဆန် ၂ အိတ်နှင့် ကင်းမွန် ဖမ်းရာတွင် အသုံးပြုသည့် ငါးမျှားဂျိတ်များ ထောက်ပံ့ခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ဆလုံလူမျိုးများသည် ကော့သောင်းနှင့် မြိတ်ခရိုင်တို့၌ နေထိုင်နေကြပြီး ၎င်းတို့နေထိုင်သည့် ကျေးရွာ တစ်ဆယ် ကျော်ရှိကာ လူဉီးရေ တစ်ထောင့်ခုနှစ်ရာကျော် ရှိကြောင်း ဆလုံလူမျိုးအရေးလေ့လာသူများထံမှ သိရသည်။